မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / အပြန်လမ်းမှာ ပိုက်ဆံတွေ အများကြီး ဝေလာတယ် အမေ!

အပြန်လမ်းမှာ ပိုက်ဆံတွေ အများကြီး ဝေလာတယ် အမေ!

ရေးသားသူ:

သက်နောင် – “ညီလေး အဲဒါ မင်းမိန်းမလား၊ မှတ်ပုံတင်ပါလား။ ဘန်ကောက်က လာတယ် မဟုတ်လား။ ညီလေးတို့ ရံပုံငွေ တစ်ယောက်သုံးထောင် ပေးရမယ်”  မြန်မာနိုင်ငံအတွင်းရှိ ဂိတ်မှူးတစ်ယောက်၏ စကားဖြစ်သည်။ ကျနော့်ချစ်ဇနီး၏ မျက်နှာကို တည့်တည့်ကြည့်ကာ ပြောဆိုနေခြင်း ဖြစ်သည်။ ဘေးနားတွင် စစ်ဝတ်စုံ ခပ်နွမ်းနွမ်းနဲ့ လုံခြုံရေးအစောင့် တပ်သားလေးငါးယောက်က ကွမ်းယားတဝါးဝါးနဲ့ ဝိုင်းကြည့်နေကြသည်။ ကျနော့်ချစ်ဇနီး၏ အကြောက် ပိုနေသော ဟန်အမူအရာနှင့် သူမ၏ ဝတ်စားဆင်ယင်မှုတို့က ထိုင်းနိုင်ငံမှ ပြန်လာမှန်း ဖြစ်သည်ကို အစောင့်လုံခြုံရေးရော၊ ဂိတ်မှူးတွေပါ သိနေသည်။

ကျနော်က အာဏာပိုင်တစ်ယောက်၏ အရစ်ပိုသော စကားကို ရှည်ကြာစွာ နားမထောင်လိုသည်က တကြောင်း၊ ချစ်ဇနီး၏ အကြောက်ပိုနေသော အမူအယာကို ကြည့်ပြီး သနားလာသည်က တကြောင်းကြောင့် ပိုက်ဆံအိတ် ခပ်ပြားပြားထဲက မြန်မာငွေ ထောင်တန်ခြောက်ရွက်ကို ရှောရှောရှူရှူ ထုတ်ပေးလိုက်ရသည်။ ပိုက်ဆံအိတ် ပြားသွားရခြင်းက ခရီးစရိတ် ပေးရခြင်း၊ ဂိတ်ပေါင်းများစွာကို အကြိမ်ကြိမ်် ဂိတ်ကြေးပေးနေရခြင်းတို့ကြောင့် ဖြစ်သည်။ ဂိတ်မှူးတို့၏ အခေါ်အဝေါ်ကတော့ ဂိတ်ကြေးဆိုတာ ရံပုံငွေပေါ့ဗျာ။

ကျနော့်တို့၏ ခရီးကား ဟန်းနီးမွန်းခရီး မဟုတ်ပါ။ သို့သော် ကြင်ဦးစ ချစ်ဇနီးသစ်နှင့်အတူ ထိုင်းနိုင်ငံမှ ပြန်လာခြင်း ဖြစ်သည်။ ကျွန်တော်သည် လွန်ခဲ့သော ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလ ကတည်းက တက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီး မြန်မာနိုင်ငံရှိ တက္ကသိုလ်ဘွဲ့ရများ ကြုံနေရသည့်အတိုင်း အလုပ်လက်မဲ့တစ်ယောက် ဖြစ်ခဲ့ရသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ အောက်လမ်းမှ ကူးကာ ပန်းရံလုပ်ငန်းဖြင့် ဝင်ငွေရှာသည်။ နိုင်ငံတကာ အခေါ်အဝေါ်အရ ရွှေ့ပြောင်း အလုပ်သမားပေါ့။

ပန်းရံလုပ်ငန်းဖြင့် ဝင်ငွေရှာရင်း ပင်ပန်းဆင်းရဲခြင်း ဒဏ်များ၊ နှိပ်စက်ညှင်းဆဲမှု ဒဏ်များ၊ ထိုင်းပုလိပ်တို့၏ အဖမ်းအဆီးများအကြားမှာ ကြိုးစားလွတ်ရုန်းရင်း စုဆောင်းမိသမျှ ငွေထဲမှ တချို့တဝက်ကို မြန်မာနိုင်ငံရှိ မိဘဆီ ပို့နိုင်ခဲ့သည်။ ကျွန်တော့်ဝင်ငွေဖြင့် မိဘများကို ဝမ်းစာပြည့်ရုံလောက်သာ ထောက်ပံ့နိုင်ခဲ့သည်။ တချို့သော ဘဝတူ ရွှေ့ပြောင်းအလုပ်သမား အများစုတို့မှာ မိမိဇာတိရပ်ရွာရှိ မိဘဆီ ပိုပိုမိုမို ငွေပို့ပေးနိုင်ကြပြီး၊ တခြားသော ရွှေ့ပြောင်းအလုပ်သမားတို့မှာ အောက်ခြေသိမ်း အလုပ်များ လုပ်ကိုင်ရင်း စုဆောင်းမိသမျှ ထိုင်းနိုင်ငံမှာပင် ရရစားစားဖြင့် ကုန်ခဲ့သည်။ မိဘအိမ်ကို ငွေမပို့နိုင်ကြပေ။ “မောင်လုပ် မောင်စား၊ မောင်ဖျား မောင်ကု” ဆိုသလို ဘဝရှုံးသွားသည့် လူငယ်တွေလည်း မနည်းပါဘူး။ ဤဖြစ်ရပ်သည် ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားတို့၏ ဘဝအဖြစ်အပျက် တပိုင်းတစပင် ဖြစ်ပါသည်။

ဤခရီးကား မုဒုံမြို့နယ်အတွင်းမှ မွန်ရွာတရွာရှိ မိဘနှစ်ပါးထံ သီတင်းကျွတ်ဝါထွက်ကာလ လာရောက်ကန်တော့ခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ရင်း ချစ်ကြိုက်စုံမက်ခဲ့သော ချစ်သူနှင့် ဘဝတူ ရွှေ့ပြောင်းအလုပ်သမားကြားမှာပင် အကျဉ်းချုံးကာ လက်ထပ်မင်္ဂလာ ကျင်းပခဲ့သည်။ မိဘနှစ်ဖက်သား အစုံအလင်ဖြင့် လက်ထပ်ခဲ့ခြင်း မဟုတ်။ လက်ထပ်မင်္ဂလာ ပြုလုပ်ခွင့်ကို ထိုင်းနိုင်ငံရှိ ဌာနဆိုင်ရာများအား အသိပေး အခွန်ဆောင်ခဲ့ရသည်။ လက်ထပ်ပြီး လေးငါးခြောက်လအကြာ ငွေအချို့ စုဆောင်းမိပြီး နှစ်ဖက်မိဘများကို ကန်တော့ရန် မြန်မာနိုင်ငံသို့ အောက်လမ်းမှ ပြန်လာခြင်း ဖြစ်သည်။ ကျနော့်ဆန္ဒက ချွေးမ ချောချောလှလှကို အမေ့ကို ကြွားပြဖို့နဲ့ မိဘကို ကျေးဇူးဆပ် ကန်တော့ရန်အတွက် ဇနီးချောနှင့်အတူ ဤခရီးကို နှင်လာခဲ့ခြင်း ဖြစ်သည်။ ပွဲစား (ထိုင်းပုလိပ်နှင့်အတူ လက်ဝါးရိုက်သူများ) ကို ပွဲခပေးကာ ဘန်ကောက်မှတဆင့် ဘုရားသုံးဆူနယ်စပ်ကို အစစ်အဆေးမရှိ ရောက်လာခဲ့သည်။

မြန်မာမြေကို မနင်းရသည်မှာ သုံးနှစ်ခန့် ကြာပါပြီ။ အမိမြေကို စတင်ခြေချ နင်းလာခဲ့သည်နှင့် အစစ်အဆေး၊ ဂိတ်ကြေးပေါင်း မြောက်မြားစွာကို ကြုံ့ခဲ့ရပါသည်။ ကျနော်တို့ လင်မယားနှစ်ယောက် အတူသွားရမည့် ခရီးကား ဘုရားသုံးဆူမှတဆင့် ရွှေချောင်းဆုံ စက်လှေဂိတ် ဖြစ်ပြီး ဤမှတဆင့် ကြာအင်းဆိပ်ကြီး (ကရင်ပြည်နယ်ထဲက မြို့ကြီးတစ်မြို့) စက်လှေဂိတ်ဆုံး ဖြစ်သည်။ ကြာအင်းဆိပ်ကြီး ရောက်ပြီးပါမှ မိမိသွားလိုရာကို ဆိုင်ကယ်လိုင်း၊ ကုန်တင်ဟိုင်းလက်ကား သို့မဟုတ် ခရီးသည်တင် လိုင်းကားတို့ဖြင့် ခရီးဆက်ရပေမည်။ စက်လှေဖြင့် သွားရသည့် ရေလမ်းခရီးကား ဤခရီးကြောင်းတလျောက်တွင် ခရီးအဖင့်ဆုံးနှင့် အကြန့်ကြာဆုံး ဖြစ်သည်။

ဒီလမ်းခရီးသည် သည်သို့နှယ် ရှိခဲ့ပါသည်။ လုံခြုံရေးအရ အစစ်အဆေး မရှိသော်လည်း ဂိတ်ကြေးတွေကိုတော့ ခရီးသည်တိုင်း လွတ်သူမရှိသလောက်ပင် ပေးဆောင်နေရသည်။ ထိုင်း-မြန်မာနပ်စပ်မြို့ ဖြစ်သည့် ဘုရားသုံးဆူမြို့သည် မြန်မာ့တပ်မတော်မှ တပ်ရင်းအချို့ (အတည်တကျမရှိပါ) နှင့် လက်နက်ကိုင် အဖွဲ့အစည်းပေါင်း များစွာ ကျက်စားကြီးစိုးလျက် ရှိသည်။ ကရင်လက်နက်ကိုင် အဖွဲ့ခွဲပေါင်း များစွာနှင့် မွန်လက်နက်ကိုင်အဖွဲ့ ရှိသည်။

ဘုရားသုံးဆူမှာပင် ဘတ်ငွေနှင့် မြန်မာငွေကို လှဲလှယ်ပြီး စက်လှေဂိတ်ရှိရာ ရွှေချောင်းဆုံသို့ ဆိုင်ကယ်လိုင်းဖြင့် တစ်ယောက်ကို ဘတ်တစ်ရာပေးကာ ခရီးဆက်ခဲ့သည်။ ဘုရားသုံးဆူမြို့သည် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းတွင် ရှိသော်လည်း ထိုင်းဘတ်ငွေကို အသုံးပြုကြသည်။ ဖုန်းလိုင်းများနှင့် လျပ်စစ်ဓါတ်အားများကို ထိုင်းနိုင်ငံ၏ ဝန်ဆောင်မှုဖြင့် အတွင်တွင် အသုံးပြုကြသည်။

လှေစီးခ အဖြစ် ခရီးသည်တစ်ယောက် မြန်မာငွေ တစ်သောင်းခြောက်ထောင် ပေးရပါသည်။ နောက်မှ သိရတာက ထိုငွေထဲမှ တစ်သောင်းခန့်သာ လှေသမားများ ရပြီး ကျန်ငွေများကို ဂိတ်ကြေးအတွက် ပေးရခြင်း ဖြစ်သည်။

ရွှေချောင်းဆုံမှ စက်လှေခရီး စတင်ပါပြီ၊ လှေကလေးသည် မော်တော်ကား အင်ဂျင်တပ် စက်လှေ ဖြစ်ပြီး ရေးစီးသန်သော ဇမိမြစ်မှ မြစ်ရေကို စုန်ဆင်းရသော ခရီး ဖြစ်သည်။ လှေပေါ်တွင် တိုင်းရင်းသား လူမျိုးစုံ ပါသည်။ ကရင်၊ မွန်၊ ဗမာနှင့် ထိုင်းမှ ပြန်လာသည့် ရခိုင်လူမျိုး ငါးယောက်အုပ်စုလည်း ပါဝင်သည်။ ဇမိမြစ်သည် ချောင်းငယ်အသွယ်သွယ်နှင့် တောင်ကျ ရေတံခွန်ငယ်များ စုပေါင်းစီးဆင်းသည့် ရေစီးသန်သော မြစ်ဖြစ်သည်။ ဇမိမြစ်သည် ကရင်ပြည်နယ်ရှိ ရွှေချောင်းဆုံမှ အစပြု၍ မွန်ပြည်နယ် မော်လမြိုင်မြို့အဆုံး အတ္တရံမြစ်သို့ စီးဆင်းသွားသည့် မြစ်ဖြစ်သည်။ နွေရာသီတွင် ရေနည်းခြင်းကြောင့် ရေလမ်းခရီးဖြင့် မသွားလာနိုင်ပဲ ကားလမ်းခရီးများကိုသာ အားထားကြသည်။

ဇမိမြစ်ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာသော အကောက်အခွန်ဂိတ်ပေါင်း များစွာရှိသည်။ မြန်မာစစ်တပ်ဂိတ်များ၊ တပ်ပေါင်းစုံဂိတ်များ၊ DKBA ကရင်လက်နက်ကိုင်တပ် ဂိတ်များ၊ KPF လက်နက်ကိုင်တပ် ဂိတ်များ၊ KNU ကရင်လက်နက်ကိုင်တပ် ဂိတ်များနှင့် NMSP မွန်လက်နက်ကိုင်တပ် ဂိတ်များ ရှိသည်။ မြစ်ကြောင်းတစ်လျှောက်ရှိ ရေပေါ်တွင် ဝါးလုံးဖောင်အိမ်များ ဖွဲ့ကာ ထမင်းဆိုင် ဖွင့်ကြသူများလည်း ရှိသည်။ အကောက်အခွန်ဂိတ်များမှာလည်း ဤသို့ပင် ဖောင်အိမ်ပေါ်တွင် ဂိတ်ကြေး တောင်းကြပါသည်။

လှေဦးပိုင်းရှိ အသက်လေးဆယ်ကျော် ဦးကြီးတစ်ယောက်က သူ့သူငယ်ချင်းတစ်ယောက်နား ကပ်ပြီး တိုးတိုးလေး ညည်းတွားသည့် အသံကို ကြားလိုက်ရသည်။ “ဦးမောင်ကြီးရေ… ကြည့်ပေတော့ဗျာ၊ လက်နက်ကိုင်အဖွဲ့များတာ ကောင်းလား၊ မကောင်းလားတော့ မသိဘူး။ လက်ရှိ ပေးနေရတဲ့ ဂိတ်ကြေးတွေကြောင့် ခရီးသည်တွေတော့ ပိုက်ဆံတော်တော် ကုန်သွားတာပဲလေ….”

နေ့လည် နှစ်နာရီတွင် ရွှေချောင်းဆုံမှတဆင့် စုန်ဆင်းလာသော ကျွန်တော်တို့ ခရီးသည်တင် စက်လှေမှာ ဂိတ်လေးဂိတ်ကို ဖြတ်ကျော်ကာ စက်သံတဝုန်းဝုန်းနှင့် ညနေ ၅ နာရီကျော်တွင် ကျွန်းချောင်း KNU ဂိတ်ကို ဆိုက်ရောက်ပါသည်။ ထိုသို့သောဂိတ်များတွင် စက်လှေပိုင်ရှင်၏ အမျိုးသမီးက ခရီးသည်များအတွက် ဂိတ်ဖြုတ်ပေးရပါသည်။ ထိုငွေများသည် ရွှေချောင်းဆုံမှ ပေးဆောင်ရသော လှေစီးခ တစ်သောင်းခြောက်ထောင်ထဲက ငွေများပင် ဖြစ်သည်။ ခရီးဆက်ရန် မဖြစ်နိုင်သောကြောင့် ကျွန်းချောင်းရှိ ဝါးလုံးထိုး ဖောင်အိမ်ပေါ်တွင် ညခရီးတစ်ခေါက် နားကြပါသည်။

ဖောင်အိမ်ပေါ်တွင် အိပ်ရတော့မည်။ ဖောင်အိမ် ၈ လုံးခန့် မြစ်ရေပေါ်တွင် စီတန်းကာ နေရာယူထားကြသည်။ ဖောင်အိမ်ပိုင်ရှင်တို့ ပြင်ဆင်စီခင်းထားသော ပိုက်ပြွန်ထိုး ဖျာများနှင့် ခေါင်းအုံးများ ယူဆောင်ကာ မိမိသင့်တော်ရာ ဖောင်အိမ်ပေါ်တွင် ဖျာခင်းနေရာယူရပါသည်။ အချို့သော ယောကျာ်ကြီး ငယ်များက ဘီယာဖောက်သောက်သူ သောက်ကြသည်၊ အရက်ငှဲ့ ဆော်ဒါရော သောက်သူများ က သောက်ကြသည်။ ထိုသူတို့သည် ကျောခင်းစရာ တနေရာစာအတွက် စိတ်ပူစရာ မလိုတာ အမှန်ပင် ဖြစ်သည်။ ကျနော့်လို ချစ်ဇနီးနှင့်အတူ ခရီးထွက်လာသူအတွက် လင်မယားနှစ်ယောက် အိပ်ဖို့ရန်အတွက် သင့်တော်ရာမှာ ဖျာခင်းအိပ်ရပါသည်။

ရေချိုးရာတွင်လည်း ဇမိမြစ်ရေ ခပ်နောက်နောက်ပေါ်တွင် ခပ်ချိုးသူ ရှိသလို ရေကူးတတ်သူများ ရေဆင်းကူးကြသည်။ မိန်းကလေးများက ဖောင်အိမ် အနောက်ဖက် အမျိုးသမီးအများစု ရေချိုးရာတွင် ရေချိုးကြပါသည်။ စိတ်ညစ်စရာကောင်းသည်က အိမ်သာတက်သည့်ကိစ္စ ဖြစ်သည်။ ကမ်းပေါ်တက်ပြီး ခြုံကြားမှာပင် ခြင်တကိုက်ကိုက်ဖြင့် မိမိကိစ္စ ဖြေရှင်းကြရပါသည်။ မိန်းကလေးများအတွက်မူ ပိုပြီး အဆင်မပြေသည့်ကိစ္စ ဖြစ်သည်။

ဖောင်အိမ်ထမင်းဆိုင်များပေါ်တွင် တောကောင်ဟင်းများ တခါတရံံ ချက်ပြုတ်ရောင်းချသလို အရက်၊ ဘီယာ၊ ကွမ်းယားကအစ ခေါင်လျော်ရည်၊ ဆပ်ပြာ သွားတိုက်ဗူးအဆုံး အစုံအလင် ရနိုင်ပါသည်။ ကြက်သား အဆီပြန်ဟင်းသည် ဆိုင်တိုင်းတွင် ရရှိနိုင်ပါသည်။ ငါးပိရည်ကျိုနှင့် ဝါးနုချောင်း တို့စရာသည် ခရီးပန်းလာသော ခရီးသည်များအတွက် စိတ်ကျေနပ်စရာပင် ဖြစ်ပါသည်။ လင်မယားနှစ်ယောက် ကြက်သားဟင်းနှစ်ခွက်နှင့်အတူ ထမင်းကို အဝစားပြီး ဆိုင်ရှင်ကို ပိုက်ဆံသုံးထောင် ပေးရပါသည်။ မိမိအိပ်နားရာ ဖောင်အိမ်ဆိုင်မှာပင် ထမင်းကို ဝယ်စားရပါသည်။ အိပ်ရာနေရာအတွက် အခကြေးငွေ ပေးဆောင်ရန် မလိုတော့ပါ။

ညအိပ်ရာ မဝင်ခင် ဖောင်အိမ်ပိုင်ရှင်က ခရီးသည်များအတွက် ကာရာအိုကေသီချင်း သို့မဟုတ် မြန်မာဟာသဇာတ်ကားတို့ကို မီးစက်ဖွင့် ပြသပါသေးတယ်။ ညအိပ်ရာတွင်လည်း အရှေ့မျက်နှာစာ ထရံမရှိသော ဟောခန်းပုံစံလို ဖောင်အိမ်ပေါ်တွင် တန်းစီ အိပ်ကြရသည်။ ခြင်ထောင် မရှိသော်လည်း ချစ်ဇနီး ဆောင်ယူလာသည့် ထိုင်းနိုင်ငံလုပ် ခြင်ကိုက်ကာကွယ်ဆေး လိမ်းထား၍ ခြင်ကိုက်ခြင်း ရန်မှ လွတ်ရသည်။ ခရီးသည်အပေါင်းနှင့်အတူ ကျွန်းချောင်းရှိ ဖောင်အိမ်ပေါ်တွင် တညတာ ကုန်ဆုံးခဲ့ရသည်။ ခရီးသည်တိုင်းပင် မိမိအိမ် (သို့) မိမိလိုရာခရီးကို အမြန်ရောက်ချင်ဇော ရှိကြသည်။

နံနက်စာကို စူပါကော်ဖီမစ်ရှယ်နှင့် မြန်မာ့ရိုးရာ မုန့်လက်ကောက်တို့ဖြင့် ပြီးသွားခဲ့ပါသည်။ မုန့်ဟင်းခါး ဝယ်စားကြသူများလည်း ရှိပါသည်။ အခြားအစားအစာများကိုလည်း မိမိကြိုက်နှစ်သက်သလို ဝယ်စားနိုင်ကြပါသည်။ စျေးတော့နည်းနည်း ကြီးပါသည်။

သည်ကျွန်းချောင်းမှတဆင့် ကြာအင်းဆိပ်ကြီးမြို့ကို ရောက်ဖို့ရန်အတွက် တခြားစက်လှေ ပြောင်းစီးရပြန်ပါသည်။ အဲသည်အတွက် လှေခ ထပ်ပေးရပါသည်။ တစ်ယောက် တစ်သောင်းငါးထောင်စီ ပေးရပါသည်။ KNU မှ လူငယ်ပိုင်းသာသာရှိသော ဂိတ်မှူးကို ခရီးသည်စာရင်းများ သွင်းရပါသည်။ မှတ်ပုံတင် မပါသူများအတွက် စာရင်း သွင်းရန် ခက်ခဲသော်လည်း အမည်နှင့် အဖအမည်ကို ပြောပြရပါသည်။ နာမည်စာရင်း ခေါ်ပြီး လှေပေါ်တက်သောအခါ အဲဒီလူငယ်ဂိတ်မှူးက “ခရီးသည် အားလုံးပဲ! အရှေ့ဂိတ်နှစ်ဂိတ်မှာ လှေသမားက ခင်ဗျားတို့ကို ဂိတ်ကြေး ဖြုတ်ပေးလိမ့်မယ်၊ ကျန်တဲ့ဂိတ်တွေ ခင်ဗျားတို့ကိုယ်တိုင် ဖြုတ်ယူရမယ်။ ဂိတ်ကြေးမပေးနိုင်ရင် အဲဒီမှာ ကျန်နေခဲ့ပဲ” ဤသို့ တိုတိုတုတ်တုတ် ပြောကာ စက်လှေလည်း ဖောင်အိမ်မှ ခွာပြီး ထွက်ခဲ့ပါသည်။ တကယ်ပင် ရှေ့ရှိဂိတ်နှစ်ဂိတ်ကို လှေသမားက ဂိတ်ကြေးဖြုတ်ပေးပါသည်။

ခရီးတဝက်တပြက် ရေလည်ရွာရှိ ဖောင်အိမ်ပေါ်တွင် ထမင်းစားရင်း သနပ်ခါး ပါးကွက်ကြား ထူထူလိမ်းပြီး ကွမ်းတမြုံ့မြုံ့ ဝါးနေသည့် လှေရှင်မိန်းမ၏ အော်သံကို ကြားရသည်။

“ရှေ့ဆက် ဂိတ်ကြေး ဖြုတ်ဖို့ ငါးဂိတ် ကျန်သေးတယ်။ အဲဒီအတွက် ခရီးသည်များ တစ်ယောက် ငါးထောင် ပေးကြပါ။ ဒါမှမဟုတ်ရင် ခရီးသည်ကိုယ်တိုင် ကမ်းပေါ်တက်ပြီး ဂိတ်ကြေး ဖြုတ်မယ်ဆိုရင် အချိန်ကြာမှာ စိုးလို့ပါ။ ကျမတို့ အဆင်ပြေအောင် လုပ်ပေးတာပါ” ဟု ပြောသည်။

လက်နက်ကိုင်အဖွဲ့နှင့် ပတ်သက်သူအချို့က ခရီးသွား ထောက်ခံစာ ရှိသည့်အတွက် ဂိတ်ကြေးကို လှေသမားဆီ ထုတ်ပေးမချင်။ ကိုယ်တိုင် ဖြုတ်ယူမည်ဟု ပြောကြသည်။ ဘုရားသုံးဆူမြို့မှ ဖားအံတက္ကသိုလ် အဝေးသင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားတစ်ဦးကလည်း သူ့တွင် ကျောင်းသားကဒ် ပါကြောင်း၊ သူကိုယ်တိုင် ဂိတ်ကြေး ဖြုတ်ယူမည် ဖြစ်ကြောင်း ပြောသည်။

ကျန်ခရီးသည်များ ဂိတ်ကြေးဖြုတ်ရန် ပိုက်ဆံကိုယ်စီ ထုတ်ပေးကြပါသည်။ ကျနော်တို့ လင်မယားက ထောင်တန် ၁၀ ရွက်ကို ထုတ်ကာ လှေပိုင်ရှင် မိန်းမကို ပေးလိုက်သည်။ ထိုပိုက်ဆံများ အားလုံးကို လှေသမားများက ဂိတ်ကြေးများအတွက် ပေးဆောင်လိမ့်မည် မဟုတ်ကြောင်း ခရီးသည် အဒေါ်ကြီးတစ်ဦးက ပြောသည်။

“ဥပမာ ဂိတ်တစ်ဂိတ်မှာ အယောက်သုံးဆယ်ဆိုရင် နှစ်ဆယ့်ငါးယောက်စာလောက်ပဲ သူတို့ ဖြုတ်မယ်။ သူတို့က ဂိတ်ထိုးသူတွေနဲ့ လက်ဝါးချင်း ရိုက်တာပါ” လို့ အဒေါ်ကြီးက ရှင်းပြသည်။

သည်လမ်းခရီးတွင် ဂိတ်ပေါင်း နှစ်ဆယ်ဝန်းကျင်ခန့် ရှိသည်။ လှေသမားတိုင်း ဂိတ်ရောက်လျှင် လှေဆိုက်ပြီး ကမ်းပေါ်တက် ဂိတ်ဖြုတ်ရသည်။

“နေပူလိုက် မိုးရွာလိုက် ဂိတ်ဖြုတ်လိုက်နဲ့ဆို ငါ့ကလေးတော့ ဖျားတော့မှာပဲ” ဟု လူလတ်ပိုင်း ကလေးငယ် မိခင်တစ်ဦးက ညည်းတွားသည်။ ဟုတ်တော့ ဟုတ်ပါသည်၊ လှေပြေးနေချိန်မှာတော့ လေတိုက်နေ၍ နေသိပ်မပူသလို ခံစားရပေမယ့် ဂိတ်ကြေးဖြုတ်ချိန် လှေရပ်နားစဉ်မှာတော့ အရမ်းပူပါသည်။

ကြာအင်းဆိပ်ကြီးဂိတ်သို့ မဆိုက်မီ ရေတပ်သဘောင်္တွင်လည်း ဂိတ်ကြေး ဖြုတ်ပါရသေးသည်။ ညခြောက်နာရီကျော်ခန့်တွင် ကြာအင်းဆိပ်ကြီးမြို့ကို ဆိုက်ရောက်ပြီး ကမ်းပေါ်အတက်မှာ ခရီးသည်စာရင်းစစ်ဌာနတွင် ဂိတ်ကြေး ဖြုတ်ရပြန်ပါသည်။ မှတ်ပုံတင်ပေး၊ နမည်ပြောပြီး ပိုက်ဆံတစ်ယောက် တစ်ထောင့်ငါးရာ ပေးရပါသည်။ ခရီးသည်စာရင်းဌာနကလည်း စေတနာပိုပိုနဲ့ ရေသန့်ဗူးတစ်ဗူးစီ ပေးပါသည်။ သို့သော် ပေးခဲ့သော ဂိတ်ကြေးပိုက်ဆံထဲက ဖြတ်ထားသည်ကို ခရီးသည်တိုင်း သိပါသည်။ ဆိုက်ကားသမား လူခေါ်သံများ၊ ဆိုင်ကယ်သမား လူခေါ်သံများဖြင့် လှေဆိပ်တစ်ခုလုံး ညံဆူနေပါသည်။

ကြားအင်းဆိပ်ကြီးမြို့ကို ရောက်ရှိသည်မှာ တော်တော်လေး မှောင်နေပါပြီ။ ဇနီးက အိမ်ကို အစောကြီး ရောက်ရန် ပူဆာသဖြင့် တက္ကစီ ငှားစီးရပါသည်။ နှစ်ယောက်အတွက် မုဒုံအထိ ပို့ပေးဖို့ ဆိုင်ကယ်တက္ကစီသမားကို ပြောသောအခါ တစ်ယောက် တစ်သောင်းသုံးထောင် ပေးရမည်ဟု ဆိုသဖြင့် စျေးအမှန်မသိသော ကျနော်တို့ လင်မယားနှစ်ယောက် ဆိုင်ကယ်လိုင်းကို စီးကာ ခရီးဆက်ရပါတော့သည်။ ဆိုင်ကယ်သမား တောင်းသော စျေးနှုန်းအတိုင်း မဆစ်သာပဲ ကျေကျေနပ်နပ် တစ်ယောက်တစ်စီးစီ ငှားစီးသွားပါသည်။ ကြားအင်းဆိပ်ကြီးမြို့အထွက် အစိုးရလုံခြုံရေး ဂိတ်တစ်ခုမှာ ပိုက်ဆံတစ်ယောက် တစ်ထောင် ပေးလိုက်ရပါသည်။ သည်မှတဆင့် သံပုရာရွာ မရောက်ခင် တံတားပေါ်က စစ်တပ်ဂိတ်မှာလည်း တစ်ယောက်တစ်ထောင် ထပ်ပေးလိုက်ရပြန်သည်။

ချောင်းနှစ်ခွ လှေကူးတို့ဂိတ် ရောက်တော့ တော်တော်လေး မှောင်နေပြီ။ မီးစက်အလင်းရောင်၊ ဘထ္ထရီမီး အလင်းရောင် ပြိုးတဲပြောက်တောက် ဇက်ဆိပ်တခုလုံး ဆူညံနေပါသည်။ မော်တော်ဆိုင်ကယ်ကို ဇက်ပေါ်တင်ပြီး ကူးရမှာမို့ ဆိုင်ကယ်နှစ်စီးစာအတွက် တစ်ထောင် ပေးလိုက်ရသေးသည်။ တဖက်ကမ်း ဇက်အကူးနှင့် ကြုံခိုက်မို့ အကုန်သက်သာခြင်း ဖြစ်သည်။ သို့မဟုတ် လှေငယ်လေးဖြင့် ကူးရပါက လှေသမားတွေ အချောင်ရိုက်လို့ တော်တော်လေး ကုန်ဦးမည်။ သည်တင်မက ဂိတ်ကြေး ဖြုတ်ရဦးမည်၊ ဆိုင်ကယ်သမားက ဂိတ်ကြေး ဖြုတ်ပေးဖို့အတွက် တစ်ယောက် တစ်ထောင့်ငါးရာ တောင်းသည်။ ကျနော်တို့ကိုယ်တိုင် ဖြုတ်ယူမည် ဆိုပါက ဂိတ်မှူးတွေ ဒီထက် ပိုယူမည်ဟု ပြောသည်။ ကျနော်က အရစ်မခံလိုသော ထုံးစံအတိုင်း နှစ်ယောက်စာအတွက် ပိုက်ဆံသုံးထောင် ထုတ်ပေးလိုက်ရပါသည်။

အိမ်ကိုတော့ ရောက်သွားပါသည်။ သို့သော် ပိုက်ဆံအိတ်ထဲက တစ်ထောင်တန်များ တဖြေးဖြေး သူတို့ပြောတဲ့ ရံပုံငွေဖလားထဲ ရောက်ကုန်သည်ကိုတော့ ပြန်ပြီး မြင်ယောင်မိပါသည်။ တကယ်လို့သာ ရံပုံငွေ အမှန်သာ ဖြစ်ခဲ့မည်ဆိုပါက ကျနော် တော်တော်လေး အလှူပေးလာခဲ့ရသည်ဟု စဉ်းစားပြီး ကြိတ်ပြုံးနေမိသည်။

အမေ့ချွေးမချောကို အဖေ၊ အမေနှင့် ကျနော့်မောင်နှမများက ပြုံးပြုံးလေးနှင့် ဆီးကြိုပါသည်။ လမ်းခရီး သွားလာရေး အခြေအနေ ကောင်းသလားလို့ အမေက မေးပါသည်။ “ဟုတ်ကဲ့အမေ ကောင်းပါတယ်” လို့သာ ပြောပြီး ပိုက်ဆံအိတ်ထဲက လက်ကျန်ပိုက်ဆံ တချို့တဝက်ကို အဖေနဲ့ အမေ့ကို ကန်တော့ပါသည်။

အမေ့ကို ကန်တော့စဉ်က မပြောဖြစ်ခဲ့တဲ့ စကားတစ်ခွန်းကို မိသားစုစကားဝိုင်းမှာ အမေ့ကို ပြောခဲ့မိပါသည်။ “အမေရယ် လမ်းမှာ ကျနော် ပိုက်ဆံတွေ အများကြီး ဝေလာခဲ့ရတယ်၊ သူတို့ပြောတဲ့ ရံပုံငွေဖလားထဲကိုပေါ့ အမေ”

ဤခရီးသည် ထိုင်းနိုင်ငံမှ ပြန်လာသည့် ကျနော့်၏ ခရီးစဉ်အတွက် အသုံးပြုခဲ့ရသော ငွေကြေးပမာဏ ဇာတ်ကြောင်းမျှသာ ဖြစ်ပါသည်။

About မွန်သတင်းအေဂျင်စီ

Check Also

ဇာတ်လိုက်ကိုဖမ်းမမိသည့် အလံတရာဒေသက ပန်းဦးဆက်ဇာတ်လမ်း

ယခင်က အကြောက်တရားများလွှမ်းမိုးနေပြီး ယခုအချိန်မှသာ ပွင့်ပွင့်လင်းလင်းပြောဆို တိုင်ကြားနိုင်လာသည့်အတွက် အလံတရာဒေသမှ ပန်းဦးဆက်ဇာတ်လမ်းနဲ့ပတ်သက်သည့် တိုင်ကြားစာများရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ် တိုင်ကြားစာ၊ အသနားခံစာနှင့် အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ ဥက္ကဌ ဦးအောင်ကျော်သူက ရှင်းပြသည်။ …

%d bloggers like this: