မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / မည်သူ လမ်းညွှန်ပေးမည်နည်း

မည်သူ လမ်းညွှန်ပေးမည်နည်း

ရေးသားသူ:

အချိန်ကား (ဒုတိယ) ဝါဆိုလပြည့်နေ့ နံနက်ခြောက်နာရီခွဲခန့်။   နေရောင်ခြည်သည် အရှေ့အရပ်မှ နေ၍ မိုးတိမ် မိုးလိပ်တွေကြားမှ ထိုးဖောက်ပြီး ရွှေဝါရောင်အလင်းတန်းကို လောကကြီးပေါ် ဖြာကျလာသည့် မြင်ကွင်းက မြင်ရသူများ၏ ရင်ကို ကြည်နူးစေသည်။ မွန်ပြည်နယ်ရဲ့ တောင်ဘက်အကျဆုံး ရေးမြို့၏ အထင်ကရ နေရာဖြစ်သော ရွှေဆံတော်ဘုရားရှေ့တွင် ဆွမ်း၊ ရေချမ်း၊ ပန်း၊ နံ့သာများကို ကပ်လှူအပြီး ပြန်လာသူများနှင့် ယင်းဘုရားရှေ့ရှိ ကမ်းနားစျေး (မြသီတာစျေး) သို့ စျေးဝယ်သူများနှင့် ပြည့်လျက် ရှိသည်။

ထိုိဘုရားဖူးများနှင့် စျေးဝယ်သူများမှာ ဖြူ၊ နီ၊ စိမ်း၊ ဝါ၊ ခရမ်း စသည့် အဝတ်အစားသစ်များကို ဝတ်ဆင်ထားကြသည်။ သူတို့၏ မျက်နှာများပေါ်၌ အပြုံးရိပ်များကို တွေ့မြင်နေရပြီး တစ်ဦးနှင့် တစ်ဦး ပျော်ရွှင်စွာ စကားပြောရင်း လမ်းလျောက်နေကြသည်။ ဘုရားမှလာသော ဖယောင်းတိုင်မီးငွေ့နှင့် အမွှေးတိုင်အငွေ့တို့က ဘုရားရင်ပြင်ကို ကျော်၍ ယင်းလမ်းမထိတိုင် သင်းပျံ့နေလေတော့သည်။ နံနက်နေရောင်ခြည်၊ အမွှေးရနံ့များနှင့် သူတို့၏ အပြုံးများကို ပေါင်းစပ်လိုက်သောအခါ ၄င်းမြင်ကွင်းမှာ မြင်ရသူတို့၏ စိတ်ကို အလွန်ကြည်နူးစေပါသည်။

ထိုအချိန်မှာပင် ၄င်းရွှေဆံတော်ဘုရားရှေ့ လမ်းပေါ်ရှိ ပလက်ဖောင်းပေါ်၌ ယင်းအခြင်းအရာနှင့် ဆန့်ကျင်ဘက် လူတစ်စုတော့ ရှိနေသည်။ ထိုလူများ၏ မျက်နှာပေါ်မှာတော့ ပထမ လူများကဲ့သို့ ပျော်ရွှင်ခြင်း မရှိဘဲ သုန်မှုန်နေကြသည်။ ထိုလူများသည် ၄င်းပလက်ဖောင်းပေါ်၌ အကြောင်းမဲ့ ထိုင်နေကြခြင်း မဟုတ်ဘဲ မိမိတို့ ကောက်၍ ရလာသော ပစ္စည်းများနှင့် သံတိုသံစများကို ရေတွက်နေကြခြင်း ဖြစ်သည်။

ထိုသူများသည် ဟောင်းနွမ်းနေပြီးဖြစ်သော အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး အိတ်တစ်လုံးစီနှင့် တုတ်ချွန်တစ်ချောင်းစီတော့ ရှိကြသည်။ ထိုလူစုအား လူတစ်စုဟု ပြောရသော်လည်း အသက်မပြည့်သေးသည့် ခလေးငယ်များသာ ဖြစ်ကြပြီး အရွယ်နှင့် မမျှအောင်ပင် အလုပ်လုပ်နေကြသူများ ဖြစ်ကြသည်။

ထိုခလေးတစ်စုထဲ၌ အကြီးဆုံးမှာ အသက် (၁၀) နှစ်ခန့်သာ ရှိပြီး အငယ်ဆုံးမှာ အသက် (၅) နှစ်ခန့်သာ ရှိသည််။ အကြီးဆုံးမှာ ယောက်ျားလေး ဖြစ်ပြီး အငယ်ဆုံးခလေးမှာ မိန်းကလေး ဖြစ်သည်။ အားလုံးပေါင်း ရှစ်ယောက်ခန့် ရှိကြပြီး ယောက်ျား ငါးယောက်နှင့် မိန်းခလေး သုံးယောက် ဖြစ်သည်။ ပလက်ဖောင်းပေါ်၌ ပစ္စည်းရေတွက်သူက ရေတွက်နေကြပြီး တစ်ချို့မှာ ပလက်ဖောင်းဘေးတွင် ဂေါ်လီလှိမ့်နေကြသည်။

ထိုအခိုက် “ အစ်ကို မီး ဒါလေး စားချင်တယ်”  ဟု အသံတစ်သံ ထွက်ပေါ်လာသည်။ ကျနော်လည်း ထိုအသံလာရာသို့ လှည့်ကြည့်မိရာ အသက်ငါးနှစ်ခန့် အငယ်ဆုံး မိန်းခလေးက သူ၏ အစ်ကိုဖြစ်ဟန်တူသော အသက်ဆယ်နှစ်ခန့်ရှိ ကောင်လေးအား ပလက်စတစ် ဇီးထုပ် အခွံကို ပြ၍ ပြောနေခြင်းဖြစ်သည်။

ဇီးသား အနည်းငယ် ကျန်နေသည့် ဇီးထုပ် ပလက်စတစ် အိတ်ခွံကို အစ်ကိုက ခေတ္တကိုင်ကြည့်ပြီး “သူများ စားပြီးသားဟာကို မစားပါနဲ့” ဟု ပြောပြီး ထိုအိတ်အခွံကို ပလက်ဖောင်းဘေးရှိ မြောင်းထဲသို့ လွှင့်ပစ်လိုက်လေသည်။ ကောင်မလေးသည် အစ်ကို ပစ်လွှင့်လိုက်သော အိတ်ခွံနောက်သို့ နှမျောတသသော မျက်လုံးအစုံဖြင့် ငေး၍ ကြည့်နေလေတော့သည်။

ထိုကလေးမလေး ဝတ်ထားသော အကျႌမှာ အဖြူရောင်ဖြစ်သည်။ သို့သော် ၄င်းအကျႌမှာ ဟောင်းနွမ်းညစ်ပေနေပြီး နီညိုရောင်သို့ပင် ပြောင်းနေပြီ ဖြစ်သည်။သူမဝတ်ဆင်ထားသော ဘောင်းဘီမှာ ကျောင်းစိမ်းရောင် ဘောင်းဘီ ဖြစ်သော်လည်း ပေညစ်နေသောကြောင့် မီးခိုးရောင်သို့ပင် ပြောင်းနေလေတော့သည်။

အစ်ကိုဖြစ်သူ ဝတ်ထားသော အကျႌမှာ အဖြူပေါ်၌ အညိုရောင် အစင်းခံထားသော အကျႌ ဖြစ်ပါလျက် တစ်ထည်လုံး အဖြူရောင် ပျောက်၍ အညိုရောင်သို့ ပြောင်းနေသည်။ အမည်ရောင် ဘောင်းဘီမှာလည်း အလွန်ပေညစ်နေသည်။

ဤကဲ့သို့သော ခလေးများကို ရွှေဆံတော်ဘုရားရှေ့ ပလက်ဖောင်းပေါ် တစ်နေရာတည်းသာ မဟုတ်ပဲ ရေးမြို့၏ နေရာအတော်များများတွင် တွေ့မြင်နိုင်ပါသည်။ ဤခလေးများသည် တစ်အုပ်စုလျှင် သုံးဦးမှ ဆယ်ဦးအထိ သွားလာလှုပ်ရှားနေကြသည်။ သူတို့သွားလာတတ်သော နေရာများမှာ စျေး၊ လ္ဘက်ရည်ဆိုင် ရှိတတ်သော နေရာများ၊ အမှိုက်များ စွန့်ပစ်တတ်သော ချောင်းနံဘေး၊ အမှိုက်ပုံများနှင့် အိမ်ကြိုအိမ်ကြားရှိ ဆယ်ပေလမ်းကြားများ ဖြစ်သည်။

ဤခလေးများနှင့် ပတ်သတ်၍ အသက် (၃၀) ခန့်ရှိ အမျိုးသမီး လ္ဘက်ရည်ဆိုင် ပိုင်ရှင်က “ခလေးတွေက အများအားဖြင့် စရိုက်ကြမ်းကြတယ်၊ အကျင့်လည်း မကောင်းကြဘူး” ဟု မှတ်ချက်ချသည်။

ဤခလေးများသည် သူမ၏ ဆိုင်ရှိ နို့ဆီဗူးများနှင့် အချိုရည်ဗူးများကို ခွင့်မတောင်းဘဲ ကောက်ယူသွားကြကြောင်း၊ လူလစ်လျှင် လစ်သလို ပစ္စည်းကိုပါ ကောက်ယူသွားတတ်ကြကြောင်း၊ အခြား လ္ဘက်ရည်ဆိုင်နှင့် အချိုရည်ဆိုင်များလည်း သူမဆိုင်ကဲ့သို့ ကြုံနေကြရကြောင်း သူမက ပြောသည်။

တစ်ခါက ၄င်းခလေးတစ်သိုက်သည် သူမဆိုင်မှ နို့ဆီဗူးနှင့် အချိုရည်ဗူးများ စုပုံထားသည့် ဆိုင်၏အနောက်ဘက်သို့ သူမထံတွင် ခွင့်မတောင်းဘဲ အလုအယက် ကောက်ကြသည်။ ထိုဗူးများကို မကောက်ရန် ပြောရာ ခလေးတစ်ဦးက သူမအား ပြန်လည် ဆဲဆိုသောကြောင့် ခြောက်လှန့်၍ မောင်းထုတ်လိုက်ရကြောင်း သူမက  ပြောသည်။

ပစ္စည်းတစ်ခုကို ဝယ်လိုသည့်နှင့် ကမ်းနားစျေး (မြသီတာစျေး) သို့ သွားရာ ကမ်းနံဘေး အုတ်တံတိုင်း အပြင်ဘက်ရှိ အမှိုက်ပုံတွင် ခလေးတစ်သိုက်သည် ဆန်ထည့်သော ဂုန်နီအိတ် ကိုယ်စီဖြင့် အမှိုက်ပုံထဲတွင် အလုအယက် တိုးဝှေ့ပြီး ပစ္စည်းဟောင်းများကို ကောက်နေကြသည်ကို တွေ့ရသည်။ ထိုနေ့သည် ကျောင်းဖွင့်ရက် ဖြစ်သည်။

၄င်းကို မြင်ပြီး ကလေးများ၏ ပညာရေး မည်သို့ရှိမည်ကို ခပ်လှမ်းလှမ်းတွင် ရှိသော အော်တိုဖုန်းဆိုင်မှ အမျိုးသမီးတစ်ဦးကို မေးသည့်အခါ “ ဒီခလေးတွေ ကျောင်းနေမယ့်ပုံ မပေါ်ပါဘူး” ဟု ပြောသည်။

ထိုခလေးများကို အမှိုက်ပုံကြားတွင် နေ့တိုင်းလိုလို တွေ့ရကြောင်း၊ တစ်ခါတစ်လေ ပစ္စည်းလုရာတွင် အချင်းချင်း ဆဲဆိုကြပြီး တစ်ခါတစ်ရံ ထိုးကြိတ်ကြကြောင်း သူမက ပြောသည်။

ခလေးများ ဤအခြေအနေသို့ ရောက်ရခြင်းမှာ မိဘနှင့် များစွာ သက်ဆိုင်ကြောင်း၊ မိဘများသာ ၄င်းတို့သားသမီးများကို ယခုကဲ့သို့ မခိုင်းစေပါက ယခုကဲ့သို့ အမှိုက်ကောက်ဘဝ မရောက်နိုင်ကြောင်း၊ အချို့မိဘများ စားဝတ်နေရေး အခက်အခဲကြောင့် သားသမီးများ၏ ကျောင်းစရိတ် မတတ်နိုင်ပဲ ရရာအလုပ် လုပ်စေကာ မိမိတို့၏ စားဝတ်နေရေးကို ဝိုင်းဝန်းဖြည့်ဆည်းစေကြကြောင်း၊ ခလေးများ၏ ပညာရေးနှင့် အနာဂတ်မှာ မတွေးဝံ့ဖွယ် ရှိကြောင်း အော်တိုဖုန်းဆိုင်ရှင်က ပြောသည်။

“ခလေးတွေ ဒီနှစ်မှာ အရင်နှစ်တွေထက် များလာတယ်” ဟု သူမက ပြောသည်။

ထို့ကဲ့သို့ ခလေးများ ယခင်ကလည်း ရှိခဲ့ကြောင်း၊ လွန်ခဲ့သည့် နှစ်ထက်စာလျှင် ယခုနှစ် ပို၍ပင် များပြားလာလျှက် ရှိကြောင်း၊ ရေးမြို့၌ ယင်းကဲ့သို့ ပစ္စည်းဟောင်းများနှင့် ပလပ်စတစ်ကောက်သည့် ခလေးများသာမက ခေါင်းပေါ်တွင် စျေးဗန်းရွက်၍ စျေးရောင်းနေရသော ခလေးလည်း များစွာရှိကြောင်း  သူမကပင် ဆက်ပြောခဲ့သည်။

ပစ္စည်းဟောင်းများနှင့် နို့ဆီဗူးအခွံများကို လိုက်ကောက်နေသော အသက်ဆယ်နှစ်ခန့်ရှိ ကလေးတစ်ဦးက “သူများတွေ ကျောင်းတက်တာ မြင်တော့ ကျနော်လည်း ကျောင်းတက်ချင်တာပေါ့” ဟု ညှိုးငယ်သော မျက်နှာဖြင့် ပြောသည်။

ဒုတိယတန်းထိ ကျောင်းနေခဲ့ရကြောင်း၊ မိသားစု စားဝတ်နေရေး မပြေလည်သည့်အတွက် ကျောင်းထွက်ခဲ့ရပြီး ပစ္စည်းဟောင်းများနှင့် ဗူးခွံများကို ယခုကဲ့သို့ ပင်ပန်းစွာ လိုက်လံကောက်နေရကြောင်း၊ ဗူးခွံများကို ပြန်ရောင်းပါက နို့ဆီဗူးခွံ တစ်လုံးလျှင် (၄) ကျပ်၊ အချိုရည်ဗူး (ဘီယာဗူး၊ သံဗူး) တစ်လုံး (၁၀) ကျပ် ရရှိကြောင်း သူက ပြောသည်။

ခေါင်းပေါ်၌ စျေးဗန်းကို ရွက်၍ ရောင်းရသော အသက် ဆယ်နှစ်ခန့်ရှိ ယောကျာ်းလေးတစ်ဦးကို မေးကြည့်ပါသည်။ သူ၏ညီဖြစ်သော အသက် ခုနစ်နှစ်ခန့် ကောင်လေးလည်း ပါသည်။ ထိုကလေးနှစ်ယောက်လုံး စျေးဗန်း တစ်ချပ်စီကို ရွက်ထားကြလေသည်။ “ကျနော်တို့ အဖေနဲ့ အမေ လုပ်စာနဲ့ မလောက်လို့ပါ” အကိုဖြစ်သူက ပြောသည်။

၄င်းညီအစ်ကိုနှစ်ဦးမှာ ရေးမြို့တဖက်ကမ်းရှိ ချောင်းတောင်ကျေးရွာမှ ထန်းသီးအနုများကို လာ၍ ရောင်းချကြောင်း၊ ထန်းသီးအနုများ ကုန်မှ ပြန်ကြသည့်အတွက် တစ်ခါတစ်ရံ မိုးချုပ်သည်အထိ ရောင်းချကြရကြောင်း ပြောသည်။

(ချောင်းတောင်ကျေးရွာသည် ရေးမြို့နှင့် တဖက်ကမ်းစီ ရှိသည်။ အလယ်၌ ရေးမြစ်ကြီး ခြားထားလေသည်။ ထိုမြစ်အား ကူးရန်အတွက် ချောင်းတောင်တံတား ရှိသည်။)

ရေးမြို့တွင် ခလေးများသာမက ပွဲတော်အချိန်များတွင် တောင်းရန်းစားသောက်နေသော ခလေးငယ်များကိုလည်း တွေ့နေရလေသည်။ တောင်းရန်းစားသောက်သော ခလေးများသည် ပွဲတော်အချိန်၌သာ များပြားပြီး ပွဲစျေးတန်းရှိ စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များအကြားတွင် အများအပြား တွေ့ရသည်။

ထိုကဲ့သို့ တောင်းရန်းနေကြသော ခလေးမျာမှာ အသက် ငါးနှစ်မှ ရှစ်နှစ်ကြားအရွယ်သာ ရှိသည်။ သူတို့သည် ခွက်တစ်လုံးကို ကိုင်ပြီး အဖွဲ့လိုက် နေတတ်ကြသည်။ သူတို့အဖွဲ့မှာ အထက်ပါ တင်ပြခဲ့သော ခလေးများထက် အရေအတွက် များပြားကြပြီး ယောက်ျားလေးနှင့် မိန်းခလေး ရောကာ တစ်ဖွဲ့လျှင် အယောက်နှစ်ဆယ်ခန့် ရှိကြလေသည်။ တောင်းရန်းသည့် အခါ၌သာ တစ်ဦးချင်း သွားတတ်ကြလေသည်။

ရေးမြို့ရှိ အနန္ဒဇိန တပလ္လင်နှစ်ဆူဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်သည်် နတ်တော်လဆန်းပိုင်း (၁၃) ရက်နေ့မှ ၄င်းလပြည့်ကျော် (၁) ရက်နေ့အထိ ကျင်းပလေ့ ရှိပြီး၊ ပွဲကြည့်ပရိသတ်များဖြင့် အတော်အတန် စည်ကားသော ပွဲတော် ဖြစ်လေသည်။ ကျနော်လည်း ပွဲစျေးတန်းရှိ စိန်ကဖီး လ္ဘက်ရည်ဆိုင်တွင် တိုင်လျက် ရှိသည်။

“ဦးဦးတို့ရယ် သားကို သနားပါဗျာ၊ မုန့်ဖိုးလေး ပေးပါဗျာ”

အသံလာရာသို့ လှည့်လိုက်ရာ အသက် ငါးနှစ်ခန့် ကလေးတစ်ယောက်က လ္ဘက်ရည်သောက်နေကြသော ကာလသား ဝိုင်းတစ်ဝိုင်းအား အသနားခံ၍ ပိုက်ဆံတောင်းခံ နေခြင်းနေသည်ကို တွေ့ရသည်။

“ဟာကွာ ဟေ့ကောင်လေး ဒီမှာလာမတောင်းနဲ့ ဟိုဘက်ဝိုင်းမှာ သွားတောင်း”

ထိုကာလသားဝိုင်းမှ အသက် (၁၉) နှစ်ခန့် ယောက်ျားလေးတစ်ဦးက ယင်းခလေးအား ပြန်ဟောက်၍ မောင်းထုတ်နေခြင်းဖြစ်သည်။

ထိုခလေးသည် ယင်းကာလသားဝိုင်းမှ ပိုက်ဆံကို မရမချင်း တောင်းနေလေသည်။ ကာလသားများလည်း ထိုခလေး၏ အသံကို နားညည်းလာပြီး “ရော့ကွာ” ဟု ဆိုကာ ၄င်းခလေးအား ပိုက်ဆံအစား ပေါင်မုန့်တစ်လုံးကို ပေးလိုက်လေတော့သည်။ ၄င်းခလေးလည်း မုန့်ကို ရပြီး ၎င်းဝိုင်းမှ တစ်ဝိုင်းသို့ပြောင်းကာ ပိုက်ဆံတောင်းလေသည်။

ထိုကဲ့သို့ ခလေးများ အရွယ်နှင့် မမျှအောင် အလုပ်လုပ်နေကြသည်မှာ ရေးမြို့တစ်မြို့တည်း မဟုတ် ရေးမြို့နယ်ပိုင် ဖြစ်သော လမိုင်းမြို့နယ်ခွဲနှင့် အခြားကျေးရွာများတွင်လည်း အများအပြား တွေ့နေရသည်။ သည့်ထက်မက မြန်မာပြည် အနှံ့အပြားရှိ မီးရထားဘူတာနှင့် ကားဂိတ်များတွင်လည်း ဤကဲ့သို့ ခလေးများအား အများအပြား တွေ့နိုင်လေသည်။

ဤကဲ့သို့ ပညာသင်ချိန်၌ ပညာကို မသင်ရဘဲ အရွယ်နှင့် မမျှအောင် နေဝင်မိုးချုပ် အလုပ်နေရသောကြောင့် အနာဂတ်ခရီးကို ထိုကလေးများ မည်သို့ ဆက်လှမ်းနိုင်မည်နည်း။ ထိုကလေးများ၏ အနာဂတ်အတွက် မည်သူတစ်ဦးတစ်ယောက်က လာရောက်၍ လမ်းပြပေးမည်နည်း။ မည်သူ လမ်းညွှန်ပေးမည်နည်း။
\

About မွန်သတင်းအေဂျင်စီ

Check Also

အခင်းအကျင်းအသစ်အတွက် အစပျိုးမှုတည့်မှန်ရေး

မွန်ပါတီများပေါင်းစည်းရေး ကြိုးပမ်းမှုဖြစ်မလာတော့တဲ့ အနေအထားမှာ နှစ်ပါတီပေါင်းစည်းရေး ကိုလိုလားတဲ့ နှစ်ဘက်ပါတီက နှုတ်ထွက်တဲ့ ပါတီဝင်အချို့တွေ၊ အမျိုးသားရေး စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်တချို့တွေ၊ ကနဦး ဦးဆောင်ပြီးတော့ “ရာမညအင်အားစု” ဆိုတဲ့ …

%d bloggers like this: