spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းမွန်ပါတီလည်း နယ်စပ်ဒေသဘက်မှာ စည်းရုံးရေးဆင်းနေ

    မွန်ပါတီလည်း နယ်စပ်ဒေသဘက်မှာ စည်းရုံးရေးဆင်းနေ

    -

    ကျလွန်းထော – ထိုင်း-မြန်မာနယ်စပ် ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ဘုရားသုံးဆူမြို့နယ်ခွဲရှိ မွန်ပြည်သူများ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို မဲထည့်ပေးနိုင်ရန်အတွက် ၄င်းမြို့မှ မွန်အမျိုးသားအကျိုးဆောင်သူများ ဒေသခံတွေကို လိုက်လံစည်းရုံးပေးနေသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ကရင်ပြည်နယ် တိုင်းရင်းသားလူမျိုးရေးရာ လွှတ်တော်ကိုယ်စားလှယ်လောင်း နိုင်ချစ်ဦး၏ တောင်းဆိုမှုကြောင့် အောက်တိုဘာလ ၂၄ ရက်နေ့မှစ၍ စာရွက်ဖြန့်ဝေခြင်းနှင့် မဲထည့်ပုံ ထည့်နည်းအကြောင်းကို လိုက်လံရှင်းပြပေးနေသည်ဟု ဘုရားသုံးဆူမြို့ခံ အကျိုးဆောင် စည်းရုံးရေးမှူးတစ်ဦးက ပြောသည်။

    နယ်စပ်ဒေသရှိ မွန်လူမျိုးများ၏ မဲအရေအတွက်များကို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေပါတီကို ထောက်ခံသည့်မဲများသာ ဖြစ်စေလိုသည့် ရည်ရွယ်ချက်ဖြင့် စည်းရုံးနေကြောင်း ၄င်းအကျိုးဆောင်က ပြောသည်။

    ၄င်းက “ကျနော်တို့ ကိုယ်တိုင်ကလည်း ကိုယ့်မွန်လူမျိုးအတွက်ဆိုရင် လုပ်ပေးဖို့ ဝန်မလေးပါဘူး၊ ဒီဒေသမှာရှိတဲ့ ကျနော်တို့ မွန်တွေကလည်း ဘယ်လိုမဲထည့်ရမလဲဆိုတာ နားမလည်သေးတာ အများကြီးပဲ၊ ဒါကြောင့် မဲသွားထည့်တဲ့အချိန်မှာ ရမ်းတန်းပြီး မခြစ်မိစေဖို့၊ ပြီးတော့ စာမတတ်တဲ့သူတွေလည်း မွန်ပါတီရဲ့ အလံနဲ့ တံဆိပ်ကို မှတ်ထားပြီး ခြစ်ဖို့ ကျနော်တို့ အစွမ်းကုန် ကြိုးစားပြီး စည်းရုံးထားပါတယ်” ဟု ပြောသည်။

    ၄င်းတို့ဖြန့်ဝေသော စာရွက်တွင် မွန်ဒေသလုံးဆိုင်ရာ အမှတ်တံဆိပ်၊ ပါတီ၏ အမည်ကို မွန်၊ အင်္ဂလိပ်၊ မြန်မာဘာသာများဖြင့်ရေးသားထားပြီး ၄င်း၏အောက်တွင် တိုင်းရင်းသားလူမျိုးရေးရာ လွှတ်တော်ကိုယ်စားလှယ်လောင်း နိုင်ချစ်ဦး ဟူ၍ ရေးသားထားသည်။

    စစ်အစိုးရ၏ ကြောထောက်နောက်ခံဖြစ်သည့် ကြံ့ဖွံ့ပါတီက နေရာဒေသအနှံ့တွင် ၄င်းတို့ပါတီအတွက် မဲထည့်ပေးရန် ဝါဒဖြန့်နေကြသည်။ ထိုကြောင့် ဒေသအသီးသီးရှိ မွန်လူမျိုးများအနေနှင့်လည်း ယခုရွေးကောက်ပွဲတွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ မဲနိုင်ရန်အတွက် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ မဲထည့်ပေးသင့်သည်ဟု ဘုရားသုံးဆူမြို့ရှိ ဝါရင့်မွန်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

    ၄င်းက “ဒီနယ်စပ်ဒေသမှာ ဝင်ပြိုင်မယ့် ပါတီတွေရဲ့ အကြားမှာ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကလည်း ထိုးဖောက်ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့အတွက်နဲ့ မွန်ပြည်သူများကလည်း အတွေ့အကြုံနည်းသည်ဖြစ်စေ များသည်ဖြစ်စေ ကိုယ့်လူမျိုးဖြစ်တဲ့ မွန်ပါတီကို မဲထည့်ပေးကြပါလို့ ကျနော်တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။

    ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲတွင် အခြားသောပါတီများလှုပ်ရှားမှုမရှိသေးသည့်အတွက် ကျေးရွာအများစုမှ ထောက်ခံမဲများ အပြည့်အဝရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း မွန်အမျိုးသား အကျိုးဆောင်က ပြောသည်။

    ကြာအင်းဆိပ်ကြီးမြို့နယ် ဇမိမြစ်အနောက်ဖက်ဒေသများသည် ကြံ့ဖွံ့ပါတီကိုထောက်ခံသည့် မဲနယ်မြေဖြစ်ကြောင်း ရွေးကောက်ပွဲကျင်းပမည့် နယ်မြေများစာရင်း ကြေငြာပြီးနောက်ပိုင်းတွင် ဒေသခံအာဏာပိုင်တို့က ပြောထားသည်။

    သို့သော် ဇမိမြစ်အနောက်ဖက်ရှိ မွန်ကျေးရွာများဖြစ်သည့် ဗလဲ့ဒွန်းဖိုက်ကျေးရွာ၊ ခလောက်ခနီ၊ ထီဝါဒို့၊ မဲကသာ၊ တဒိန်နှင့် အနန်းကွင်းကျေးရွာအထိ နယ်မြေများကို ဒေသလုံခြုံရေးမရှိဟု အကြောင်းပြပြီး ရွေးကောက်ပွဲကျင်းပပေးမည်မဟုတ်ကြောင်းကိုလည်း ထပ်မံ ပြောကြားထားသည်။

    ထို့ကြောင့် ၄င်းအကျိုးဆောင်အဖွဲ့များက ဘုရားသုံးဆူမြို့နယ်ရှိ ချောင်းဆုံကျေးရွာ၊ ရွာသစ်၊ လှည်းဆိပ်၊ ကျော့ဟဖလု အစရှိသည့် ကျေးရွာများနှင့် မြို့ပေါ်ရှိ မွန်ပြည်သူများသာ စည်းရုံးရသည်။

    ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေးပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts