spot_img
Friday, March 29, 2024
More
    spot_img
    Homeမေးမြန်းချက်ကျနော်တို့ဟာ ဘဝတူတွေ ဖြစ်နေကြပြီ

    ကျနော်တို့ဟာ ဘဝတူတွေ ဖြစ်နေကြပြီ

    -

    ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီ အတွင်းရေးမှူး နိုင်ဟံသာ

    ယခု နိုင်ဝင်ဘာလ (၂) ရက်နေ့က စပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၆) ဖွဲ့ တို့ဟာ ထိုင်း-မြန်မာ နယ်စပ် တစ်နေရာတွင် လျှို့ဝှက်တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး နိုင်ဝင်ဘာလ (၄) ရက်နေ့မှာ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီကို ဖွဲ့စည်းခဲ့ကြပါတယ်။

    မဟာမိတ် အဖွဲ့ (၆) ဖွဲ့ထဲမှာ အဖွဲ့သုံးဖွဲ့ဟာ အပစ်အခတ် ရပ်စဲရေးကို သဘောမတူခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) နဲ့ ချင်းအမျိုးသား တပ်ဦး (CNF)တို့ ဖြစ်ကြပြီး ကျန် သုံးဖွဲ့ကတော့ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားပေမဲ့ စစ်အစိုးရ ညွှန်ကြားထားတဲ့ နယ်ခြားစောင့်တပ် (သို့) ပြည်သူ့စစ် ကို ပြောင်းလဲဖို့  ငြင်းပယ်ခဲ့တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA) တို့ ဖြစ်ကြပါတယ်။

    အဲဒီလက်နက်ကိုင်အဖွဲ့ (၆) ဖွဲ့ အစည်းအဝေးက အခုဖွဲ့စည်းခဲ့တဲ့ ကော်မတီမှာ ဥက္ကဋ္ဌအဖြစ် ကေအိုင်အို ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ် အင်ဘန်လ ၊ ဒု-ဥက္ကဋ္ဌအဖြစ် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် မူတူး၊ အတွင်းရေးမှူးအဖြစ် မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ၊ တွဲဖက် အတွင်းရေးမှူးအဖြစ် ကေအန်ပီပီ မှ ဦးရွှေမျိုးသန့် တို့ကို ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။

    ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီ ဖွဲ့စည်းခြင်း နှင့် ပတ်သက်ပြီး ကော်မတီ ပြောခွင့်ရ အတွင်းရေးမှူး နိုင်ဟံသာ ကို လွတ်လပ်သော မွန်သတင်းအေဂျင်စီမှ နိုင်အာကာ က ဆက်သွယ်မေးမြန်းထားပါတယ်။

    မေး။    ။ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီ ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ကို ပြောပြပေးပါလား ခင်ဗျာ။

    ဖြေ။    ။တိုင်းရင်းသား လူမျိုးစုတွေရဲ့ မွေးရာပါ အခွင့်အရေးအရ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး တန်းတူရမယ်။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး နိုင်ရမယ်။ ဟိုး (၁၉၄၇) ခု ပင်လုံစာချုပ်မှာ ပြောထားတဲ့အတိုင်း အဲဒီအခွင့်အရေးတွေ ပြန်ပြီးဖြစ်ပေါ်လာဖို့ ကျနော်တို့ ဦးတည်ထားပါတယ်။ အဲဒီအခွင့်အရေးတွေ ပေါ်ပေါက်လာဖို့အတွက် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ထောင်ရမယ်။ အဲဒီလို တည်ထောင်နိုင်မှ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး သွေးစည်းညီညွတ်မှု၊ ချစ်ခင်ရင်းနှီးမှုတွေ ရှိလာမယ်။ ပဋိပက္ခတွေ နည်းလာမယ်၊ ဒီလိုဆိုရင် ကျနော်တို့ တိုင်းပြည်ဟာ အေးချမ်းသာယာလာမယ်။ တိုင်းပြည်အေးချမ်းလာမယ်ဆိုရင် စီးပွားရေးလည်း ဖွံ့ဖြိုးလာမယ်။ ပြည်သူလူထုတွေကလည်း ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးတွေကို အပြည့်အဝ ရရှိခံစားလာနိုင်မယ်၊ အဲဒီရည်ရွယ်ချက်တွေကြောင့် အခုလို ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီကို ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်။

    မေး။    ။တစ်ဖွဲ့နဲ့တစ်ဖွဲ့ ကူညီရိုင်းပင်းဖို့လောက်ကိုပဲ ရည်ရွယ်ပြီး ဒီကော်မတီကို ဖွဲ့စည်းခဲ့တာလား ခင်ဗျာ။

    ဖြေ။    ။အချင်းချင်း အကူအညီ ပေးကြဖို့လည်း ပါတယ်။ နောက်တော့ အချင်းချင်း လက်တွဲပြီး ဖက်ဒရယ် ပြည်ထောင်စု ပန်းတိုင်ကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း ချီတက်သွားဖို့ကိုလည်း ရည်ရွယ်ပြီး ဒီကော်မတီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါတယ်။

    မေး။    ။တကယ်လို့ စစ်အစိုးရနဲ့ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ခဲ့မယ် ဆိုရင် အဲဒီမှာ သဘောတူညီမှု ရထားတဲ့ အဖွဲ့တွေက ဘယ်လိုပြန်ပြီး တုံ့ပြန်ဖို့ ဆွေးနွေးသဘောတူထားတာ ရှိပါသလဲ။

    ဖြေ။    ။တကယ်လို့ စစ်အစိုးရက ကျနော်တို့ သဘောတူညီမှု ရရှိထားတဲ့ အဖွဲ့ တဖွဲ့ဖွဲ့ကို လာပြီး တိုက်မယ်ဆိုရင် တနည်းနည်းတဖုံဖုံ အကူအညီပေးဖို့ သဘောတူထားတာ ရှိတယ်။ အပြည့်အဝ အကူအညီ ပေးဖို့ ဆိုတာက ကျနော်တို့ ဆွေးနွေးနေတာ အဲဒီကဏ္ဍကို မရောက်သေးဘူး။ ကျနော်တို့ စစ်ကော်မတီတွေက ထပ်ပြီး ဆွေးနွေးနေကြတုန်းပဲ။ ယေဘုယျ အကူအညီပေးဖို့ သဘောတူညီချက်တော့ ရပြီးပါပြီ။

    မေး။    ။အခုသဘောတူညီထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဟာ ပထဝီအနေအထားအရ အလှမ်းဝေးနေကြတယ် ဆိုတော့ စစ်အစိုးရက တဖွဲ့ဖွဲ့ကို တိုက်လာမယ်ဆိုရင် ကျန်တဲ့အဖွဲ့တွေက အကူအညီပေးဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။

    ဖြေ။    ။သိပ်ဖြစ်နိုင်တာပေါ့ဗျာ။ စစ်ဖြစ်တဲ့နေရာမှာ အားလုံးသွားတိုက်ရတာမှ မဟုတ်တာ။ အကူအညီ ပေးမယ့် အမြင်ရှိမယ်ဆိုရင် စစ်လက်နက်ပစ္စည်းတွေနဲ့လည်း အကူအညီ ပေးလို့ရတယ်။ နည်းပညာတွေနဲ့လည်း အကူအညီ ပေးလို့ရတယ်။ နည်းပရိယာယ် တစ်နည်းတစ်ဖုံနဲ့ လှုပ်ရှားပြီးတော့လည်း အကူအညီ ပေးလို့ရတယ်။ သတင်းဖလှယ်ပြီးတော့လည်း အကူအညီ ပေးလို့ရတယ်။ ဒါတွေလည်း အကူအညီ ပေးတာပါပဲ။

    မေး။    ။တချိန်ကဆို မွန်ပြည်သစ်ပါတီနဲ့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) တို့ဟာ လက်နက်ကိုင် ပဋိပက္ခတွေ ရှိခဲ့ကြတယ်ဆိုတော့ ဒီတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချင်းချင်းကြားမှာကော ဘယ်အတိုင်းအတာအထိ ယုံကြည်စိတ်ချလို့ ရနိုင်မှာလဲ။

    ဖြေ။    ။အနည်းနဲ့ အကျဉ်းတော့ ပဋိပက္ခဆိုတာ ရှိစမြဲပါပဲ။ ညီနဲ့ အစ်ကိုလည်း ပဋိပက္ခ ရှိကြတာပဲ။ သားသမီးနဲ့ မိဘတွေကြားမှာလည်း ပဋိပက္ခဆိုတာ ရှိကြတာပါပဲ။ ဒါတွေဟာ ဖြစ်လေ့ဖြစ်ထ ရှိတတ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ရရှိနိုင်ဖို့ဆိုတာ ကျနော်တို့ အချင်းချင်း နားလည်မှု ရှိကြရမယ်။ စည်းလုံးမှု ရှိကြရမယ်။ ကူညီရိုင်းပင်းကြရမယ်။ လက်တွဲကြရမယ်။ အမြင်မကွဲလွဲအောင် တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ဆွေးနွေးညှိနှိုင်းသွားရမယ်။ ဘုံရည်မှန်းချက်ကို ဦးထိပ်ထားရမယ်။ ဒါမှလည်း ကျနော်တို့ အချင်းချင်း ဖြစ်ပေါ်လာနိုင်မဲ့ ပဋိပက္ခကို ကျော်လွှားနိုင်လိမ့်မယ်။

    မေး။    ။နောက်တစ်ခုက အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ဟာ နယ်ခြားစောင့်တပ်တို့၊ ပြည်သူ့စစ်တပ်တို့ကို လက်ခံလိုက်ကြတယ်။ တချို့က လက်နက်အပ်လိုက်ကြတယ်။ အဲဒီအဖွဲ့တွေကိုလည်း ပြန်ပြီး စည်းရုံးသိမ်းသွင်းဖို့ အစီအစဉ် ရှိပါသလား ခင်ဗျာ။

    ဖြေ။    ။ဒီလို လက်ခံလိုက်ရတဲ့ အဖွဲ့တွေဟာ လက်တွေ့မှာ ဘယ်အတိုင်းအတာထိ မိမိအမျိုးသားရဲ့ အကျိုးစီးပွားကို အကောင်အထည်ဖေါ်ပြီး လုပ်လို့ ရနိုင်မှာလဲ။ ဘာတွေကို လုပ်ခွင့် ရှိမှာလဲ။ သူတို့ကလည်း ဒါတွေကို နားလည်လာပါပြီ။ တနေ့မှာ ကျနော်တို့နဲ့ ဆက်သွယ်လာလိမ့်မယ်။ ကျနော်တို့ကလည်း သူတို့အတွက် လမ်းဖွင့်ထားပါတယ်။ ကျနော်တို့ အစီအစဉ်မှာလည်း သူတို့ကို ပြန်ပြီးသိမ်းသွင်းဖို့ အခန်းကဏ္ဍ ရှိပါတယ်။

    မေး။    ။မဟာမိတ် ဖွဲ့တာတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ စစ်အစိုးရရဲ့ စစ်အင်အားကို ဒီမဟာမိတ် တပ်ပေါင်းစုက မီနိုင်လိမ့်မှာ မဟုတ်ဘူး ဆိုတော့ ဖက်ဒရယ် ပြည်ထောင်စုကို ဖေါ်ထုတ်ဖို့ ဆိုတာ ဖြစ်နိုင်ပါ့မလား။

    ဖြေ။    ။ကျနော်တို့ အခွင့်အရေးကို ရဖို့၊ ကျနော်တို့ ရည်မှန်းတဲ့ ပန်းတိုင်ကို ရောက်ဖို့ဆိုတာ နိုင်ငံရေး နည်းလမ်းတစ်ခုတည်းနဲ့ သွားလို့ မရဘူး။ စစ်အင်အား မရှိဘူးဆိုရင် စစ်အစိုးရက အသိအမှတ် ပြုမှာ မဟုတ်ဘူး။ စစ်ရေးတစ်ခုတည်းနဲ့လည်း သွားလို့ မရဘူး။ စစ်ရေးတစ်ခုတည်းနဲ့ သွားမယ်ဆိုရင် စည်းလုံးညီညွတ် မရနိုင်ဘူး။ နိုင်ငံရေး မရှိဘူး ဆိုရင် နိုင်ငံတကာရဲ့ ထောက်ခံမှုကို မရနိုင်ဘူး။ နောက်တော့ စစ်အစိုးရက အထင်သေးသွားနိုင်မယ်။ ဒီတော့ နိုင်ငံရေး၊ စစ်ရေး နှစ်ဖက်လုံးနဲ့ ကျနော်တို့ တိုက်ပွဲဝင်သွားရမှာပဲ။ တစ်ဖက်က စစ်ရေးနဲ့ လက်တွေ့ကျကျ စစ်အစိုးရကို အကျပ်ကိုင်ပြီး တစ်ဖက်က နိုင်ငံရေးနည်းလမ်းနဲ့ တိုက်ပွဲဝင်သွားရမယ်။

    ကျနော်တို့ နိုင်ငံရေး ရပ်တည်ချက် (၃) ချက်မှာ ပြည်သူတွေက ကျနော်တို့ အပေါ်မှာ ထောက်ခံလာဖို့၊ နိုင်ငံတကာက လက်ခံအသိအမှတ်ပြုဖို့၊ စစ်တပ်အတွင်းမှာလည်း ကျနော်တို့အပေါ် ယုံကြည်လက်ခံလာဖို့ ဆိုတာ ပါပါတယ်။ စစ်အစိုးရရဲ့ နိုင်ငံရေး ရပ်တည်ချက် မမှန်ကန်ဘူးဆိုရင် စစ်တပ်အတွင်းကလည်း ကျနော်တို့ကို ထောက်ခံလာပါလိမ့်မယ်။

    မေး။    ။ပြည်တွင်းမှာ ရှိတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေက ဒုတိယ ပင်လုံညီလာခံ ခေါ်ယူကျင်းပနိုင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ကလေးမြို့ ကြေငြာစာတမ်းနဲ့ ပတ်သက်ပြီး ဘာတွေဆွေးနွေးခဲ့ပါသလဲ ခင်ဗျာ။

    ဖြေ။    ။အထွေအထူးတော့ မဆွေးနွေး ဖြစ်ပါဘူး၊ သူတို့ကလည်း ပြည်တွင်းမှာ သူ့ပုံစံနဲ့သူ တိုက်ပွဲဝင်တာ ရှိသလို ကျနော်တို့ကလည်း ကျနော်တို့နည်း ကျနော်တို့ဟန်နဲ့ တိုက်ပွဲဝင်သွားမယ်။ ဒါပေမဲ့ ရည်မှန်းချက်ကတော့ အတူတူပါပဲ။ သုတို့လုပ်တဲ့အတိုင်းကို ဒီကကျနော်တို့ အားလုံးက ကြိုဆို လက်ခံ ထောက်ခံပါတယ်။

    မေး။    ။ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာတွေ ဆွေးနွေးတာ ရှိပါသလဲ ခင်ဗျာ။

    ဖြေ။    ။ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အထူးဆွေးနွေးတာ မရှိပါဘူး။ ကျနော်တို့အဖွဲ့တွေ အားလုံးက ဒီရွေးကောက်ပွဲဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူး၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူး ဆိုတာကိုတော့ အားလုံးလက်ခံ ယုံကြည်ထားကြပါတယ်။ ဒီရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေတဲ့ ရွေးကောက်ပွဲ ဖြစ်တဲ့အတွက် ဘယ်အဖွဲ့မှ လက်မခံ မထောက်ခံကြပါဘူး။ ဒါ့ကြောင့်မို့ ဒါနဲ့ပတ်သက်ပြီး အထူးမဆွေးနွေးဖြစ်တာပါ။

    မေး။    ။ဒီရွေးကောက်ပွဲ ပြီးသွားတဲ့နောက်မှာ နောင်တက်လာမယ့် အစိုးရသစ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအပေါ်မှာ ဘယ်လိုသဘောထားလာလိမ့်မယ်လို့ ထင်မြင်ပါသလဲ ခင်ဗျာ။

    ဖြေ။    ။ဒီရွေးကောက်ပွဲ ပြီးသွားရင်လည်း အရပ်ဝတ် လဲထားတဲ့ စစ်ဗိုလ်ချူပ်တွေကပဲ ပြန်ပြီး အာဏာချုပ်ကိုင်ထားလိမ့်မယ်။ ကြိုးကိုင်ထားလိမ့်မယ်။ ဒီတော့ ကျနော်တို့ နိုင်ငံရေး အခြေအနေကတော့ ပြောင်းလဲသွားနိုင်မှာ မဟုတ်ပါဘူး။ အခုလက်ရှိ စစ်အစိုးရ ရပ်တည်ချက်အတိုင်းပဲ ဆက်လက် ရပ်တည်သွားပါလိမ့်မယ်။

    မေး။    ။အရင်ကလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဟာ (မဒတ) လို တပ်ပေါင်းစု ဖွဲ့စည်းခဲ့ကြတာ ရှိခဲ့တယ်။ ဒါပေမဲ့ လက်တွေ့ အကောင်အထည်ဖေါ်တဲ့ နေရာမှာ အားနည်းချက်တွေ ရှိခဲ့တယ်။ ဒီတော့ အခုဖွဲ့စည်းထားတဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီကကော လက်တွေ့မှာ အကောင်အထည် ဖေါ်နိုင်ပါ့မလား။

    ဖြေ။    ။အခုကျနော်တို့ ကော်မတီမှာ ရှိတဲ့ အဖွဲ့တွေဟာ အခြေခံ အခိုင်အမာ ရှိတဲ့ အဖွဲ့ကြီးတွေ ဖြစ်တယ်။ စစ်ရေးအင်အား၊ နိုင်ငံရေးအင်အားတွေ ရှိကြတယ်။ နောက်တော့ အခြားအဖွဲ့တွေနဲ့လည်း တစည်းတလုံးတည်း ဖြစ်ဖို့ ကြိုးပမ်း လုပ်ဆောင်သွားဖို့ ရှိတယ် ဆိုတော့ ကျနော်တို့ ရည်မှန်းထားတဲ့အတိုင်း အကောင်အထည် ဖေါ်သွားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
    ဘာ့ကြောင့်လဲ ဆိုတော့ အရင်ကဆို အပစ်အခတ် ရပ်စဲထားတဲ့အပေါ်မှာ အခြေခံပြီး ကျနော်တို့ ဆွေးနွေးနေရတယ် ဆိုတော့ အချင်းချင်း အမြင်ကွဲလွဲခဲ့ကြတာတွေ ရှိတယ်။ အခုချိန်မှာ ကျနော်တို့ဟာ ဘဝတူတွေ ဖြစ်နေကြပြီဆိုတော့ ကျနော်တို့ ရည်မှန်းချက်အတိုင်း အကောင်အထည်ဖော်ဖို့ ဆိုတာ မခဲယဉ်းတော့ပါဘူး။

    ဆက်စပ်သတင်း

    1 COMMENT

    1. အခုပြောနေကြတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဆိုတာ..( ရှစ်ပြည်နယ်မူ ) ဆိုတဲ့ လူမျိုးစုလွှတ်တော် မှာ လူမျိုးစု ရှစ်မျိုးဘဲပါတဲ့..မူလားဆိုတာ တိတိပပ သိချင်ပါတယ် ။ ဒါမှမဟုတ် ဘယ်လို ဖက်ဒရယ် ဆိုတာ မြန်မာနိုင်ငံသားတိုင်းကို တိတိပပ ထုတ်ဖေါ်အသိပေးဖို ့ ( တာ၀န် ) ရှိပါတယ် ။ ( တာ၀န် ) ပါ ။
      လေးစားလျှက်

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts