spot_img
Friday, March 29, 2024
More
    spot_img
    Homeဆောင်းပါးအကြောက်တရား

    အကြောက်တရား

    -

    ဝီရ – ဒီမိုကရေစီ။   ဤအသံကို ကြားရရုံဖြင့် ကျနော်တို့သည် ထောင်နှုတ်ခမ်းကို ပြေးမြင်မိကြသည်။ အဘယ်ကြောင့်ဆိုသော် ကျနော်တို့ မြန်မာပြည်မှာ ရှိကြတဲ့ လူတိုင်း ဒီမိုကရေစီလို့ အော်လိုက်မိတာနဲ့ ထောင်ကို ပါမစ်မလိုဘဲ တန်ပြီး ရောက်သွားတတ်ကြလို့ပါ။ အဲ နောက်တစ်ခုကတော့ မဲရွေးပွဲ၊ မဲ ဆိုတဲ့စကားကို ကြားရရုံနဲ့ ကြက်သီးတွေထပြီး ဆံပင်မွေးပါ ထောင်ပြီးသား။

    ဘာဖြစ်လို့လည်းဆိုတော့ လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာလည်း အမတ်လောင်းတွေဟာ ထောင်ကျသူက ကျ၊ ပြည်ပရောက်သူက ရောက်၊ စောင့်ကြည့်ခံရတဲ့သူက စောင့်ကြည့်ခံရနဲ့ပေါ့။ ဒီအတိုင်းပါပဲ အခု နိုင်ငံတော်အစိုးရက ၂၀၁၀ ခုနှစ်မှာ စည်းကမ်းရှိသော ဒီမိုကရေစီအတွက် လူထုတွေ မဲထည့်ကြရမယ်တဲ့။ အဲဒါ ပိုဆိုးတာပေါ့၊ ကျနော်တို့ မွန်ပြည်နယ် တောင်ပိုင်း၊ ရေးမြို့နယ်က ပြည်သူတွေအတွက်တော့ ဒီမိုကရေစီအတွက် မဲထည့်ရမယ်ဆိုတဲ့ စကားကိုလည်း ကြားရော နွေခေါင်ခေါင်မှာ မိုးကြိုးပစ်ခံရသည့်အလား ခံစားကြရတော့တာပေါ့။

    အခုလည်း သတင်းတွေ ထွက်နေပြန်ပါသတဲ့။ ရေးမြို့နယ် တောင်ပိုင်း၊ ခေါဇာမြို့နယ်ခွဲက ယင်းဒိန်းရွာသူရွာသားတွေ ရွေးကောက်ပွဲမှာ ဘယ်သူတစ်ဦးတစ်ယောက်မှ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို မဲမထည့်ရဘူးတဲ့။ ထည့်တဲ့သူကို ရွာကနေ နှင်ထုတ်ပြီးသားတဲ့။ အဲဒါက ယင်းဒိန်ကျေးရွာဥက္ကဋ္ဌရဲ့ အမိန့်ပဲ။

    ဒီကိစ္စနဲ့ ပတ်သက်ပြီး အသက် (၃၀) ဝန်းကျင် ယင်းဒိန်းရွာသားတစ်ဦးက “ကျနော်တို့ ရွာလူကြီးက တကယ်လို့ မဲရွေးပွဲမှာ မွန်ပါတီကို မဲထည့်လို့ရှိရင် ဒီရွာက အပြီးပိုင် တစ်ခါတည်း ထွက်သွားပါလို့ ပြောတယ်”  လို့ ပြောပါတယ်။

    ရွာသားတွေလည်း စစ်သားနဲ့ ရွာဥက္ကဌကို အမြဲကြောက်နေကြရတော့ ဒီပါတီကို မဲထည့်ဖို့ အတော်ကို စဉ်းစားရမှာ ဖြစ်တယ်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကတော့ စက်တင်ဘာလ စတုတ္ထပတ်လောက်က ရေးမြို့နယ်တောင်ပိုင်းမှာ စတင်စည်းရုံးရေး ဆင်းကြတယ်လို့ သိရတယ်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ပါတီဝင်လူငယ်တစ်ဦးကတော့ “ကျနော်တို့ပါတီ ရေးတောင်ပိုင်းကို စည်းရုံးရေး ဆင်းတဲ့အခါ လမ်းအသွားအလာမှာ  အနှောက်အယှက် အတားအဆီး မရှိပေမယ့် ရွာတွေရောက်တဲ့အခါမှာ ကိုယ်ပြောချင်တာ ပြောလို့ မရဘူး။ နောက်ပြီး ရွာသူရွာသားတွေနဲ့ စကားပြောတဲ့အခါမှာ သတ်မှတ်ထားတဲ့ လူဦးရေလောက်နဲ့ပဲ စကားပြောခွင့် ရှိတယ်”  လို့ ပြောပါတယ်။

    ပါတီဝင်များကို စည်းရုံးရာတွင်လည်း ပြည်သူများ အကြောက်တရားကြောင့် ပါတီသို့ မဝင်ရဲကြောင်း အထက်ပါလူငယ်က ပြောပါတယ်။

    “ပါတီဝင်ဖို့ မပြောနဲ့၊ အသံကြားတာနဲ့ကို ဝေးဝေး ရှောင်သွားကြတယ်။ ကျနော့်ရဲ့အမြင် ပြောရရင် သူတို့ဟာ ၉၀ ခုနှစ်က မဲရွေးပွဲလို ဖြစ်မှာကို စိုးရိမ်နေကြတယ် ထင်တယ်။ ကျနော်တောင် ပထမက ဒီလိုပဲ စိုးရိမ်မိတယ်၊ နောက်တော့ ကျတော်တို့ကို ပါတီဝင် လူကြီးတွေ ရှင်းပြတော့မှ စိုးရိမ်စိတ်တွေ ပျောက်သွားတယ်”  လို့ သူက ပြောတယ်။

    သာမန်ပြည်သူတစ်ယောက်အနေနဲ့ ရွေးကောက်ပွဲအကြောင်းကို နားမလည်ပဲ အကြောက်တရား ရှိသည် သာမက အစိုးရဝန်ထမ်းများလည်း ထိုကဲ့သို့ပင် အကြောက်တရား ရှိနေကြသည်။

    အသက်(၂၅) နှစ်လောက်ရှိတဲ့ ကျောင်းဆရာမတစ်ယောက်က “ကျမကတော့ ဒီမဲရွေးပွဲမှာ ကိုယ်ကြိုက်တဲ့ပါတီကို မဲမပေးရဲပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျမကို (တစည) ပါတီကနေပြီး ရပ်ကွက်က မဲရုံတစ်ခုမှာ မဲရုံမှူး လုပ်ခိုင်းလို့ ကျမလည်း ဝန်ထမ်းဖြစ်နေတော့ သူတို့ခိုင်းတာ မငြင်းရဲဘူးလေ” ဟု ခပ်တိုးတိုးလေး ပြောပါတယ်။

    “မဲရွေးပွဲကျရင် ဘယ်လိုလာမလဲ မသိသေးဘူး၊ ကျမ သတင်းကြားရသလောက်တော့ မဲထည့်တဲ့အခါမှာ ကျမတို့ နာမည်ကို ရေးပြီးမှ မဲပေးရမယ်လို့ ကြားရတယ်။ တကယ်လို့ ဒီအတိုင်းဆို ကျမကြိုက်တဲ့ပါတီကို မဲမပေးရဲဘူး။ သူတို့ ထည့်ခိုင်းတဲ့ ပါတီကိုပဲ မဲပေးရတော့မှာပေါ့” လို့ ပြောပါတယ်။

    အသက် (၅၀) ဝန်းကျင် ရေးမြို့သူ အမျိုးသမီးတစ်ဦးကတော့ “ဟိုတစ်လောက တစည က လူတွေ ကျမယောက်ျားကို သူတို့ပါတီကို ဝင်ဖို့ လာခေါ်ကြတယ်လေ။ ကျမယောက်ျားက စစ်သားဟောင်း၊ ပထမကတော့ သူက ဝင်မလို့၊ ကျမက မဝင်ဖို့ အမြန်တားလိုက်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ဘုမသိဘမသိနဲ့ ပါတီထဲကို ဝင်လိုက်ပြီးရင် အရင်တစ်ခါ ၉၀ တုန်းကလို ပြဿနာတွေ ပြန်ဖြစ်လာရင် ဘယ့်နှယ်လုပ်မလဲ မဟုတ်လား” လို့ ပြောတယ်။

    အသက် (၆၀) ဝန်းကျင် ရေးမြို့သားတစ်ဦးကတော့ “ဟိုတစ်လောက တစည က လူတွေ လာပြီး သူတို့ပါတီကို ဝင်ဖို့ လာစည်းရုံးတယ်လေ၊ ဘကြီးလည်း ဒီလိုနိုင်ငံရေးတွေကို စိတ်မဝင်စားတော့ပါဘူးကွယ်၊ အရင်ကလည်း လုပ်ထားဖူးပြီးပြီ၊ အခုလည်း လူမှုရေးအသင်းတွေကိုပဲ လုပ်တော့မယ်၊ ဒီလိုနိုင်ငံရေးတွေ လုပ်လို့ ထောင်လည်း ကျဖူးပြီးပြီ၊ ဒီကိစ္စတွေမှာ တကယ်လို့ တစ်ခုတစ်ခု လွဲခဲ့ရင် ထောင်အသက်က လူအသက်ထက် ကြီးသွားနိုင်တယ်”  လို့ ပြောပါတယ်။

    လွန်ကဲ့တဲ့သုံးလလောက်လ ရွာတစ်ရွာကို ကိစ္စတစ်ခုနဲ့ ရောက်ခဲ့တယ်၊ အဲဒီရွာကတော့ အစိုးရစစ်တပ်တွေရော တောတွင်းလက်နက်ကိုင် အဖွဲ့အစည်းတွေရော အမြဲရှိနေတတ်တဲ့ ရွာဖြစ်တဲ့ ရေးမြို့နယ်တောင်ပိုင်းက ရင်းရဲကျေးရွာပေါ့၊ အဲဒီရွာကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မကြာခဏ ဆိုသလို ခံနေရတဲ့ ရွာတစ်ရွာပေါ့၊

    လွန်ခဲ့သည့် သုံးလခန့်တွင် ရင်းရဲကျေးရွာ၌ ရွာသူရွာသားများ ဟိုတစ်စု ဒီတစ်စုနဲ့့ သွားလာနေကြတာကို တွေ့လိုက်ရတယ်။ အသက် (၄၀) ဝန်းကျင်လောက် ရှိတဲ့ အဲဒီရွာသားက “ ဒီနေ့  ဥက္ကဋ္ဌက ရွာသူရွာသားတွေကို အစည်းအဝေး ခေါ်ထားတာရှိတယ်၊ တစ်အိမ်တစ်ယောက် မသွားမနေရ၊ ဒီအစည်းအဝေးကို ခေါ်ဖို့အတွက် ရွာသူရွာသားတွေ တစ်ယောက်မှ ဒီနေ့ ခြံမသွားရ ဆိုပြီး တောပိတ်ထားတယ်။ အစည်းအဝေးမှာတော့ ရွေးကောက်ပွဲမှာ မဲထည့်ဖို့အကြောင်းနဲ့ မဲထည့်တဲ့အခါ ဘယ်ပါတီကို ထည့်ရမယ့်အကြောင်းပဲ ပြောမှာပါ” လို့ ပြောပါတယ်။

    ၄င်းရွာသားက ဒီလိုအစည်းအဝေးကို အခုတလော ခဏခဏ ခေါ်နေကြောင်း၊ ဒီလိုအစည်းအဝေးကို ခေါ်တိုင်းလည်း တောပိတ်ထားကြောင်း၊ အရင်အပတ် အစည်းအဝေးမှာလည်း ဒီမဲရွေးပွဲမှာ မဲထည့်တဲ့ အခါကျရင် မှားပြီး မထည့်မိအောင် သူတို့ ပြောသလို ထည့်ကြရမည်ဟု ဥက္ကဋ္ဌက ပြောခဲ့ကြောင်း၊ တကယ်လို့ သူတို့ ပြောသလိုမျိုး မထည့်ပါက ရွာသားတွေ သူတို့လုပ်သလို ခံကြရမည် ဖြစ်ကြောင်း အဲဒီအိမ်ရှင်ကပဲ ပြောပြပါတယ်။

    ဒီကိစ္စဖြစ်ပြီးလို့ တစ်လခန့်အကြာမှာတော့ ရေးမြို့ အနောက်မြောက်ပိုင်းရှိ ရေးမြို့မှ (၁၃) မိုင်အကွာလောက် သွားရသည့်  သောင်ပြင်ကျေးရွာ၌လည်း ကြံ့ခိုင်ရေးပါတီက ရွာခံများအပေါ် ခြိမ်းခြောက်နေခြင်းကို ရွာခံအမျိုးသမီးတစ်ဦးက အခုလို ပြောပြပါတယ်။

    “ဟိုတစ်လောကတောင် ကြ့ံခိုင်ရေးပါတီဝင်တစ်ယောက်က ရွာက လူတွေကို လိုက်ပြောနေတယ်၊ တကယ်လို့ မင်းတို့တစ်တွေ ကိုယ့်မိန်းမနဲ့ကိုယ် အိပ်ရာမှာ အတူတူ အေးအေးဆေးဆေး ဆက်ပြီး အိပ်ချင်ကြရင် တို့ပြည်ခိုင်ဖြိုးပါတီကို မဲထည့်ကြ။ အဲလိုမဟုတ်ဘဲ ကိုယ့်အိမ်မှာ အေးအေးဆေးဆေး မနေချင်ဘဲ နယ်စပ်ကို ပြေးချင်ရင်တော့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို သွားထည့်ကြ”  လို့ ပြောပါတယ်။

    နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာတွင် ရွေးကောက်ပွဲ၏ စည်းကမ်းအတိုင်း စည်းရုံးမှု မပြုကြဘဲ ဤကဲ့သို့ ပြည်သူလူထုများကို ခြိမ်းခြောက်စည်းရုံးသွားပါက ပြည်သူများအနေဖြင့် ရွေးကောက်ပွဲအတွက် အမတ်လောင်းများအား မဲဆန္ဒပေးရာ၌ အထူးပင် ဇဝေဇဝါ ဖြစ်နိုင်လေသည်။

    ယခင်ကပင် စစ်တပ်များ၏ ဖိနှိပ်ခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်း၊ တောတွင်းလက်နက်ကိုင်များ၏ ခြိမ်းခြောက် ကြိမ်းမောင်းခြင်း ထာဝစဉ်ရှိနေသော ရေးမြို့နယ် တောင်ပိုင်းကဲ့သို့ နယ်များမှ ပြည်သူများအဖို့ ရွေးကောက်ပွဲတွင် အကြောက်တရားကို ရှေ့ထားပြီး မဲပေးရမည် ဖြစ်သောကြောင့် မိမိတို့ဆန္ဒအတိုင်း မဲမပေးနိုင်ကြမည်ကို စိုးရိမ်ဖွယ်ရှိကြောင်း  ရွေးကောက်ပွဲကို စိတ်ဝင်စားသည့် အသက် (၄၀) ဝန်းကျင် ရေးမြို့သားတစ်ဦးက ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts