spot_img
Saturday, April 20, 2024
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့သည့် ရွေးကောက်ပွဲ နှင့် သက်ဆိုင်သည့် သတင်းမှတ်တမ်းများ

    မွန်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့သည့် ရွေးကောက်ပွဲ နှင့် သက်ဆိုင်သည့် သတင်းမှတ်တမ်းများ

    -

    အောက်တိုဘာလ ၁၇ ရက်နေ့။    ။ မွန်ပြည်သစ်ပါတီက ဒေသခံများကို မဲမထည့်ရန် ရှင်းလင်းမှာကြား

    မော်လမြိုင်ခရိုင်ရှိ မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်မှ အရာရှိများက ဒေသခံ မွန်ပြည်သူများနှင့် မွန်အဖွဲ့အစည်းများကို မုဒုံမြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေးနယ်မြေအတွင်း တွေ့ဆုံပြီး ရွေးကောက်ပွဲတွင် မဲမထည့်ပဲ နေနိုင်ကြောင်းနှင့် မဖြစ်မနေ မဲထည့်ရပါက ကြက်ခြေခတ် ခြစ်ကြရန် ရှင်းလင်းမှာကြားသည်။

    အောက်တိုဘာလ ၂၆ ရက်နေ့။    ။ မွန်ပါတီအား ကူညီသူ ရွာသားတစ်ဦး အရိုက်ခံရ

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ရေးမြို့နယ်တောင်ပိုင်း မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွင် ပါဝင်ကူညီခဲ့သူ ဒေသခံ ရွာသားတစ်ဦး ရယကဥက္ကဌ၏ ရိုက်နှက်ခြင်းကို ခံရပြီး ရေးမြို့ ပြည်သူ့ဆေးရုံသို့ အတွင်းလူနာအဖြစ် တက်ရောက်ကုသမှု ခံနေရကြောင်း ဆွေမျိုးသားချင်းတစ်ဦးက ပြောသည်။

    အရိုက်ခံရသူမှာ အသက် (၄၈) နှစ် အရွယ်ရှိ ယင်းဒိန်ရွာသား နိုင်ဘရှင် ဖြစ်ပြီး အောက်တိုဘာလ (၂၆) ရက် ည (၁၂) နာရီခန့်တွင် ကျေးရွာ ရယကဥက္ကဌ နိုင်ဘညွန့် နှင့် ကျေးရွာပြည်သူ့စစ်တို့၏ ရိုက်နှက်ခြင်းကို ခံရသည်။

    အောက်တိုဘာလ ၃၁ ရက်နေ့။    ။ ရေးမြို့နယ်တွင် ဒုတိယအကြိမ် ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြ

    မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲရှိ ကလို့တုတ်ရွာတွင် ရွေးကောက်ပွဲ ဆန့်ကျင်သည့် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပြီး မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ဆန့်ကျင်သည့် ဒုတိယအကြိမ် ဆန္ဒပြခြင်း ဖြစ်သည်။

    ဆန္ဒပြပွဲတွင် ၎င်းမြို့နယ်ခွဲရှိ ကရင်တိုင်းရင်းသား ကျေးရွာပေါင်း (၁၀) ရွာမှ ရွာသူရွာသားများ၊ ပညာရေး ကျန်းမာရေး ဝန်ထမ်းများနှင့် ကျောင်းသူကျောင်းသားများ အင်အား (၅၀၀) ကျော် တက်ရောက်ကြပြီး နံနက် (၇) နာရီခွဲမှ (၉) နာရီခွဲထိ ဆန္ဒပြခဲ့ကြသည်။

    အောက်တိုဘာလ (၂၅) ရက်နေ့တွင်လည်း မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာကျေးရွာ အထက်ပိုင်းတွင် ပထမအကြိမ် ရွေးကောက်ပွဲ ဆန့်ကျင်သည့် ဆန္ဒပြပွဲ ပြုလုပ်ခဲ့သည်။

    နိုဝင်ဘာလ ၂ ရက်နေ့။    ။ ကြံ့ဖွံ့ပါတီကို မဲထည့်ပေးသူစာရင်းကို လိုက်လံကောက်

    မွန်ပြည်နယ် မုဒုံမြို့နယ် ပြည်နယ်လွှတ်တော် (၁) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကြံ့ဖွံ့ပါတီမှ ဗိုလ်ချုပ်အုန်းမြင့်က ၄င်းတို့ပါတီအား မဲထည့်ပေးမည့် သူများ၏စာရင်းကို ကောက်ယူရန် ညွန်ကြားထားသည်။

    မုဒုံမြို့နယ်ရှိ တာပသွန်ကျေးရွာ၊ နိုင်ပြိုင်ကျေးရွာ၊ ကော့ခပုံ၊ ကွေ့ဝမ်း၊ ကမာဝက်၊ ကလော့သော့၊ ဒိုးမားနှင့် ကွမ်လှာကျေးရွာများတွင် ကောက်ယူခဲ့ပြီး မဲပေးနိုင်သူဦးရေ၏ ထက်ဝက်ကျော်ကို ကောက်ခံရရှိထားကြောင်း ပါတီဝင်တစ်ဦးက ပြောသည်။

    နိုဝင်ဘာလ ၃ ရက်နေ့။    ။ ရွေးကောက်ပွဲ နီး၍ နယ်စပ်တွင် လုံခြုံရေး တင်းကျပ်

    ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းသာ ကျန်ရှိနေသည့် အချိန်တွင် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နှင့် မြဝတီမြို့များတွင် လုံခြုံရေး တင်းကျပ်ချထားကြောင်း ဒေသခံများက ပြောသည်။

    လုံခြုံရေးတွင် စစ်သားများ၊ ပြည်သူ့စစ်များ၊ ရယကအဖွဲ့ဝင်များနှင့် အခြားသော အာဏာပိုင် အဖွဲ့အစည်းများလည်း ပါဝင်ကြောင်း သိရသည်။

    နိုဝင်ဘာလ ၃ ရက်နေ့။    ။ အခြားဒေသထက် စောပြီး နယ်စပ်တွင် ကြိုတင်မဲ ထည့်

    ကရင်ပြည်နယ် ဘုရာသုံးဆူမြို့နယ်အတွင်းရှိ  မဲရုံမှူးများ၊ မဲကော်မရှင်များ၊ ရွေးကောက်ပွဲကော်မရှင်များနှင့် ဝန်ထမ်းများအားလုံး ယနေ့နံနက် (၁၀) နာရီမှ ညနေ (၂) နာရီထိ  ကြိုတင်မဲ ထည့်ကြရသည်။

    နယ်စပ်ဒေသဖြစ်သော ဘုရားသုံးဆူမြို့သည် ဝေးလံပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော မဲဆန္ဒနယ်မြေ ဖြစ်သည့်အတွက် ကြိုတင်မဲ ထည့်မည့် သတ်မှတ်ရက်ထက် (၂) ရက်စောကာ ပြုလုပ်ရခြင်း ဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

    နိုဝင်ဘာလ ၃ ရက်နေ့။    ။ မဲရုံအတွက် ကျေးရွာသားများထံ ငွေကြေးကောက်ခံ

    မွန်ပြည်နယ် မုဒုံမြို့နယ်နှင့် ရေးမြို့နယ်တို့တွင် မဲရုံဆောက်လုပ်ရန်နှင့် မဲရုံအတွက် လိုအပ်သည်များကို ဝယ်ယူရန် ကျေးရွာဥက္ကဌများက တစ်အိမ် တစ်ထောင်ကျပ်နှုန်း ကောက်ခံနေသည်ဟု ဒေသခံများက ပြောသည်။

    မဲရုံအတွင်း လိုအပ်သည့် စာရေးခုံ၊ ထိုင်ခုံနှင့် လျှို့ဝှက်မဲ ပေးရန်နေရာအတွက် လိုက်ကာများ စသည့်အသုံးဆောင်ပစ္စည်းများကို ဝယ်ယူရန်အတွက် ကျေးရွာသားများထံ ငွေကြေးကောက်ခံရခြင်း ဖြစ်ကြောင်း မုဒုံမြို့နယ်တောင်ပိုင်း ကျေးရွာတစ်ရွာရှိ ဥက္ကဌနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    နိုဝင်ဘာလ ၅ ရက်နေ့။    ။ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က မွန်ပါတီ ကိုယ်စားလှယ်လောင်းများအား မွန်ဝတ်စုံ ဝတ်ဆင်ခွင့် မပြု

    ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က မယကဥက္ကဌ မှတဆင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲရက်တွင် မွန်ဝတ်စုံမဝတ်ဆင်ရန် တားဆီးစေခဲ့သည်။

    နိုဝင်ဘာလ ၆ ရက်နေ့။    ။ ရွေးကောက်ပွဲ အကြို ရေးမြို့နယ်တွင် ဗုံးဆက်တိုက် ပေါက်ကွဲ

    ရွေးကောက်ပွဲ အကြို နိုဝင်ဘာလ (၂) ရက်နေ့မှ (၄) ရက်နေ့အတွင်း မွန်ပြည်နယ် ရေးမြို့နယ်တွင် ဗုံး (၃) နေရာထက်မနည်း ပေါက်ကွဲခဲ့သည်။

    နိုဝင်ဘာလ (၂) ရက် နံနက် (၁၂း၄၅) မိနစ် အချိန်တွင် ရေးမြို့ အရှေ့ဖက် (၁၂) မိုင်အကွာ ကျောင်းရွာကျေးရွာ၌ လည်းကောင်း။ ၎င်းရက် ည (၇) နာရီခွဲခန့် အချိန်တွင် ရေးမြို့ မြောက်ဖက် (၂၅) မိုင်အကွာ လမိုင်းမြို့နယ်ခွဲ လိမ္မော်ခြံ ရွာအနီးတွင် လည်းကောင်း၊ နိုဝင်ဘာလ (၄) ရက် ည (၁၀) နာရီ အချိန်တွင် ရေးမြို့ ပြည်သူ့ရဲစခန်း ရှေ့တွင် လည်းကောင်း အသီးသီး ပေါက်ကွဲခဲ့ကြသည်။

    နိုဝင်ဘာလ ၆ ရက်နေ့။    ။ ရွေးကောက်ရက် လုံခြုံရေး ပိုချထား

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရွေးကောက်ပွဲကို နှောက်ယှက်ဖျက်ဆီးခြင်းမှ ကာကွယ်ရန်အတွက် စစ်တပ်မှ နေ့ရော ညပါ လုံခြုံရေး ပိုမိုချထားသည်။

    နိုဝင်ဘာလ ၆ ရက်နေ့။    ။ ရွေးကောက်ပွဲကို မနှောင့်ယှက်ရန် ကေအန်ယူ ငွေတောင်း

    ရွေးကောက်ပွဲကို နှောင့်ယှက်ခြင်း မပြုလုပ်စေလိုပါက ထိုင်းဘတ်ငွေ (၁၀) သိန်း ပေးရန် ကေအန်ယူက ဘုရားသုံးဆူမြို့ရှိ နယ်ခြားစောင့်တပ် ကော်မတီ ကို တောင်းခံထားသည်ဟု ထိုကော်မတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ (၆) တပ်ရင်း (၁၆) က ထိုငွေများကို တောင်းခံထားပြီး ဘုရားသုံးဆူမြို့ရှိ ဒေသဖွံ့ဖြိုးရေး ကော်မတီဝင်များ နှင့် ရယက အဖွဲ့ဝင်များက ထိုတပ်ရင်းနှင့် သွားရောက် ညှိနှိုင်းနေကြကြောင်း သုံးဆူမြို့မှ ရယက အဖွဲ့ဝင်တစ်ဦးက ပြောသည်။

    နိုဝင်ဘာလ ၆ ရက်နေ့။    ။ ကြံ့ဖွံ့ကိုယ်တိုင် ကြိုတင်မဲကောက်

    မွန်ပြည်နယ် မုဒုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ရှိ ကျေးရွာများတွင် လူနာများနှင့် သက်ကြီးရွယ်အိုများထံ ကြိုတင်မဲ လိုက်လံကောက်ခံချိန်တွင် ကြံ့ဖွံ့ပါတီဝင်များက ကိုယ်တိုင် မဲခြစ်ယူခဲ့သည်ဟု ဒေသခံများက ပြောသည်။

    နိုဝင်ဘာလ ၆ ရက်နေ့။    ။ ရွေးကောက်ပွဲကာလ ဖုန်းလိုင်းဖြတ်

    မွန်ပြည်နယ်ရှိ မြို့နယ်များတွင် နိုဝင်ဘာလ (၆) ရက် ညနေ (၃) နာရီမှ စ၍ ဖုန်းလိုင်းများအားလုံး ဖြတ်တောက််ထားရမည်ဟု စရဖ (စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့) မှ ညွှန်ကြားထားသည်။

    ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်းများ ပြည်ပသတင်းဌာနများသို့ ပျံ့နှံ့မသွားစေရန်အတွက် ပြည်တွင်းဖုန်းလိုင်းများနှင့် ထိုင်းကောလက် ဖုန်းများအားလုံးကို ပိတ်ထားခြင်း ဖြစ်သည်ဟု မုဒုံမြို့နယ်ရှိ ထိုင်းကောလက်ဖုန်းပိုင်ရှင်တစ်ဦးက ပြောသည်။

    နိုဝင်ဘာလ ၇ ရက်နေ့။    ။ မဲပေးသူများ၏ ကိုယ်ရေး အချက်အလက် မှတ်တမ်းတင်ခံရ

    ဆန္ဒမဲ ပေးသူများ၏ မဲပြားများတွင် ၄င်းတို့၏ မဲအမှတ်စဉ် နံပါတ်များကို မဲရုံဝန်ထမ်းများက ရေးမှတ်ထားသည့်အတွက် သူတို့၏ ကိုယ်ရေး အချက်အလက်များ မှတ်တမ်းတင် ခံနေရကြောင်း မွန်ပြည်နယ် မုဒုံမြို့နယ်မှ မဲဆန္ဒရှင်များက ပြောသည်။

    မဲပြားတွင် မဲအမှတ်စဉ်ကို ရေးမှတ်ထားသည့်အတွက် မည်သူက မည်သည့်ပါတီကို မဲထည့်ခဲ့သည်ကို သိရှိနိုင်ပြီး လွတ်လပ်စွာ ဆန္ဒမဲပေးခြင်း မဖြစ်နိုင်ကြောင်း သူတို့က ပြောသည်။

    မဲကော်မရှင်၏ မှတ်တမ်းစာအုပ်တွင်  မဲအမှတ်စဉ်နှင့်တကွ မှတ်ပုံတင်အမှတ် အပါအဝင် ကိုယ်ပိုင်အချက်အလက်များကို မှတ်တမ်းတင်ထားသည်။

    နိုဝင်ဘာလ ၇ ရက်နေ့။    ။ မဲလက်မှတ်များတွင် မဲရုံမှူး လက်မှတ် မထိုး

    ယနေ့ ရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးခဲ့ကြသည့် မွန်ပြည်နယ် အချို့မြို့နယ်ရှိ မဲဆန္ဒရှင်များ၏ မဲပြားများတွင် မဲရုံမှူးများက လက်မှတ် ထိုးမပေးသည့်အတွက် ပယ်မဲများ ဖြစ်ခဲ့ရသည်ဟု ဆန္ဒမဲ ပေးသူများက ပြောသည်။ အထူးသဖြင့် သံဖြူဇရပ်မြို့နယ်ရှိ မဲဆန္ဒနယ်များတွင် ထိုကဲ့သို့ ဖြစ်ပွားခဲ့သည်။

    နိုဝင်ဘာလ ၇ ရက်နေ့။    ။ သုံးဆူတွင် တိုင်းရင်းသားရေးရာ ကိုယ်စားလှယ် မဲပေးခွင့် မရသူ များပြား

    ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ရှိ မဲဆန္ဒရှင်များ၏ မဲအမှတ်စဉ်တွင် မျိုးနွယ်စုအမည် ဖော်ပြပေးထားခြင်း မရှိသည့်အတွက် လူမျိုးစုလွှတ်တော် ကိုယ်စားလှယ် ရွေးချယ်ခွင့် မရသူ များပြားကြောင်း မဲဆန္ဒရှင်များက ပြောသည်။

    နိုဝင်ဘာလ ၇ ရက်နေ့။    ။ ရွေးကောက်ပွဲကာလ ကျောင်းသူ/သားများအား နေရပ်ပြန်ခိုင်း

    ရွေးကောက်ပွဲ ပြုလုပ်နေစဉ်အတွင်း အဝေးသင် တက္ကသိုလ်ကျောင်းသူ/သားများ စုရုံးဆန္ဒပြလာမည်ကို အာဏာပိုင်တို့က စိုးရိမ်သည့်အတွက် မော်လမြိုင် တက္ကသိုလ် နှင့် ဘားအံ တက္ကသိုလ်မှ  ကျောင်းသူ/သားများအား နေရပ်သို့ ပြန်ခိုင်းထားကြသည်။

    နိုဝင်ဘာလ ၇ ရက်နေ့။    ။ သံဖြူဇရပ်မြို့နယ်တွင် မဲပေးသူ အလွန်နည်း

    သံဖြူဇရပ်မြို့နယ်တွင် ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးကြသူ အလွန်နည်းပါးကြောင်း လွတ်လပ်သော မွန်သတင်းအေဂျင်စီမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများက ပြောသည်။

    သံဖြူဇရပ်မြို့နယ်ရှိ မဲရုံများတွင် လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားခြင်း မရှိဘဲ လွတ်လပ်စွာ မဲပေးခွင့် ရသော်လည်း မဲထည့်သူ မရှိသလောက် နည်းပါးပြီး မွန်းတည့်ချိန်ထိ ရာဂဏန်းမျှသာ လာရောက် မဲထည့်ကြသည်ဟု သူတို့က ပြောသည်။

    နိုဝင်ဘာလ ၇ ရက်နေ့။    ။ လျှို့ဝှက်မဲပေးခန်း လုံခြုံမှု မရှိ

    မွန်ပြည်နယ်ရှိ အချို့မြို့နယ်များတွင် လျှို့ဝှက်ဆန္ဒမဲပြုရန် မဲခြစ်ခန်းများကို ကာဆီးထားခြင်း မရှိသည့်အတွက် လုံခြုံမှု မရှိကြောင်း မဲပေးသူများက ပြောသည်။

    မွန်ပြည်နယ် မုဒုံမြို့နယ် နှင့် မော်လမြိုင်မြို့နယ်များရှိ အချို့မဲရုံများတွင် ထိုကဲ့သို့ ကာဆီးထားခြင်း မရှိကြောင်း သိရသည်။

    နိုဝင်ဘာလ ၇ ရက်နေ့။    ။ မဲဆန္ဒရှင်များကို မဲထည့်ခွင့် မပြု

    မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ကမာဝက်ကျေးရွာ တစ်ရွာလုံးတွင် မဲပေးပိုင်ခွင့် ရှိသူ (၂၅၀၀) ကျော် ရှိသည့်အနက် (၁၀၀၀) ကျော်သာ မဲထည့်ခွင့် ရခဲ့ကြောင်း၊ ကျန်သည့် မဲဆန္ဒရှင်များ၏ မဲများကို မဲရုံတာဝန်ရှိသူများ ကိုယ်တိုင် ကြံ့ဖွံ့ပါတီအတွက် ခြစ်ပေးခဲ့သည်ဟု ရွာခံများက ပြောသည်။

    မုဒုံမြို့နယ် ကြုံဖိုက်ကျေးရွာတွင်လည်း ကြံ့ဖွံ့အဖွဲ့ဝင်  အယောက် (၅၀) ခန့်က တန်းစီပြီး မဲထည့်သူများ၏ မဲပြားတွင် ကြံ့ဖွံ့ပါတီအား ခြစ်ပေးနေသည့်အတွက် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက မဲကော်မရှင်အား တိုင်ကြားခဲ့သည်။

    အလားတူ မော်လမြိုင်မြို့ စာရေးကြီးကုန်းရပ်ကွက်နှင့် မြိုင်သာယာရပ်ကွက်များတွင်လည်း မဲဆန္ဒရှင်များအားလုံး မဲပေးခွင့် မရှိကြောင်း မဲဆန္ဒရှင်များမှ သိရသည်။

    နိုဝင်ဘာလ ၇ ရက်နေ့။    ။ ကြံ့ဖွံ့ပါတီ မဲညစ်

    ယနေ့ ရွေးကောက်ပွဲ မဲပေးရာတွင် မွန်ပြည်နယ် မြို့နယ်အသီးသီးရှိ မဲဆန္ဒနယ် အတော်များများ၌ ကြံ့ဖွံ့ပါတီ မဲအနိုင်ရရှိရေးအတွက် မဲမသမာမှုများကို ပြုလုပ်ခဲ့ကြောင်း မဲဆန္ဒရှင်များနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ပြောသည်။

    မုဒုံမြို့နယ် နှင့် ချောင်းဆုံမြို့နယ်များ၌ မဲမသမာမှုများကို ပြုလုပ်ခဲ့ခြင်းကြောင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီက ကန့်ကွက်ပြောဆိုခဲ့သည်။

    မုဒုံမြို့နယ်ရှိ ကျုံဖိုက်ကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ ပိုင်ကမာကျေးရွာ၊ ကော့ပရံ၊ ကတုံးပေါ်၊ ဘလောက် ညောင်ဝိုင်းကျေးရွာတို့တွင် မဲရုံတာဝန်ရှိသူများ ကိုယ်တိုင် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်လောင်းအတွက် မဲခြစ်ပေးသည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ပါတီဝင်များက ပြောသည်။

    ထို့အတူ ချောင်းဆုံမြို့နယ် မုဒွန်းရွာ မဲဆန္ဒနယ် အမှတ် (၁) တွင်လည်း မဲရုံမှူးကိုယ်တိုင် မဲဆန္ဒရှင်များအား ကြံ့ဖွံ့ပါတီကို မဲပေးနိုင်ရန် လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

    ရေးမြို့နယ် နှင့် ကျိုက်မရောမြို့နယ်ရှိ ကျေးရွာအချို့တွင်လည်း အလားတူ လုပ်ဆောင်ခဲ့ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ ဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts