spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းစစ်အစိုးရ နိုင်ငံတော်အလံလဲ

    စစ်အစိုးရ နိုင်ငံတော်အလံလဲ

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ – ယနေ့ မွန်းလွဲ ၃ နာရီတွင် ပြည်ထောင်စု မြန်မာနိုင်ငံ အလံတော်ဟောင်းကို ချပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အလံတော်သစ်ကို မြို့နယ်အသီးသီးရှိ ရုံးတိုင်း ကျောင်းတိုင်းတွင် စစ်အစိုးရ ညွှန်ကြားချက်အရ ပြောင်းလဲလွှင့်တင်ခဲ့သည်။

    “မနေ့ကလည်း အကြောင်းကြားတယ် အလံချဖို့လေ။ ဒီနေ့လည်း ထပ်ပြောတယ်။ လွှင့်တင်ထားတဲ့ အလံကို ချပြီး အလံသစ် တင်ဖို့။ အလံသစ် ရှိရင် တင်၊ မရှိသေးရင်လည်း လွှင့်တင်ထားတဲ့ အလံကို ချဖို့၊ ညွှန်ကြားထားတယ်” ဟု မွန်ပြည်နယ်ရှိ ကျောင်းဆရာမတစ်ဦးက ပြောသည်။

    သို့သော် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလံသစ်ကို မတွေ့ရသေးကြောင်း၊ ၄င်းတို့ ကျောင်းရှိ ပြည်ထောင်စု မြန်မာနိုင်ငံ အလံဟောင်းကို မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် အလံတိုင်မှ ချခဲ့ရကြောင်း ကျောင်းဆရာမက ပြောသည်။

    ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလံသစ်မှာ အဝါ၊ အစိမ်း၊ အနီ သုံးရောင်ခြယ်အလံ ဖြစ်ပြီး အလယ်ရှိ ကြယ်တစ်လုံးမှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကို လည်းကောင်း၊ အဝါရောင်မှာ ဘာသာ၊ သာသနာနှင့် ပညာ တိုးတက်ခြင်း၊ အစိမ်းရောင်မှာ စပါးဆန်ရေ၊ ကျွဲနွား အထွေထွေ ပေါများခြင်း နှင့် အနီရောင်မှာ မြင်သူအသဲတွင် ရဲစိတ်ရဲမာန် ထက်သန်စေခြင်းကို လည်းကောင်း အသီးသီးကိုယ်စားပြုကြောင်း စစ်အစိုးရ အသိုင်းအဝိုင်းက ပြောသည်။

    သို့သော် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှ အရာရှိတစ်ဦးက “အစိမ်းနုရောင်က ငြိမ်းချမ်းသာယာရေးကို ကိုယ်စားပြုသော်လည်းပဲ အခုအလံထဲက အရောင်က အစိမ်းရင့်ရောင် ဖြစ်နေတယ်။ အစိမ်းရင့်ရောင်က စစ်ရောင် ဖြစ်တယ်။ စစ်တပ်ကို ကိုယ်စားပြုတယ်၊ စစ်တပ်ကပဲ အုပ်ချုပ်ခြင်း ဖြစ်တယ်လို့ပဲ မြင်တယ်” ဟု ပြောသည်။

    အလယ်ရှိ ကြယ်ဖြူကြီးမှာ သမ္မတကို ကိုယ်စားပြုပြီး၊ ၄င်းသမ္မတမှ ပြည်သူများကို စာနာထောက်ထားပြီး မင်းကျင့်တရား ၁၀ ပါးနှင့် အညီ တိုင်းပြည်ကို အုပ်ချုပ်သွားမည်ဟု ထင်မြင်ကြောင်း ၄င်းအရာရှိကပင် ဆက်လက်ပြောကြားသည်။

    ယခင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီ (မဆလ) ခေတ်တွင် စတင်အသုံးပြုခဲ့သည့် အလံမှာ ထောင့်မှန်စတုဂံပုံ ဖြစ်ပြီး အောက်ခံအရောင်မှာ အနီရောင် ဖြစ်သည်။ လက်ဝဲဘက် အထက်ထောင့်ရှိ အပြာရောင် အောက်ခံလေးထောင့်ကွက်ပေါ်တွင် အရွယ်တူ ကြယ်ဖြူ ၁၄ လုံး ဝန်းရံထားသော ပင်နယံနှင့် စပါးနှံ နှစ်ခက် ရှိသည်။ ပင်နယံတွင် တူညီသော စက်သွားစိတ်ပေါင်း ၁၄ ခု ရှိသည်။ ပင်နယံအတွင်းရှိ စပါးနှံများတွင် စပါးစေ့ပေါင်း ၃၄ စေ့ ရှိပြီး စပါးနှံများ၏ တစ်ဖက်တစ်ချက်စီတွင် စပါးရွက် နှစ်ရွက်စီ ရှိသည်။

    စပါးနှံနှင့် စက်သွားသည် အခြေခံလူတန်းစားနှစ်ရပ် ဖြစ်သာ တောင်သူလယ်သမားများနှင့် အလုပ်သမားများကို ရည်ညွန်းပြီး အရွယ်တူကြယ်ဖြူ ၁၄ လုံးသည် ပြည်နယ် ခုနစ်ခုနှင့် တိုင်း ခုနစ်တိုင်းတို ့၏ တန်းတူညီမျှမှုကို ဖော်ဆောင်ထားကြောင်း၊ အလံတော်ရှိ အဖြူရောင်မှာ သန် ့ရှင်းစင်ကြယ်ခြင်း၊ အနီရောင်မှာ ရဲရင့်ပြတ်သားခြင်း၊ အပြာရောင်မှာ ငြိမ်းချမ်းခြင်းနှင့် တည်ကြည်ခြင်းကို ဖော်ဆောင်ထားကြောင်း (မဆလ) အစိုးရ က အဓိပ္ပါယ် ဖွင့်ဆိုခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts