spot_img
Tuesday, April 16, 2024
More
    spot_img
    Homeမေးမြန်းချက်အနုပညာသည်တွေဆိုတာ ပြည်သူတွေကို အနုပညာနဲ့ ရသမြောက်စွာ ဖျော်ဖြေအသုံးတော်ခံဖို့ပါ

    အနုပညာသည်တွေဆိုတာ ပြည်သူတွေကို အနုပညာနဲ့ ရသမြောက်စွာ ဖျော်ဖြေအသုံးတော်ခံဖို့ပါ

    -

    မင်းလဝီ

    အာကာ – မင်းလဝီ သည် မွန်ရော့ခ် (Rock) သီချင်း အဆိုတော်တစ်ဦး ဖြစ်ပြီး ဂျေတော့ တေးစီးရီးဖြင့် မွန်လူထု အကြား လူသိများခဲ့သည့် လူငယ်အဆိုတော်တစ်ဦး ဖြစ်သည်။ လက်ရှိတွင် ရန်ကုန်မြို့၌ နေထိုင်လျက် ရှိပြီး (The Light Music) မွန်ရော့ခီ တေးဂီတအဖွဲ့၏ အဆိုရှင်တစ်ဦးလည်း ဖြစ်သည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ (၂၀၁၀) ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက် တေးသီချင်းများ အသံသွင်းရန်အတွက် မွန်တေးသံရှင်များကို အကူအညီ တောင်းထားပြီး အချို့တေးသံရှင်များက လက်ခံကြသော်လည်း အချို့တေးသံရှင်များက လက်မခံကြကြောင်း သိရသည်။ လက်မခံသည့် တေးသံရှင်များတွင် လဝီ လည်း တစ်ဦး အပါအဝင် ဖြစ်သည်။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ မဲဆွယ်စည်းရုံးရေး သီချင်းဆိုရန် လက်မခံသည့် လဝီ ကို လွတ်လပ်သော မွန်သတင်း အေဂျင်စီမှ နိုင်အာကာ က ဆက်သွယ်မေးမြန်းထားပါသည်။

    မေး။    ။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီက မဲဆွယ်စည်းရုံးဖို့အတွက် မဲဆွယ်သီချင်းတွေကို သွင်းနေပြီလို့ ကြားတယ်။ လဝီ ကိုလည်း သီချင်းဆိုပေးဖို့ အကူအညီတောင်းထားတယ်လို့ ကျနော်တို့ ကြားရတယ်၊ ဟုတ်ပါသလား၊

    ဖြေ။    ။ ဟုတ်ပါတယ်ခင်ဗျား။

    မေး။    ။ ဘယ်သူတွေက လာပြီး အကူအညီတောင်းထားတာလဲ၊ နောက်တော့ ဘယ်လို အဖြေပေးထားသလဲ။

    ဖြေ။    ။ စက်တင်ဘာ ပထမအပတ်တုန်းက ကော့ဒွတ် (မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲ) ကို ကိစ္စတစ်ခုနဲ့ ကျနော်ဆင်းသွားတယ်။ လမိုင်း (ရေးမြို့နယ်ခွဲ) က ပါတီ၀င် တစ်ယောက်နဲ့ ကော့ဒွတ်မှာ ဆုံကြတယ်။ အဲဒီမှာ သူက မဲသီချင်း လုပ်မယ်။ ပြည်သူတွေ မဲထည့်တတ်အောင် အသိပညာပေးမယ့် ပုံစံပေါ့။ သူက ဂီတမွန်တို့ ပါ၀ါမြူးဇစ်တို့ အခြားမွန်အဆိုတော်တွေနဲ့လည်း သဘောတူညီချက် ရထားပြီးပြီ။ ဒီတော့ ကျနော်အနေနဲ့လည်း သံစဉ် လုပ်ပေးဖို့နဲ့ ဆိုပေးဖို့ကို တောင်းဆိုတယ်။ ကျနော်လည်းပဲ အခြားမွန်အဆိုတော် အားလုံးလိုလိုက ဒီသီချင်းဆိုဖို့ ကိစ္စကို လက်ခံထားပြီးပြီ ဆိုတော့ ကျနော့်အနေနဲ့ ဆိုဖို့ မဆိုဖို့က ပြောရခက်နေတယ်။ စဉ်းစားချင့်ချိန်ဖို့လည်း အချိန်က မရဘူး။ ဒါကြောင့်မို့  ကျနော်က ကျနော်အားရင် အားသလို တတ်နိုင်သလောက်တော့ ၀ိုင်းကူပေးမယ်လို့ ယာယီအားဖြင့် နှုတ်ကတိပေးခဲ့တယ်။ ကျနော်ရန်ကုန် ပြန်ရောက်တော့ လူတစ်ယောက်က ကျနော့်ဆီ ဖုန်းဆက်လာတယ်။ ဆိုပေးနိုင်မလားပေါ့။ ကျနော်က သံစဉ်စာသားတွေက ကျနော်နဲ့ မကိုက်ညီဘူးလို့ အကြောင်းပြန်လိုက်ပါတယ်။ နောက်တော့ သီချင်းခွေကြမ်းနဲ့ စာသားတွေ ကျနော့်ဆီ ပို့လာပါတယ်။ ကျနော်နားထောင်ကြည့်တော့ မဖြစ်တော့ဘူးလို့ ကျနော်ဆုံးဖြတ်လိုက်တယ်။

    မေး။    ။ ဒါ့ကြောင့် သီချင်းဆိုဖို့ လက်မခံပဲ ငြင်းပယ်လိုက်တာလား။

    ဖြေ။    ။ ပွင့်ပွင့်လင်းလင်းပြောရလျှင် နိုင်ငံရေးခံယူချက်ထက် အနုပညာ ခံယူချက်ကြောင့် လက်မခံတာပါ။ ကျနော်က အနုပညာသမားပါ။ နိုင်ငံရေးသမား မဟုတ်ဘူး။ နိုင်ငံရေးကို မကျွမ်းကျင်ဘူး။ ဒါကြောင့် ဒီအယူအဆက မှန်တယ်။ ဟိုအယူအဆက မှားတယ်လို့ မေ၀ဖန်ချင်ဘူး။ အနုပညာသမားတစ်ယောက် အနေနဲ့ မေ၀ဖန်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ဒီကိစ္စကို ကျနော်က အနုပညာအမြင်နဲ့ပဲ ကြည့်ပါတယ်။ မှားကောင်း မှားလိမ့်မယ်။ မှန်ကောင်း မှန်လိမ့်မယ်ပေါ့။ ကျနော်ကတော့ သီချင်းတစ်ပုဒ်ကို အနုပညာပေတံနဲ့ပဲ တိုင်းတယ်။ ကျနော် ခံယူထားတာက သီချင်းဆိုတာဟာ ရသကို အရမ်းအလေးပေးရတာပါ။ သုတက သီချင်းထဲမှာ မပါလည်း ရပါတယ်။ အရေးတော့မကြီးဘူးလို့ ထင်တယ်။ အလင်္ကာ၊ ကာရန်၊ ကဗျာ၊ ေ၀ါဟာရ တွဲလုံးတွေကို အသားပေး သုံးကြတာဟာ ရသပေါ်လွင်ဖို့နဲ့ ဂုဏ်မြောက်ဖို့ပဲလေ။ ဒါမှ ကျနော်က သီချင်းလို့ ယူဆတယ်။ သုတသီချင်းကို ကျနော် ရေးလည်း မရေးတတ်ဘူး။ ဆိုလည်း မဆိုတတ်ဘူး။ စဉ်းစားကြည့်ပေါ့ဗျာ။ လွမ်းပြီး ငိုရမှာလား၊ ပျော်ပြီး အော်ရမှာလား။ ကြမ်းပြီး ခက်ထန်ရမှာလား ဘယ်လိုဟန်နဲ့ ဆိုရမှာလဲ။

    ဘာပဲဖြစ်ဖြစ်လေ ကိုယ့်လိပ်ပြာသန့်ဖို့က အရေးကြီးတယ် မဟုတ်လား။ ကျနော်က အရောင်အဆိုးခံ၊ အရိပ်အမိုးခံ အဖြစ်မခံချင်ဘူး။ ကျနော့် အနုပညာကို ကျနော်လွတ်လပ်မှု အပြည့်ပေးထားတယ်။ စျာန်အာရုံ မ၀င်စားပဲနဲ့ သီချင်းရေးတာတွေ ဆိုတာတွေ ကျနော့်ကိုကျနော် မလုပ်ဘူး။ ရေးစရာသီချင်းတွေ တော်တော်များများ ရှိနေပေမယ့် စျာန်မ၀င်ရင် ပိုက်ဆံရလည်း မလုပ်ဘူး။ အတင်းလုပ်ယူရင် အနုပညာပညာလည်း မမြောက်တော့ဘူး။ အရည်အသွေးလည်း မကောင်းတော့ဘူး။

    မေး။    ။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ ဥက္ကဌ နိုင်ငွေသိမ်းဟာ မွန်ဂီတအစည်းအရုံးမှာ နာယက တစ်ယောက်ဆိုတော့ ပုဂ္ဂိုလ်ရေးအရ အကူအညီတောင်းရင် အကူအညီ ပေးသင့်တယ်လို့ မယူဆဘူးလား။

    ဖြေ။    ။ ဆရာငွေသိမ်း (အ္စာဇနူ) ဆိုတာက ကျနော်အလေးစားရဆုံး မွန်တေးရေးဆရာပါ။ မွန်သီချင်းအများဆုံး ရေးထားတဲ့ တေးရေးဆရာ တစ်ယောက်ပါ။ သူ့ရဲ့ တေးရေးပညာတွေကို ကျနော် လေ့လာနေရဆဲပါပဲ။ သူ့ရဲ့ ပညာဂုဏ်ကလည်း ကြီးမြတ်လှပါတယ်။ လေးစားအားကျဖို့ ကောင်းပါတယ်။ ကျနော်အဆိုတော် မဖြစ်ခင် ကျောင်းသားဘ၀ကတည်းက ဆရာနဲ့ ကောင်းကောင်းရင်းနှီးခဲ့ပါတယ်။ ဆရာ့ရဲ့ အင်္ဂလိပ်စာ သင်တန်းကိုလည်း ခဏတက် ဖြစ်ခဲ့သေးတယ်။ ကျနော် စီးရီး စလုပ်တုန်းက ဆရာ့ဆီကို သီချင်းအပ်မလို့တောင် ရည်ရွယ်ထားသေးတယ်။ နောက်တော့မှ ကျနော်တစ်ယောက်တည်း ရေးဖြစ်သွားတာ။ ဒီကိစ္စကို ဆရာကိုယ်တိုင် လူချင်းတွေ့ပြီး ဆွေးနွေးရင်လည်း ကျနော်က ကျနော့် ခံယူချက်အတိုင်း ပြောဖြစ်မှာပဲ။ ဆရာက နိုင်ငံရေးသမား တစ်ပိုင်း၊ အနုပညာသမား တစ်ပိုင်းပဲ။ အနုပညာသည်တွေရဲ့ စိတ်ဓါတ်ကို နားလည်နိုင်မှာပါလို့ ကျနော်တော့ ထင်တယ်။

    မေး။    ။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ အပေါ် အဆိုတော်တစ်ယောက်အနေနဲ့ ဘယ်လို သဘောထားလဲ။

    ဖြေ။    ။ ကျနော် ပြောပြီးပြီပဲ။ ဒီအယူအဆ ဟိုအယူအဆ အမှားအမှန်တွေကို ကျနော် မေ၀ဖန်နိုင်သေးဘူး။ အယူအဆရေးရာကို မေ၀ဖန်ချင်ဘူး။ ဒီအယူအဆကို လက်ခံတဲ့ ကျနော့်ရဲ့ ပရိသတ် ရှိနိုင်သလို အခြားအယူအဆကို လက်ခံတဲ့ ကျနော့် ပရိသတ်လည်း ရှိနိုင်တာပဲ မဟုတ်လား။ တွေးကြည့်ကြပေါ့ဗျာ…..

    မေး။    ။ တကယ်လို့ သီချင်းဆိုဖို့ အကူအညီ မပေးနိုင်ခဲ့ဘူး ဆိုရင် ပုဂ္ဂိုလ်ရေး ခင်မင်မှုတွေ ပျက်စီး မသွားနိုင်ဘူးလား။ ဒါဟာ ဆုံးရှုံးမှုတစ်ခုလို့ မယူဆဘူးလား။

    ဖြေ။    ။ ပြောရမယ်ဆိုရင် ဒီပါတီ၀င်ထဲက ထိပ်တန်းပုဂ္ဂိုလ်တွေ အားလုံးလိုလိုဟာ ကျနော့်ရဲ့ ဆရာ့ဆရာတွေချည်းပါပဲ။ ဘာပဲဖြစ်ဖြစ်လေ ခင်မင်မှုတွေ ပျက်စီးကောင်း ပျက်စီးသွားလိမ့်မယ်။ ဒါပေမယ့် ဆုံးရှုံးမှုလို့တော့ မယူဆချင်ဘူး။ ဆရာ့ဆရာတွေက ဒီမိုကရေစီ အယူအဆ စွဲကိုင်ထားတာပဲ။ ကျနော်တို့ကိုလည်း လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်တော့ ပေးရမှာပဲလေ။ ဟုတ်တယ် မဟုတ်လား။

    မေး။    ။ အဆိုတော် တစ်ယောက်မှာ နိုင်ငံရေး ခံယူချက်တွေ ရှိရမယ်လို့ မခံယူဘူးလား။

    ဖြေ။    ။ နိုင်ငံသားတိုင်း၊ လူသားတိုင်းမှာ နိုင်ငံရေး ခံယူချက် ရှိသင့်ပါတယ်။ ချွင်းချက်လည်း ရှိသင့်ပါတယ်။

    မေး။    ။ မွန်ပါတီကလည်း မွန်လူမျိုးတွေရဲ့ အကျိုးကို လုပ်ပေးဖို့ ရွေးကောက်ပွဲ ဝင်တာပဲ ပြောတယ် မဟုတ်လား၊ ဒီတော့ မွန်လူမျိုး အကျိုးအတွက် ဆိုပေးသင့်တယ်လို့ မယူဆဘူးလား။

    ဖြေ။    ။ ဒါကတော့ ကိုယ့်ဟာကို ဆုံးဖြတ်ရမယ့် အပိုင်းလေ။ ကိုယ့်အနုပညာ ခံယူချက်နဲ့ ကိုယ်ပေါ့။ အမှန်တော့ ပါတီသီချင်းကို ပါတီ၀င်တွေထဲက အဆိုကောင်းတဲ့ သူတွေကို ဆိုခိုင်းတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ပညာသည်တွေကို ဆိုခိုင်းတာဟာ ပညာသည်တွေကို အနည်းနဲ့အများ ရိုက်ခတ်စေပါတယ်။ မဆိုသင့်ဘူးလို့ ထင်ပါတယ်။ အကယ်၍ ကိုယ်က ပါတီ၀င်တစ်ယောက် ဖြစ်ခဲ့မယ် ဆိုရင်တော့ အကြောင်းမဟုတ်ဘူးပေါ့။

    မေး။    ။ တခြား သီချင်းဆို/ မဆိုပေးတဲ့ အဆိုတော်တွေကို ဘယ်လို ပြောချင်တာလဲ။

    ဖြေ။    ။ ကိုယ့်သမိုင်းကို ကိုယ်ရေးကြပေါ့။ ဒါပဲ ပြောချင်တယ်။

    မေး။    ။ မွန်ပြည်သူတွေကို ဘယ်လိုပြောချင်သလဲ။

    ကျနော်တို့ အနုပညာသည်တွေဆိုတာ ပြည်သူတွေကို အနုပညာနဲ့ ရသမြောက်စွာ ဖျော်ဖြေအသုံးတော်ခံ ကြတာပါ။ ကျနော်တို့ဟာ အဘိဓမ္မာဆရာတွေ မဟုတ်ပါဘူး။

    အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

    ဟုတ်ကဲ့ ကျနော်လည်း ဖြေကြားခွင့် ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,300SubscribersSubscribe
    spot_img

    Latest posts