spot_img
Friday, March 29, 2024
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်ကြံ့ဖွံ့တွေ ညစ်ပတ်လို့ ကျနော်တို့ ပေးလိုက်ရတာ ရှိတယ်

    ကြံ့ဖွံ့တွေ ညစ်ပတ်လို့ ကျနော်တို့ ပေးလိုက်ရတာ ရှိတယ်

    -

    နိုင်ငွေသိန်း (ဥက္ကဌ-မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ)
    ဒီရွေးကောက်ပွဲမှာ ဘယ်လောက်နိုင်မလဲ ဆိုတာ ကျနော်တို့ မသိရသေးဘူး၊ ကျနော်တို့ တွက်ထားတာက အများကြီး နိုင်ဖို့ ရှိတယ်။ (၂၂) နေရာလောက်ကို မှန်းထားတယ်။ ဒါပေမဲ့ ညစ်ပတ်တာတွေ အများကြီး ရှိတယ်။ ရွေးကောက်ပွဲနေ့မှာလည်း ကြံ့ဖွံ့တွေက တအားညစ်ပတ်တယ်။ ဘယ်လိုညစ်ပတ်လဲ ဆိုရင် မဲမထည့်ခင် ကျေးရွာရယကတွေက ခြင်္သေ့ပုံပါတဲ့ ကြံ့ဖွံ့တံဆိပ်တွေကို လိုက်ဝေတယ်။ ရယက ရာအိမ်မှူး ဆယ်အိမ်မှူး သူတို့ကိုယ်တိုင် လိုက်ဝေတယ်။ လိုက်ဝေပြီးရင် ဒီခြင်္သေ့ကွက်မှာ အမှန်ခြစ်ပေးဖို့၊ မခြစ်ပေးဘူးဆိုရင် ခင်ဗျားတို့ အရေးယူခံရမယ်လို့ အဲဒီလို ခြိမ်းခြောက်တယ်။

    ဒါကို ကျနော်တို့ ကြားပြီးတော့ ကျနော်ကိုယ်တိုင် ရွာတွေကို ဆင်းပြီး ပြည်သူတွေကို ရှင်းပြတယ်။ အထူးသဖြင့် ကျနော်တို့ မွန်ရွာတွေက ပြည်သူတွေဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နားမလည်ကြဘူး။ အမှန်မှာဆို ကျနော်တို့ မွန်ရွာတွေထဲက ရယကတွေဟာ ကြံ့ဖွံ့ကို ကြောက်နေရလို့ သူတို့လုပ်ခိုင်းတဲ့အတိုင်း လိုက်လုပ်နေရတယ်။ တကယ်လို့ ကျနော်တို့က မီဒီယာတွေမှာ တင်ပြမယ်ဆိုရင် သူတို့အတွက် နစ်နာဖို့ ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ မလုပ်ဘူး။ မလုပ်ရက်ဘူး။

    နောက်တစ်ခုက ကြံ့ဖွံ့တွေဟာ မဲရုံဧရိယာအတွင်းကို ဝင်လာပြီးတော့ ဒီလိုလုပ်၊ ဒီမှာမဲထည့်လို့ မဲပေးတဲ့လူတွေကို ပြောတယ်။ လုပ်ပြတယ်။ ဒါပေမဲ့ မဲရုံမှူးတွေက ကြံ့ဖွံ့တွေကို မပြောရဲဘူး။ အဲဒီလို လုပ်ပြီး မဲရသွားတာလည်း ရှိတယ်။ ကျနော်တို့ မရောက်ခင် အထိပေါ့။ ကျနော်ရောက်တော့ ဒီလိုလုပ်နေတာကို ကျနော် ကန့်ကွက်တယ်။ တချိန်က ကျနော်ဟာ အဲဒီနယ်ဘက်မှာ ကျောင်းအုပ် ဖြစ်ခဲ့ဘူးတော့ အားလုံးလိုလိုက ကျနော့်ကို သိကြတယ်။

    ကျနော်က မဲရုံမှူးတွေကို ပြောတယ်။ မဲရုံအတွင်းရေးမှူး ဆိုတာ လုပ်ပိုင်ခွင့် အပြည့်ရှိတယ်။ ခင်ဗျားတို့ မဲရုံမှူးဆိုတာ ဘာတွေ ဖြစ်နေတယ်၊ ဘာတွေ လုပ်နေတယ် ဆိုတာ ခင်ဗျားတို့ စစ်ဆေး၊ ခင်ဗျားတို့ လေ့လာ၊ မမှန်တာကို မလုပ်နဲ့၊ ခင်ဗျားတို့ ဒီလိုလုပ်ရင် ခင်ဗျားတို့မှာ အပြစ်ရှိတယ်။ ကျနော်က အဲဒီလိုပဲ ပြောလိုက်တယ်။ မဲရုံမှူးတွေကလည်း ကျနော်ကို အရင်က ကျောင်းအုပ်အရှိန်နဲ့ ရှိန်နေတာပေါ့။

    ကော်မရှင်ဆိုတာ ဒိုင်လူကြီးပဲ။ သမာသမတ် ရှိရမယ်။ ကြားနေရမယ်။ ဒါပေမဲ့ အဲလိုမဟုတ်ဘူး။ အထက်က ကြံ့ဖွံ့တွေ ညွှန်ကြားထားတဲ့အတိုင်း သူတို့ လိုက်လုပ်နေရတယ်။ ဘာလဲဆိုရင် ဒီနေ့ဟာ အာဏာရှင်တွေ အုပ်ချုပ်နေတယ်။ ကျနော်တို့က ဒါကို အတတ်နိုင်ဆုံး ဆန့်ကျင်တယ်။

    မော်လမြိုင်မှာဆိုရင်လည်း မဲထည့်ပြီးလို့ မဲပုံးမှာ မဲရေတော့ ကျနော်တို့အားလုံး နိုင်တယ်။ ဒါပေမဲ့ ကြိုတင်မဲတော့ ကျနော်တို့ ရှုံးတယ်။ ကြိုတင်မဲက ထောင်နဲ့ ရှိတယ်။ ဝန်ထမ်းတွေ အားလုံးဟာ ကြိုတင်မဲတွေ ထည့်ကြရတယ်။ မြန်မာပြည် ဝန်ထမ်းဆိုတာ ခင်ဗျားတို့ သိတယ် မဟုတ်လား။ တအား အကြောက်ကြီးတယ်။ တက္ကသိုလ် ကျောင်းဆရာတွေက အစ ကြောက်နေကြတယ်။ ကြိုတင်မဲပေးတော့ သူတို့ (မဲကော်မရှင်) ကိုယ်တိုင် ခြစ်ယူတယ်။ ဒါ့ကြောင့် မော်လမြိုင်မှာဆိုရင် ကျနော်တို့ အခြေအနေ မကောင်းဘူး။

    နောက်တခုက ရွေးကောက်ပွဲ မတိုင်ခင် ကျနော်တို့ စည်းရုံးရေး ဆင်းတဲ့ကာလပေါ့နော်။ အတိုက်အခံ ဒီမိုကရက်တွေ မဲဆွယ်စည်းရုံးနေတာ လှုပ်ရှားနေတာကို ခင်ဗျားတို့ အထောက်အကူ ပေးလို့ရှိရင် ခင်ဗျားတို့ အဖမ်းခံရမယ်လို့ ကြံ့ဖွံ့တွေက ရွာသားတွေကို ခြိမ်းခြောက်ထားတာ ရှိတယ်။

    နောက်တခုက ကြံ့ဖွံ့ ဘာတွေ ခြိမ်းခြောက်ထားသလဲဆိုရင် ကျနော်တို့လို အတိုက်အခံပါတီတွေ အဓိကကတော့ ကျနော်တို့ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီပေါ့ဗျာ။ ဒီပါတီတွေ ရွေးကောက်ပွဲ ဝင်ပြီးတဲ့ နောက်မှာ အားလုံး အဖမ်းခံရမယ်လို့ ရွာတွေမှာ လိုက်ပြီး ခြိမ်းခြောက်ထားတယ်။

    ဒါတွေကိုလည်း ကျနော်တို့ နယ်ဆင်းပြီး လိုက်ရှင်းပြရတယ်။ ခင်ဗျားတို့ ဘာမှ ကြောက်စရာ မလိုဘူး၊ ရဲရဲလုပ်၊ မှန်မှန်ကန်ကန် လုပ်ရင် ဘာမှ ကြောက်စရာမလိုဘူး၊ ရယက ရာအိမ်မှူး ဆယ်အိမ်မှူးတွေကိုလည်း ပြောလိုက်တယ်၊ ခင်ဗျား လုပ်နေတာ ကျနော်တို့ မအော်ချင်ဘူး၊ အော်ရင် ခင်ဗျားတို့ ဒုက္ခရောက်ကုန်မယ်။ အဲဒီလိုပြောလို့ နည်းနည်း တိတ်သွားတာ ရှိတယ်။

    ကျနော်တို့ နိုင်ငံက ဝန်ထမ်းတွေ အများစုဟာ နယ်ပြောင်းခံရမှာတို့ ရာထူးလျှော့ခံရမှာတို့ကို သိပ်ကြောက်တယ်။ အစိုးရ ခြေသလုံးကို ဖက်ဖို့လောက်ပဲ သိတယ်။ ဘာမှ ကိုယ်ပိုင်ခံယူချက် မရှိဘူး။ မှန်လား မှားလား ဘာမှ မသိဘူး။ ကြောက်တာ တစ်ခုပဲ သိတယ်။ ဒါပေမဲ့ သူတို့ကို ကျနော်အပြစ် မဆိုချင်ပါဘူး။

    အခုက အခြေအနေအားလုံးကို ကျနော်တို့ မသိရသေးဘူး။ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်က မပြောသေးဘူး။ ဒီလိုဆိုင်းနေတာလဲ သူတို့ဘက်က ပြင်ဆင်နေတယ်လို့ပဲ ကျနော် ပြောချင်တယ်။

    တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျနော် မပြောချင်ဘူး၊ တကယ်လို့ ကျနော်တို့ မွန်ဒေသမှာ ကျနော်တို့ မှန်းထားတဲ့အတိုင်း ဖြစ်မလာဘူး ဆိုရင် ကျနော်တို့ ဗဟိုကော်မတီမှာ ဆွေးနွေး ညှိနှိုင်း ဆုံးဖြတ်ချက် ချပြီးတော့ ကျနော်တို့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြမယ်။ မရရင် ကော်မရှင်ကို တရားစွဲမယ်။ ဒါက ကျနော့် ပုဂ္ဂိုလ်ရေး အမြင်ပေါ့နော်။

    ဘယ်နေရာ ကျနော်တို့ နိုင်မယ်ဆိုတာ ကျနော်တို့ သိထားပြီးပြီ။ ဒါပေမဲ့ တချို့နေရာတွေမှာ ကြံ့ဖွံ့တွေ ညစ်ပတ်လို့ ကျနော်တို့ ပေးလိုက်ရတာ ရှိတယ်။

    မှတ်ချက် ။    ။ နိုင်ငွေသိန်းသည် အငြိမ်းစား အထက်မြန်မာပြည် အခြေခံပညာရေးဌာန ညွှန်ကြားရေးမှူး ဖြစ်ပြီး မွန်ပြည်နယ် မော်လမြိုင်မြို့တွင် နေထိုင်လျက် ရှိသည်။ မေလ (၂၅) ရက်နေ့တွင် မှတ်ပုံတင်အမှတ် (၁၃) ဖြင့် ပါတီမှတ်ပုံတင်ခွင့် ရရှိခဲ့သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၏ ဥက္ကဌ ဖြစ်ပြီး မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံသူ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts