spot_img
Friday, March 29, 2024
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်ပေါက်ပင်စခန်းမှ စိန်ခေါ်သံ

    ပေါက်ပင်စခန်းမှ စိန်ခေါ်သံ

    -

    ဗညားရံ – ထင်သည့်အတိုင်းပင် သူတို့ရောက်လာချေပြီ။ ခိန်းမော်ရွှီး ဦးဆောင်သည့် သိုင်းအဖွဲ့ကို ကြည့်ပြီး ယာယီသိုင်းချုပ်ကြီးစမ်းရွှီးက စိတ်မဝင်စားသလို နေလိုက်သည်။ ခိန်းမော်ရွှီးကို အထင်ကြီးပုံ မရချေ။ သို့သော် နံကြားအက်သိုင်းအဖွဲ့ကို ဦးဆောင်လာသူ ခိန်မော်ရွှီးသည် ခေသူမဟုတ်၊ အင်းအဲတီးဂိုဏ်း၏ သိုင်းကျမ်းကို ပြောင်ယူနိုင်ခဲ့ပြီး မဒေါက်တခေါက်ဂိုဏ်းမှ သမိုင်းဝင်ဝတ်ရုံကို ခိုးယူနိုင်ခဲ့သူ ဖြစ်သည်။

    “ နံကြားအက်သိုင်း ရောက်လာပါပြီ”
    ပေါက်ပင်စခန်းဌာနချုပ်တာဝန်ခံ ရှော်စမ်းက ကြေညာလိုက်သည်။
    “သူရဲ့ သိုင်းအခြေအနေ ဘယ်လိုရှိလဲ”
    သိုင်းချုပ်ကြီး စမ်းရွှီးက သူ့လက်ဝဲရံ ရွှီးမန်းကို မေးသည်။

    “ခိန်းမော်ရွှီးကျင့်တဲ့ လေခွင်းသိုင်းက ရခိုင်မှာတိုက်တဲ့ ကက်တာကာရီ(၁၁)လောက်တော့ ရှိတယ် တပ်ချုပ်ကြီး။ နာဂစ်အဆင့်ဆို သူက မခံနိုင်ဘူး”

    “သူ့သိုင်းသမားတွေကော”
    “သူ့မှာ သိုင်းအကျော်အမော်မပါဘူး။ ဒီသိုင်းပြိုင်ပွဲမှာ ဝင်ပြိုင်ချင်လွန်းလို့ ဖုတ်ပူမီးတိုက် လေ့ကျင့်ထားတဲ့ သိုင်းသမားသုံးရာကျော်ပဲ ပါတယ်။”

    သိုင်းချုပ်ကြီးက ကျေနပ်တော်မူသည်။
    ထိုစဉ်……..
    “တိုက်ယင် အစကတည်းက ည့ံတတ်တဲ့ တစည….အဲ…တောက်စိတ်ညစ်ဂိုဏ်းအဖွဲ့ ရောက်လာပါပြီ”

    တောက်စိတ်ညစ်ဂိုဏ်းခေါင်းဆောင်မှာ ထုံရိ ဖြစ်သည်။ စမ်းရွှီးက ပိုင်းယီတွေကို နှိမ်တုန်းက သူက ကျိုက္ကစံစခန်းမှာ ဝံကြီးချုပ်ဖြစ်ခဲ့သည်။ ပဲပြားဂိုဏ်းလက်ထက်မှာ အင်းအဲတီးဂိုဏ်းကို အကြီးအကျယ်ရှုံးနိမ့်ခဲ့ပြီး သိုင်းချုပ်တို့အဖွဲ့ သိုင်းလောကအလယ် မျက်နှာပျက်ခဲ့ရသည်။ သိုင်းလောကမှ နှစ်ပေါင်း(၂၀)ဇာတ်မြှုပ်နေခဲ့ပြီး အခုမှ အင်အားတစ်ထောင်နီးပါးနှင့် ပြန်ပေါ်လာသည်။ လက်ရှိသိုင်းလောကမှာ ဒုတိယအင်အားအကြီးဆုံးဂိုဏ်း ဖြစ်သည်။

    တောက်စိတ်ညစ်ဂိုဏ်းနဲ့ ပေါက်ပင်စခန်းဂိုဏ်းတို့သည် အရင်က မိတ်ဟောင်းဆွေချာများ ဖြစ်ခဲ့သော်လည်း အနေဝေး၍ အမြင်စိမ်းကုန်ပြီဖြစ်သည်။ သိုင်းချုပ်ကြီးသည် တောက်စိတ်ညစ်ဂိုဏ်းကို အထိုက်လျောက် ဧည့်ခံစေသည်။

    “ဒီသိုင်းအဖွဲ့အကြောင်းကို သိပါတယ်။ ကြောက်စရာတော့ မကောင်းဘူး။ ထုံရိကျင့်တဲ့သိုင်းက စကြာဝဠာသိုင်းကွက်ပဲ။ သမဝါယမအခြေခံသိုင်းကွက်မခိုင်ယင် သူက တိုက်ကွက်ဖော်လို့ မရဘူး။ ခီးညောင်းသုံးတဲ့ နေကြာအခြောက်သိုင်းကိုတောင် မမီဘူး။ ခီးညောင်းကို ဂိုဏ်းချုပ်ကြီး အသာလေး တိုက်ခိုက်အနိုင်ယူခဲ့ပြီပဲ။ တစ်ခုပြောစရာရှိတာက သူ့စကြာဝဠာသိုင်းကွက်က သိုင်းချုပ်ကြီးနဲ့ ဆင်တယ်။ ဒါပေမယ့် သိုင်းချုပ်ကြီးရဲ့ပေါက်ပင်စခန်းမှ ကြက်တူရွေးစိန်ခေါ်သံတိုက်ကွက်ကို ဘယ်နည်းနှင့်မှ ယှဉ်နိုင်မှာ မဟုတ်ဘူး။”

    ယာယီသိုင်းချုပ်ကြီးက ခေါင်းတညိမ့်ညိမ့်နှင့် ရှိနေသည်။ ထုံရိကို သိုင်းချုပ်ကြီး မကြောက်ချေ။ ထုံရိက အခြားဂိုဏ်းများနှင့် ပူးပေါင်းမည်ကိုသာ စိုးရိမ်နေသည်။ အခြားဂိုဏ်းများ၏ အကူအညီကိုသာ ရခဲ့လျှင် ထုံရိသည် အလွန်ကြောက်စရာကောင်းသော သိုင်းအကျော်အမော်တစ်ဦး ဖြစ်သည်။

    …………………………………………………
    “ညီနောင်(၈)ဖော် လာမယ်လို့ ပြောလား”

    သိုင်းချုပ်ကြီးက မေးသည်။ ညီနောင်(၈)ဖော်ဂိုဏ်းက မလာတော့ပြီ။ ညီနောင်(၈)ဖော်တို့သည် ဤသိုင်းပြိုင်ပွဲသည် မစစ်မှန်ကြောင်း စွပ်စွဲကြသူများ ဖြစ်သည်။ ပြိုင်ပွဲစည်းကမ်းကိုသာမက သိုင်းချုပ်ကြီးအကြိုက်တွေ့တော်မူသည့် သိုင်းလောကစည်းမျဉ်းများကိုလည်း လက်မခံကြသူများ ဖြစ်သည်။

    ညီနောင်(၈)ဖော်တို့တွင် ပူးပေါင်းပါဝင်သည့် အခြားသိုင်းအဖွဲ့ငယ်များလည်း များစွာ ရှိသည်။ ညီနောင်(၈)ဖော်တို့သည် ပေါက်ပင်းစခန်းဂိုဏ်း၏ ရန်သူဖြစ်သော အင်းအဲတီးဂိုဏ်းနှင့် အပေါင်းအပါ ဖြစ်သည်။ အင်းအဲတီးဂိုဏ်း၏ ဂိုဏ်းချုပ်အိုင်းဆွေ့စုကျိမှာ ဖော်ဆန်ပေလန်ဂိုဏ်း၏ သိုင်းအမွေကို ရရှိခဲ့ပြီး အရည်အချင်းရှိသူ ဖြစ်သည်။ ပေါက်ပင်စခန်းမှအပ သိုင်းလောကတစ်ခုလုံးက လက်ခံထားသူ ဖြစ်သည်။ သိုင်းပညာအထွတ်အထိပ် ရောက်နေပြီး အပျော့သိုင်းကွက်သုံးသည်။ အိုင်းဆွေ့စုကျိသာ အမိန့်ပေးပါက သိုင်းလောကသား အားလုံးက လေးစားလိုက်နာကြမည်မှာ သေချာလှသည်။

    သို့သော် စမ်းရွှီးမကြောက်ပေ။ သိုင်းလောကကို ဖြိုခွဲသူဖြစ်ကြောင်း၊ မိစ္ဆာဂိုဏ်းသားများနှင့် ဆက်ဆံခဲ့သူ ဖြစ်ကြောင်း ကလိမ်ညာဏ်ဆင်ပြီး သူမကို ရွှေတောင်ကြားက အင်းယားကန်အောက်မှာ ချုပ်နှောင်ထားပြီ ဖြစ်သည်။ သူ၏ ရှီဝေ့ကြောနဲ့ ကပ်ရက် အကြောကို ပိတ်ထားသဖြင့် သူမ လှုပ်ရှား၍ မရချေ။ လှုပ်ရှားလိုက်သည်နှင့် တကိုယ်လုံး အဆိပ်ပြန့်သွားပြီး အသက်ဆုံးမည် ဖြစ်သည်။

    “ညီနောင်(၈)ဖော်တော့ အယုဒ္ဓယနယ်စပ်မှာ သိုင်းလေ့ကျင့်နေကြပြီ။ အိုင်းဆွေ့စုကျိကို ပိတ်ထားတဲ့အကြောကလည်း လာမယ့် နိုဝင်ဘာလမှာ ပြေတော့မယ်။ ညီနောင်(၈)ဖော်နဲ့ အင်းအဲတီးဂိုဏ်းတို့အတွင်းအပြင် ပေါင်းတိုက်ယင် ပေါက်ပင်စခန်းက နည်းနည်းအခက်တွေ့မယ်ဘုရား”

    ယာယီသိုင်းချုပ်ကြီး မျက်မှောင်ကြုတ်သွားသည်။ ထိုအခါ ပူးတွဲဂိုဏ်းချုပ်ချိုင်းချိုင်းက ဝင်ပြောသည်။

    “ဒီသိုင်းလောကကို ထူထောင်တဲ့နေရာမှာ ညီနောင်(၈)ဖော်က အရေးကြီးတဲ့နေရာမှာ ပါဝင်ခဲ့ကြတယ်။ သူတို့မပါဘဲ ဒီသိုင်းပြိုင်ပွဲက အထမြောက်မှာ မဟုတ်ဘူး။ သူတို့က အသိအမှတ်ပြုမှ တို့က သိုင်းလောကကို အုပ်ချုပ်လို့ ရမယ်။”

    ချိုင်းချိုင်းနှုတ်ကပါဒ်ကို ကြားသော် ရှော်စမ်းက ဝင်ထောက်သည်။
    “ကျုပ်လည်း မာယာသိုင်းကွက်နဲ့ မျှားတိုက်ခဲ့တယ်၊ ဒါပေမယ့် ပေါက်ပင်သိုင်းပညာနဲ့ ပူပေါင်းယင် သူတို့သိုင်းအမွေတွေ အားလုံးစွန့်လွှတ်ရမှာ။ အဲဒါကို သူတို့က သဘောမတူနိုင်ဘူး။”
    ထိုအခါ ရူးမြင့် ဝင်လာသည်။

    “ညီနောင်(၈)ဖော်အစစ်မလာလည်း စိုးရိမ်တော်မမူပါနဲ့ သိုင်းလောကဂိုဏ်းချုပ်ကြီးခင်ဗျား။ ညီနောင်(၈)ဖော်နဲ့ တစ်ပုံတည်းတူတဲ့ ညီနောင်(၈)ဖော်အတုကို ခေါ်လာခဲ့ကြပါပြီ။”

    ဟဲ တော့ ဟု ချိုင်းချိုင်းက ဝမ်းသာလုံးစို့သွားသည်။ နေမြင့်လေ အရူးရင့်လေ အရူးရင့်လေ သိုင်းဆင့်မီလေ ဖြစ်သည့် အထောက်တော်ရူးမြင့်က လက်ယပ်ခေါ်လိုက်ရာ…….

    ……………………………………
    “ဒက် ထရက် ဒက်ဒက် ပလို့တို့ ဂျိ”
    ရှေ့ဆုံးမှ ချီတက်လာသူကား ရားယင်ကုတ်ရဂိုဏ်းခေါင်းဆောင် ငိုသိမ်းပင်တည်း။ (သိမ်းငှက်မဟုတ် စကားချပ်) သူက သိုင်းညီနောင်(၈)ဖော်က နိုင်ငွေသိမ်းနှင့် နာမည်တူသူ ဖြစ်သည်။ သူ့နောက် ဝင်လာသူကား ကိုးလိုးကန့်လန့်ဂိုဏ်း၊ ကန့်ယမ်းဂိုဏ်း၊ ပါးလောင်းဂိုဏ်း၊ ဆင်ဂိုဏ်း၊ ယက္ကန်းဂိုဏ်း၊ ဘာဂိုဏ်းညာဂိုဏ်းများသာ ဖြစ်တော့သည်။

    ယာယီသိုင်းချုပ်ကြီး၏ မျက်နှာသည် တက်နေဝန်းပမာ လန်းဆန်းကြည်လင်နေတော့သည်။ ဤသိုင်းခေါင်းဆောင်အတုများသည် စမ်းရွှီး၏အိပ်မက်ကို ဖော်ဆောင်ပေးမည့်သူများ ဖြစ်တော့သည်။ ထိုအခါ အရက်မူးသိုင်းကျင့်သူ ဒု-ဂိုဏ်းချျပ်မော့အေ့က ခန်းမဆောင်ကို ဝင်လာသည်။

    “ဟား ဒီလူတွေနဲ့ ပေါင်းရမလား။ သူတို့နောက်မှာ ဘာအင်အားမှ မရှိဘူး။”
    “အင်အားမရှိလို့ ကြိုက်တာလေ”
    ချိုင်းချိုင်းက နှုတ်ခမ်းစူပြီး ပြောသည်။
    “နောက်ပြီး သူတို့ကို ဘယ်သူမှ အသိအမှတ်မပြုဘူး”
    “အံမယ် မီးတို့ကိုကော ဘယ်သူက အသိအမှတ်ပြုလို့လဲ။ အရေးကြီးတာက ပြစားဖို့ပဲ”

    သိုင်းချုပ်ကြီးက ဟဲဟဲနဲ့ ဖြစ်နေပြီး ချိုင်းချိုင်းပြောတာ ဟုတ်မှန်ကြောင်း၊ ချိုင်းချိုင်းကိုတောင် မဲပေါက်၍ ရခဲ့ကြောင်း ပြောပြသည်။

    သိုင်းချုပ်ကြီးပါ ဝင်ပြောသောအခါ မော့အေ့က ဘာမှ ဆက်မပြောတော့ချေ။ ဗူးခြောက်တွင် ထည့်လာသော အနှစ်တထောင်အရက်ကို တအေ့အေ့မော့သောက်နေတော့သည်။ မော့အေ့က ဤအရက်ကို လွယ်လွယ်လေးဖြင့် ရလာသည်မဟုတ်။ သိုင်းလောကပြိုင်ပွဲသာ ရှုံးသွားပြီး ကမ္ဘာ့ခုံရုံးတက်ရပါက ပြေးလမ်းရှိစေရန် အိုစမာဘင်လာဒင်၏ အကြံပေးချက်အရ ကိုရီးယားပေါက်ဖော်ကင်းမြီးကောက်၏ လမ်းညွှန်ချက်အတိုင်း ဥမင်လိုဏ်ခေါင်ကို တူးဖော်ရာမှ တွေ့ရသည့် အရက်ပေတည်း။ ဤအရက်သည် ပုဂံခေတ်က တရုတ်ရန်ကို ပြေးရ၍ တရုတ်ပြေးမင်းဟု အမည်တွင်ခဲ့သည့် နရသီဟပတေ့မင်း ချန်ထားခဲ့သည့် အရက်ပင်တည်း။ ဤမျှဝိသေသထူးနှင့် ပြည့်ဝသော အရက်ကို သောက်သုံးရပြီးနောက် မော့အေ့၏ အတွင်းအားများ မြင့်သထက်မြင့်လာရာ ဝံကြီးဟောင်းထုံရိသိုင်းကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

    ထိုအခါ ညီနောင်(၈)ဖော် မှန်ကန်ကြောင်း လူထုရှေ့မှောက်တွင် မျက်နှာထုတ်ပြနေကြသည့် ပလုတ်တုတ်ဂိုဏ်းဝင်များကို ကြည့်ပြီး ဒီလူတွေကို ဝတ်ကျေတန်ကျေ ခဏလာကြည့်ရတာ ကျုပ်က အရက်သောက် ပျက်တယ်ဗျား ဟု မော့အေ့က ညီးတွားသည်။ ရွှီးမန်းက မျက်နှာသုန်မှုန်နေသည့် မော့အေ့ကို ကြည့်ပြီး သည်းခံလိုက်ပါ ဒုသမ္မတကြီး…အဲယောင်လို့ ဒု-ချုပ်ကြီး သိုင်းပြိုင်ပွဲပြီးယင် သည်းခံရကျိုးနပ်မှန်း သိရမှာပါဟု ပြောဆိုသည်။

    ဤသို့ဖြင့် သိုင်းပြိုင်ပွဲသို့ သိုင်းလောကရှိ ဂိုဏ်း(၃၆)ဂိုဏ်းတို့သည် မျှော်လင့်ချက်ကိုယ်စီဖြင့် ရောက်လာချေပြီ ဖြစ်သည်။ သိုင်းလောကပြိုင်ပွဲကို လက်ခံကြောင်း၊ ပြိုင်ပွဲစည်းကမ်းအရ ဝင်ပြိုင်မှာ ဖြစ်ကြောင်း၊ ပြိုင်ပွဲအပြီးတွင် မည်သူပင် နိုင်သည်ဖြစ်စေ လက်ရှိယာယီသိုင်းချုပ်ကြီးကို သိုင်းလောက၏ ဂိုဏ်းချုပ်ကြီးအဖြစ် အသိအမှတ်ပြုကြောင်း၊ ယင်းဂိုဏ်းချုပ်ကြီး သဘောခွေ့မနောတွေ့တော်မူသည့် သိုင်းလောကစည်းကမ်းပေါင်းချုပ်ကိုလည်း လေးစားလိုက်နာမည်ဖြစ်ကြောင်း ဝန်ခံလက်မှတ်ရေးထိုးကြပြီ ဖြစ်သည်။

    ကျိက္ကစံစခန်းသိုင်းပြိုင်ပွဲအရ သိုင်းလောကဂိုဏ်းချုပ် ဖြစ်သင့်သော အိုင်းဆွေ့စုကျိကို ဖမ်းဆီးချျပ်နှောင်ထားပြီး ယနေ့အထိ စိတ်မအေး ဖြစ်နေရသည့် စမ်းရွှီးသည် မနက်ဖြန်ကျင်းပမည့် သိုင်းပြိုင်ပွဲအပြီးတွင် တရားဝင်သိုင်းလောကဂိုဏ်းချုပ် ဖြစ်ရပေတော့မည်။ သိုင်းလောကပြိုင်ပွဲကို စိတ်မဝင်စားသော်လည်း သိုင်းချုပ်ကြီးက မနက်ဖြန်ကို မြန်မြန်ရောက်ချင်နေပြီ။

    ……………………………………………………………………
    မိုးစင်စင် လင်းခဲ့ပါပြီ။ သိုင်းချုပ်ကြီး မှော်လင့်စောင့်စားခဲ့ရသည့် သိုင်းပြိုင်ပွဲ…..အနှစ်(၂၀)ကျော် စီမံခဲ့ရသော သိုင်းပြိုင်ပွဲ ဘယ်သူမှ မဖျက်နိုင်တော့ပြီ။ အမှန်စင်စစ် ဂိုဏ်းချုပ်ဖြစ်ရပေတော့မည်။

    သိုင်းမကျော်မမော်တို့သည် သိုင်းပြိုင်မည့်နေရာကို ချီတက်သွားကြသည်။ ပေါက်ပင်စခန်းနှင့် သိပ်မဝေးသည့်နေရာတွင် ပေါက်ပင်တောရှိသည်။ ဤပေါက်ပင်တောကို အစွဲပြု၍ ပေါက်ပင်စခန်းဟု အမည်တွင်ခြင်း ဖြစ်သည်။

    သိုင်းဂိုဏ်း(၃၆)ဂိုဏ်းတို့သည် ပေါက်ပင်တောကို ရောက်သောအခါ ထိုနေရာသို့ အရင်ရောက်နှင့်သော ယာယီသိုင်းချုပ်ကြီးကို ဦးညွတ်ဂါရဝပြုရသည်။ ပြီးသောအခါ သတ်မှတ်နေရာတွင် နေရာယူကြသည်။

    ထိုစဉ်……သိုင်းပြိုင်ပွဲ စတင်၍ ရပြီဖြစ်ကြောင်း ယာယီသိုင်းချုပ်ကြီးက အရိပ်အကဲပြလိုက်သည်။
    “သိုင်းလောကသားများခင်ဗျား မကြာခင် သိုင်းပြိုင်ပွဲ စတင်ပါတော့မယ်”
    ပြိုင်ပွဲကျင်းပရေးကော်မရှင်၏ကျေညာချက်နှင့်အတူ ထူးမခြားနားသီချင်းက ငြိမ့်ငြိမ့်ညောင်းညောင်းဖြင့် ပေါ်လာသည်။

    “ထူးမခြားနား….ပြိုင်ပွဲပါ…..ဘယ်သူပဲနိုင်နိုင်….မဆိုင်ရေးချမဆိုင်ပါ……အာဏာဆိုတာ…ဂိုဏ်းချုပ်ကြီးအတွက်မို့ အသက်ပေးလို့ တို့ကာကွယ်မလေ….ဒါ….ဒါ…..မနိုင်မရှိ နိုင်ရမှာ….မနိုင်လို့ကတော့ အာဏာပြန်သိမ်းမှာ….2010 သိုင်းပြိုင်ပွဲ ပျော်ပျော်နွှဲကြစေရာ….”

    ထိုအခါ ပြိုင်ပွဲကော်မရှင်က……….
    “စည်းကမ်းအတိုင်း ပြိုင်ကြရမှာ ဖြစ်တယ်။ ဒီပေါက်ပင်တောမှာ အမြင့်ဆုံးအပင်ပေါင်း(၁၆၈)ပင်ရှိတယ်။ အလယ်အလတ်အပင်ပေါင်း (၃၃၀)ရှိတယ်။ အနိမ့်စားအပင်ပေါင်း(၆၆၅) ရှိတယ်။ ပြိုင်ပွဲက တစ်ဖွဲ့ပြီးတစ်ဖွဲ့ တစ်ဂိုဏ်းပြီးတစ်ဂိုဏ်း ဝင်ပြိုင်မှာ မဟုတ်ဘူး။ တစ်ခါတည်းနဲ့ တခဲနက် မိမိနဲ့နီးစပ်ရာအပင်ကို တက်ပြီး မိမိပိုင်ဖြစ်ကြောင်း အသိရှိကြစေ။ တစ်ခုသတိထားရမှာက အပင်အမျိုးအစားတိုင်းမှာ (၂၅)ရာခိုင်းနှုန်းက သိုင်းချုပ်ကြီးကို ပူဇော်ပူသဖို့ ချန်ထားရမယ်။ ကြက်ခြေခတ်ထားတဲ့အပင်ကို မတက်ကြနဲ့။”

    “ဂိုဏ်းအပေါင်းတို့ခင်ဗျား……..ယခုအချိန်က စပြီး သိုင်းလောကပြိုင်ပွဲ စတင်လိုက်ပါပြီ”

    ဂိုဏ်းအသီးသီးတို့သည် တုတ်ဓားလှံကျင့်ပြီး သိုင်းပြိုင်ပွဲကို ဝင်ပြိုင်ကြမည်ဟု အားခဲလာကြသူများ ဖြစ်ကြသည်။ ယခုအခါ၌ အပင်တက်ပွဲကို ဆင်နွှဲရသောအခါ အလွဲလွဲအချော်ချော်တွေ ဖြစ်ကုန်တော့သည်။ ဘာမှန်းမသိသည့်စည်းကမ်းကို လိုက်နာပါမည်ဟု ဝန်ခံကတိပေးခဲ့ပြီဖြစ်သည့်အတိုင်း ဆင်ခြေပေးဖို့ အချိန်မရှိတော့။ အပင်များများရဖို့ပင် တက်ရချေတော့မည်။

    ဂိုဏ်းဝင်တစ်ထောင်နီးပါးရှိသော တောက်စိတ်ညစ်ဂိုဏ်းသည် တံစဉ်ကို ခက်ရင်းခွကဲ့သို့ အသုံးပြုပြီးသကာလ အပင်ကို အသာအယာတက်သည်။

    “ယား”

    မထင်သည့်ဖြစ်ရပ်တစ်ခု။ ဘယ့်နှယ်ဘယ်တုန်းက ရောက်နေမှန်းမသိသည့် သူတောင်းစားဂိုဏ်း။ သူတောင်းစားဂိုဏ်းကလည်း အစိမ်းနှင့်အနီပင်။ အနီနှင့်အစိမ်းရောနေ၍သာ စောစောစီးစီး နေရာယူထားကြသော သူတောင်းစားဂိုဏ်းကို သတိမထားလိုက်ခြင်း ဖြစ်သည်။

    ထိုအခါ ကော်မရှင်များမှ ဦးစီး၍ သိုင်းချုပ်ကြီးအပါအဝင် သံပြိုင်သီဆိုကြသည်။ သိုင်းချုပ်ကြီးတို့ သီဆိုသည်ကို ပေါက်ပင်ဘက်မှ သူတောင်းစားဂိုဏ်းများကလည်း လိုက်ဆိုကြသည်။

    “ပြည်ထဲအရေး….ပေါက်နဲ့ကျေးသို့…..”
    “ပြည်ထဲအရေး ပေါက်နဲ့ကျေးသို့……”
    “ကြံတွေးလှည့်ကာ…..မသိသာတည့်….”
    “ကြံတွေးလှည့်ကာ မသိသာတည့်….”

    သံပြိုင်သည် ကျယ်လောင်လှသည်။ တစ်တောလုံး ဟိန်း၍ နေတော့သည်။ သေချာသည်မှာ တစ်တောလုံးကို သူတောင်းစားဂိုဏ်းက ကြိုတင်နေရာယူထားကြပြီ။ ပြိုင်ပွဲစည်းကမ်းတွင် ကြိုတင်နေရာမယူရဟု ဖော်ပြထားခြင်းမရှိသည့်အတွက် တစ်တောလုံး ကြံ့ဖွတ်တက်၍ ကုန်ပါပြီ။ ကြံ့နှင့်ဖွတ်သိုင်းကို ကျိတ်ကျင့်နေခဲ့သော သူတောင်းစားဂိုဏ်းသည် သူတို့၏ဂိုဏ်းချုပ်ဟောင် စမ်းရွှီးနှင့် တစ်သွေးတစ်သံတစ်မိန့် ဖြစ်နေမှန်းကို သိလျက်နှင့် သတိမထားမိသော ဂိုဏ်း(၃၆)ဂိုဏ်းတိုသည် အကျိုးနည်းရချေပြီ။

    ထိုအခါ အက်ကွဲသံကြီးနဲ့ လူတစ်ယောက်ပေါ်လာသည်။

    “ဟား…ဟား…ဟား…ပေါက်နဲ့ကျေးသိုင်းကွ၊ ဟား…ဟား…ဟား”

    ဤအသံသည် ယာယီသိုင်းချုပ်ကြီးစမ်းရွှီးအသံအော်ကြီးပင် ဖြစ်တော့သည်။ ပေါက်နှင့်ကျေးသိုင်းကို ထိုးဖောက်ဖို့ ခက်သည်။ အရင်က ရှေးဟောင်းပေစာများတွင်သာ ဤသိုင်းကျမ်းအကြောင်းကို ကြားဖူးသည်။ ယခုအခါ မျက်မြင်ကိုယ်တွေ့ ရင်ဆိုင်ရပြီ။ ပေါက်ပင်မည်သည်မှာ အရွက်က အစိမ်းဖြစ်သည်။ အပွင့်က အနီ ဖြစ်သည်။ အရွက်စိမ်းနဲ့အပွင့်နီကြားမှာ ကျေးသရကာက လာနားသောအခါ ကျေးသရကာကလည်း အမွေးက အစိမ်း နှုတ်သီးက အနီ ဖြစ်သောကြောင့် ပေါက်ပင်နှင့်ကျေးကို ခွဲခြားရမလွယ်ကူပေ။

    ဤသဘောတရားကို ယူပြီး ကြ့ံဖွတ်လည်း စစ်တပ်၊ စစ်တပ်လည်း ကြံ့ဖွတ် ဖြစ်ခဲ့ပြီ။ စမ်းရွှီးသည် အားလုံးထက်ကို သာသွားပြီ။ ဂိုဏ်းဝင်အပေါင်းတို့သည် အနောက်ကျကြီး နောက်ကျခဲ့ပြီ။

    မည်သို့ပင်ဖြစ်စေ….ရသလောက်တော့ ယူမှ ဖြစ်တော့မည်။ တောက်စိတ်ညစ်ဂိုဏ်းချုပ် ထုံရိသည် ရက်ရက်စက်စက် ဝင်ရောက်တိုက်ခိုက်သည်။ သူ၏ စကြာဝဠာတိုက်ကွက်ကို ခုခံရန် ပေါက်ပင်နဲ့ကျေးသရကာတိုက်ကွက်ကို သုံးသည်။ အစိမ်းနှင့်အနီ ပူးပေါင်းလိုက်သောအခါ ထုံရိသည် မျက်စိပြာသွားသည်။ သူ၏ သိုင်းကွက်များကို ကောင်းမွန်စွာ ထုတ်သုံး၍ မရပေ။ အမြင်များ ဝေဝါးကုန်ပြီး စမ်းရွှီး၏ သိုင်းကွက်များကို ထိုးဖောက်၍ မရချေ။ စမ်းရွှီး၏တိုက်ကွက်အောက်တွင် ထုံရိ ပြာနေပြီ။

    ထိုတွင်…….
    “ဝှစ်…..ဝှစ်…”

    လက်နက်ပုန်းများ ဝင်လာသည်။ ရှော်စမ်း၊ ရွှီးမန်း၊ မော့အေ့၊ ရူးမြင့်တို့ပင်တည်း။
    ပလုတ်တုတ်ဂိုဏ်းဝင်များသည် ထိုလက်နက်ပုန်းများကြောင့် များစွာ သေကုန်ရသည်။ ညီနောင်(၈)ဖော်ဟန်ဆောင်၍ လာခဲ့သော ပလုတ်တုတ်ဂိုဏ်းများသည် မထူးဇာတ်ခင်းခဲ့ပြီဖြစ်၍ ရွေးစရာလမ်းမရှိတော့ချေ။ ရှော်စမ်းတို့ကို ပေါက်ပင်နှင့် ဝေးရာကို မျှားခေါ်လိုက်သည်။ ပေါက်ပင်နှင့်ကျေးသိုင်းကွက်ကို မသုံးရ၍ ပလုတ်တုတ်ဂိုဏ်းသားများ အနည်းငယ်သက်သာသည်။ သို့သော် ရှော်စမ်းတို့၏ကို အတွင်းအားကိုမူ မယှဉ်နိုင်ချေ။

    ပြိုင်ပွဲသည် တရားမမျှတတော့ကြောင်း သိရသောအခါ နံကြားအက်ဂိုဏ်းသည် တောက်စိတ်ညစ်ဂိုဏ်းနှင့် ပူးပေါင်းရတော့သည်။ နံကြားအက်ဂိုဏ်း၏အကူအညီကို ရသောအခါ တောက်စိတ်ညစ်ဂိုဏ်း၏ စကြာဝဠာသိုင်းကွက်ကလည်း အစွမ်းထက်လာသည်။

    ယာယီသိုင်းချုပ်ကြီး စမ်းရွှီးသည် ထုံရိကိုပင် မဲတိုက်နေသည်။ ထုံရိသည် သူ၏အနီးကပ်ဆုံးရန်သူ ဖြစ်နေပြီဖြစ်ကြောင်း၊ အစိမ်းအနီကြံ့ဖွတ်ဂိုဏ်းနှင့် သူ၏ပေါက်ပင်စခန်းနေပူတော်ကို အဓိကအန္တရာယ်ပေးနိုင်သူ ဖြစ်ကြောင်း ရိပ်မိသွာပြီ ဖြစ်သည်။ တိုက်ပွဲကို အရှည်မဆွဲသင့်တော့။ မျက်စိပြာနေသော ထုံရိကို အပြတ်ရှင်းမှ ဖြစ်တော့မည်။

    “ယား ….ယား”
    “ဟိတ်….”

    တစ်တောလုံးပင် အစိမ်းနှင့်အနီ လွှမ်းနေတော့သည်။ ခိန်းမော်ရွှီးသည် ဒိန်းဂိန်းဦးဆောင်သော ကြ့ံဖွတ်သူတောင်စားများကို ဖိတိုက်သည်။ အင်အားမမျှသော်လည်း စိတ်ဓာတ်က မာလှသည်။ သူ၏ ဖျတ်လတ်ပေါ့ပါးသော ဖီဆန်သိုင်းကွက်များက မည်သည့်ကြံ့ဖွတ်ကိုမျှ မသနားချေ။ အချို့သိုင်းသမားများက အပင်အချို့ကို တက်သိမ်းနိုင်ပြီ ဖြစ်သည်။

    ကြ့ံဖွတ်သိုင်းကွက်ကိုသာ တတ်ထားသည့် သူတောင်းစားဂိုဏ်းသားများသည် ရဲဘော်ရဲဘက်စိတ်ကင်းသူများ ဖြစ်ကြသည်။ တိုက်ပွဲအတွေ့အကြုံလည်း မရှိပေ။ သိုင်းကွက်များကိုသာ သင်ပြခဲ့ပြီး အတွင်းအားကို ကျင့်ခွင့်မပြုခဲ့သော ချုပ်ကြီး၏အမှားပင်တည်း။ ဂိုဏ်း(၃၆)ဂိုဏ်းတို့က ပူးပေါင်းတိုက်ခိုက်သောအခါ အစိမ်းနှင့်အနီကြားတွင် သူတို့သည်ပင် မူးစပြုနေပြီ။ အချို့က ကိုယ့်အရောင်ကိုယ်မူးပြီး သစ်ပင်ပေါ်က ပြုတ်ကျကုန်၏။ ကြ့ံဖွတ်သိုင်းပညာရှင်များသည် အပင်ပေါ်တွင် ကောင်းကောင်းမနေနိုင်သောအခါ သိုင်းချုပ်ကြီး၏ သိုင်းကွက်များသည်လည်း ထင်သလောက် အစွမ်းမထက်တော့ပေ။

    အယုဒ္ဓယနယ်တွင် အင်အားဖြည့်ခဲ့သော ညီနောင်(၈)ဖော်တို့သည်လည်း သိုင်းလောကပြိုင်ပွဲ၏ မတရားမှုကို အစကတည်းက သိရှိနေခဲ့ကြရကား အင်အားကြီးမာစွာဖြင့် ပေါက်ပင်စခန်းကို ချီတက်လာကြပြီ။ သိုင်းချုပ်ကြီးသည် အမောလုံးစို့ရချေပြီ။

    ထိုစဉ်…..
    “ဟိတ်…”
    “အားလုံး ရပ်ကြစမ်း”

    မိန်းမတစ်ယောက်၏ အသံတည်း။ သိုင်းပြိုင်ပွဲပြီးသည့်နောက် (၆)ရက်လောက်မှ အကြောပြေစေမည်ဟု ထားခဲ့သော အိုင်းဆွေ့စုကျိပင်တည်း။ အိုင်းဆွေ့စုကျိကို မြင်သောအခါ အနီနှင့်လူရော၊ အစိမ်းနဲ့လူပါ မစိမ်းမနီသည့်လူအားလုံး အရိုအသေပေးကြသည်။ ယာယီသိုင်းချုပ်ကြီးနားတွင် ရွှီးမန်းတို့အုပ်စုသာ မယောင်မလည်နှင့် ကျန်ရှိတော့သည်။ အရင်က ဘဘဘုရားဟု စပ်ဖြီးဖြီးဖြင့် ကပ်ဖားခဲ့ကြသည့် လက်စွဲတော်လူရင်းများကား ဘယ်ရောက်ကုန်ပါလိမ့်။

    ထိုအခါ ချိုင်းချိုင်းက အိုင်းဆွေ့စုကျိကို မုန်းတီးစွာဖြင့် ဝင်ရောက်တိုက်ခိုက်သည်။ အဆိပ်အပ်ဖြင့် ပစ်လိုက်ခြင်းဖြစ်ရာ အိုင်းဆွေ့စုကျိက ကိုယ်ကို အနည်းငယ်စောင်းပြီး ခုန်ရှောင်လိုက်ရသည်။

    ချိုင်းချိုင်းက ဆက်လက်တိုက်ခိုက်ရန် အားထုတ်ရာ ဘေးနားတွင်ရှိသော ရွှီးမန်းက ချိုင်းချိုင်းကို ဓားဖြင့် ခုတ်လိုက်လေတော့သည်။

    “အားမလေး….”
    အဖြစ်အပျက်က မြန်လိုက်လေခြင်း။
    “ရွှီးမန်း…..မင်း…..မင်း”
    ချိုင်းချိုင်းသည် အံ့သြတုန်လှုပ်စွာနှင့် အသက်ထွက်လေတော့သည်။
    “ချိုင်း…..ချိုင်း….ချိုင်းချိုင်းလေးရယ် ဖြစ်မှဖြစ်ရလေကွယ်….အားဟားဟား အီးဟီးဟီး”

    ယာယီသိုင်းချုပ်ကြီးသည် ချိုင်းချိုင်း၏ သွေးလူးနေသော ခန္ဓာကိုယ်ကို ပွေ့ချီပြီး အသက်မထွက်စေရန် ရှီဝေ့ကြောကို ပိတ်ရန် ကြိုးစားရာ တုန်တုန်ယင်ယင်ဖြင့် လည်ပင်းကို ညှစ်မိလေတော့တည်း။

    ……………………………………….
    “ဟဲ့ ဟဲ့…..အရပ်ကတို့ ကယ်တော်မူကြပါ

    ဒေါ်ကြိုင်ကြိုင်က အိပ်ပျော်ရင်းနှင့် လူတစ်ယောက် မိမိလည်ပင်းကို ညှစ်နေရာ လန့်နိုး၍ အော်မိသည်။ ကြည့်လိုက်ရာ မီးရောင်ဖျော့ဖျော့တွင် မိမိကို ဘေးစောင်းဖက်ထားပြီး ရှိုုက်ကြီးတငင် ငိုကြွေးနေတော်မူသော သီရိအဖတ်မရ မဟာတိလောကစောရ မဟာသေနာသေမည့် အသိမရှိ အတုလုပ် အမင်္ဂလဟီနရာဇာဓိရာဇာ သင်းဖြူဆင်များရှင် ဘဝမရှင်မတရားကြီး မှူးကြီးသန်းရွှေကို တွေ့ရတော့သည်။

    “ဒါ ဘာလုပ်တာလဲ တော်”
    “ရှီဝေ့ကြော လွဲသွားလို့ပါ ချိုင်းချိုင်းရယ်၊ အဲ ယောင်လို့ ကြိုင်လေးရယ်”
    “အော်…..တရုတ်သိုင်းကားတွေကို ညနက်တဲ့အထိ မကြည့်ပါနဲ့လို့ အတန်တန်မှားထားရက်နဲ့ ကြည့်ခဲ့ပြန်ပြီပေါ့ ဟုတ်လား”

    “ရှင့်ကို ကွာမယ်၊ မဲပေါက်လို့ ယူရတာ မဟုတ်လား၊ ကြိုင်ကို မချစ်ဘူးမဟုတ်လား၊ မချစ်လို့ လည်ပင်းညှစ်သတ်နေတာ မဟုတ်လား”

    မှူးကြီးသည် ညက တရုတ်သိုင်းကား မကြည့်ခဲ့။ သိုင်းဝတ္တုများကိုသာ ဖတ်ခဲ့သည်။ ငြင်းနေယင် ပိုရှုပ်ကုန်မှာစိုး၍ ကုပ်နေရသည်။ ကိုယ့်အမှားနှင့်ကိုယ် ဖြစ်၍ ကြိုင်ကြိုင် တောက်တီးတောက်တဲ့ ပြောချက်များကိုသာ နားထောင်နေရသည်။ ကြိုင်ကြိုင်၏ ခပ်ကြမ်းကြမ်းအချစ်ကို ကြိုက်ခဲ့ပါသည်။

    သို့သော်
    ကရုဏာမျက်ဝန်းများနှင့်…..
    အားလုံး ရပ်ကြစမ်း ဟု မေတ္တာတရားနှင့် အမိန့်ပေးခဲ့သည့်…..
    ညကအမျိုးသမီးဆီကို မှူးကြီးက စိတ်ရောက်နေသည်။
    သူမက သူရဲကောင်းမလေးပဲ….
    အမှန်မတော့ သူ့ကို မှူးကြီးက မမုန်းခဲ့ပါ။
    သူ့ကို လေးစားနေမိသည်။
    ဒါကို မည်သူမျှ မသိပါ။
    အော်…..သူနှင့်တိုက်သည့်တိုက်ပွဲမှာ အိပ်မက်ထဲမှာကတည်းက ကိုယ်က ရှုံးနေခဲ့ပြီကော……..။

    (ဤစာသည် သရော်စာ ဖြစ်သည့်အတွက် မှန်ကန်သည့်အချက်အလက်အပေါ် အခြေခံ၍ ရေးသားခြင်းမဟုတ်။)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts