spot_img
Saturday, April 20, 2024
More
    spot_img
    Homeဆောင်းပါးမျှော်လင့်ချက်နဲ့ အလားအလာ

    မျှော်လင့်ချက်နဲ့ အလားအလာ

    -

    နိုင်ရဌ ၊ မင်းအဲ – နိုင်ကွန်ဘဟာ ကျိုက်မရောမြို့က ဆိုက်ကားဆရာ တယောက်ဖြစ်ပါတယ်။ အခု အသက် ၅ဝ ကျော်အထိ ဆိုက်ကားနင်းပြီး အသက်မွေးဝမ်းကျောင်းပြုလုပ်ခဲ့တာပါ။ လာမယ့် ရွေးကောက်ပွဲမှာတော့ မွန်လူထုကို ကိုယ်စားပြီး ဝင်ရောက်ယှဉ်ပြိုင်မယ့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အနိုင်ရလိမ့်မယ်လို့ သူက ယုံကြည်ထားပါတယ်။

    “အခု မွန်နိုင်ငံရေးပါတီ သုံးပါတီရှိတယ်၊ မွန်ပြည်သစ်ပါတီ၊ မွန်ဒီမိုကရေစီပါတီအဖွဲချုပ်နဲ့ အခုမွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီပေါ့  ဒီပါတီသုံးပါတီလုံးက ဆိုက်ကားတစ်စီးကို စီးသွားကြသလိုပဲ ရှေ့တယောက်ထိုင် နောက်တစ်ယောက်ထိုင် ဆိုက်ကားကို နင်းနေသူက မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီပါပဲ  သူတို့သုံးယောက်စလုံးသွားချင်တဲ့ခရီးက အတူတူပါပဲ မွန်အမျိုးသားအကျိုးအတွက် ဒို့မွန်လူထုက သူတို့ဆိုက်ကားကို ဝိုင်းတွန်းပေးမှာပါ မွန်ပြည်နယ်ထဲမှာတော့ နေရာအတော်များများ မွန်ပါတီက မဲနိုင်ဖို့များမယ်။’’ ဟု ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီတွင် တကယ်တော့ အစိုးရအဆက်ဆက်က ဝန်ထမ်းဘဝအဖြစ်နှင့် ရပ်တည်ခဲ့သူများပါဝင်နေသလို သက်တမ်းရင့်မွန်နိုင်ငံရေးပါတီမှ နိုင်ငံရေးဝါရင့်သူတွေလည်းပါဝင်ပါသည်။ အတွေ့အကြုံရှိပြီးခေတ်ပညာတတ်ပုဂ္ဂိုပ်တွေဖြစ်တဲ့အပြင် စာပေ၊ ဂီတ၊ အနုပညာသည်အဖြစ်ပါဝင်နေသူက ပါတီဥက္ကဌ နိုင်ဇနူမွန် (နိုင်ငွေသိန်း) ဖြစ်တယ်ဟု မွန်နိုင်ငံရေးပါတီနှင့်နီးစပ်နေသူ မွန်တေးဂီတ အဖွဲ့တဖွဲ့မှ မွန်အဆိုတော် တစ်ဦးက ပြောသည်။

    “ဒို့မွန်လူထုက နိုင်ငံရေးအတွေ့အကြုံရော စာပေဂီတကိုပါ တတ်သိတဲ့သူကိုပိုလေးစားတယ်၊ မွန်သမိုင်းမှာရော မြန်မာသမိုင်းမှာပါ စစ်သေနာပတိကြီး မွန်အမတ်ကြီးဗညားဒလဆိုရင် ပညာရှိစာဆိုတော်၊ ဂီတအနုပညာရှင်တဦးပါ၊ တိုက်ပွဲပေါင်းမြောက်များစွာအောင်နိုင်သလို မြန်မာစာပေလောကမှာ စံထားရတဲ့ရာဇဓိရာဇ်အရေးတော်ပုံကျမ်းကို ရေးသားခဲ့တာပါ၊ မွန်မြန်မာစပ် စာဆိုရှင် မြဝတီမင်းကြီး ဦးစရော စာဆိုရှင်ဂီတပါရဂူတဦးပါ မွန်လူထုက ထာဝစဉ်လေးစားခံနေရသူတွေပါ၊ အထူးသဖြင့် ယခုခေတ်မွန်စာဆိုရှင်နိုင်ဇနူမွန် (နိုင်ငွေသိန်း) တို့ မွန်ပါတီကိုလည်း မွန်လူထုအတော်များများ လေးစားဂုဏ်ယူနေတာများတယ်” ဟု ၄င်း မွန်အဆိုတော် ဆက်ပြောပါတယ်။

    တကယ်တော့ မွန်လူမျိုးမှာ မိမိကြမ္မာ မိမိဖန်တီးခွင့်ရရှိရန်အတွက် ရာစုနှစ်နှင့်ချီပြီး တော်လှန်လာခဲ့သည့်တိုင် လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင် မွန်နိုင််ငံတော်ကြီးအဖြစ်သို့ ရောက်ရှိမလာသေးပေ၊၊ ယခုလို တိုင်းရင်းသားအခွင့်အရေးအပြည့်အဝမပါသည့် ဖွဲ့စည်းပုံက ရွေးကောက်ပွဲကို မွန်ပါတီတစ်ပါတီအနေဖြင့် ဝင်အရွေးခံတဲ့အပေါ် အမျိုးမျိုးဝေဖန်မှုတွေထွက်ပေါ်လာပေမယ့် မွန်လူထုတွေအထဲကိုဝင်ရောက်ထိုးဖေါက်လာတဲ့ ကြံ့ခိုင်ရေးပါတီလိုမျိုးက မွန်အမျိုးသားရဲ့အကျိုးအတွက် ဆောင်ရွက်ပေးသယောင် ဟောပြောစည်းရုံးနေသည့်အတွက် မွန်လူထုက နားယောင်နေကြပါတယ်၊ ဒါကိုချေဖျက်ပြီး လွှတ်တော်မှ ရရှိနိုင်သည့်အခွင့်အရေး တမတ်ရ တမတ်ယူ ဆိုပြီး ပြည်တွင်းက မွန်ပြည်သူတွေ အများစုက ဒီမွန်ပါတီ အပေါ်ကိုစိတ်ဝင်လာကြပြီဟု ရာမညနိကာယ သံဃာ့အဖွဲ့မှ ဆရာတော်တပါးက မိန့်ပါသည်။

    ဒီလိုအပ်ချက်ကို ရွေးကောက်ပွဲဝင်မည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက လုပ်ပေးနိုင်မလား၊ ဖြည့်ဆီးပေးနိုင်လား စတာတွေကို မွန်လူထုကြားမှာဝေခွဲမရပဲ သို့လော သို့လော ဖြစ်နေပါသည်။ သို့သော် မွန်လူထုက မွန်ဒေသအတွင်း ဆက်လက်နေထိုင်သွားမည့်သူများဖြစ်သည့်အတွက် ဖြစ်ပေါ်လာသည့်အခြေအနေပေါ်မူတည်ပြီး မွန်နိုင်ငံရေးပါတီများနှင့်အတူ ရပ်တည်ပြီးပါဝင်သွားမည်ဟု မော်လမြိုင်မြို့နယ် မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ နိုင်ရွှေသောင်းက ပြောပါသည်။

    စစ်အစိုးရကရွေးကောက်ပွဲကို ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့မှာ ကျင်းပမည်။ မွန်အမျိုးသားများ ကိုယ်စား မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်။ မွန်နိုင်ငံ ရေးပါတီအနေဖြင့် သူတို့ပါတီ၏ နိုင်ငံရေးမူဝါဒ သဘောထားနှင့် လုပ်ငန်းစဉ်များကိုထုတ်ပြန်ပြီး
    မွန်လူထုနှင့် ပြည်သူတရပ်လုံးကိုတင်ပြထားပါတယ်။

    ရွေးကောက်ပွဲဝင်မည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ နိုင်ငံရေး မူဝါဒသဘောထားနှင့် လုပ်ငန်းစဉ်များကို ထုတ်ပြန်ထားတာက –

    ၁။ ပြည်သူတရပ်လုံး၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအပြည့်အဝရရှိစေရန်။ ၂။ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပေါ် အခြေခံသော ခိုင်မာသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်ရန်။ ၃။ စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ် ဖြစ်ထွန်းပေါ်ပေါက်လာစေရန်။ ၄။ စစ်မှန် သော ပြည်ထောင်စုပေါ်ထွန်းတည်တံ့ခိုင်မြဲရန်။
    ၅။ အဂတိလိုက်စားမှုနှင့် အကျင့်ပျက်ခြစားမှုများကိုတိုက်ဖျက်သွားရန်။ ၆။ လူမှုဖွံ့ဖြိုးတိုးတက် ရေးကိုဆောင်ရွက်သွားရန်။ ၇။ ငြိမ်းချမ်းသော ကမ္ဘာ့လူနေမှုစနစ် ထွန်းကားလာရေး ဆောင်ရွက်သွားရန် စသည့်အချက်တွေက မွန်လူထုကို တင်ပြထားတဲ့ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းထဲက အချက်အလက်တွေပဲဖြစ်သည်။

    သို့သော်လည်း ရွေးကောက်ပွဲနှင့်ပတ်သက်တဲ့ အချက်အလက်တွေကိုလေ့လာထားသူတဦးက-

    “၂ဝဝ၈ဖွဲ့စည်းပုံကလာတဲ့အခြေခံဥပဒေကို အတည်ပြုပြီးလုပ်ပေးမဲ့ ရွေးကောက်ပွဲဆိုတော့ မဆလခေတ်က ဦးနေဝင်းရဲ့ ၁၉၇၄ ရွေးကောက်ပွဲအတိုင်းပဲပေါ့။ စစ်ဝါဒီစိုးမိုးရေးပဲဆက်ဖြစ်နေဦးမယ်။ ဟိုသီးချင်းကလိုပဲပေါ့ ရောင်ခြည်တော်ဘွဲ့သီးချင်းကြီးထဲက ထူးမခြားနားဆိုတဲ့ စာသားအတိုင်းပဲ ဘာမှမထူးပါဘူး မွန်တွေအတွက်တော့ စာပေ၊ ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့ ထိန်းသိမ်းခွင့်အနည်းငယ်ရရုံလောက်ပဲ ဖြစ်လာမှာပါ” ဟု မော်လမြိုင်မြို့မှ ကုန်စုံးဆိုင်ပိုင်ရှင် ၆၅ နှစ်အရွယ်ရှိ မွန်အမျိုးသားတစ်ဦးက ပြောသည်။

    စစ်အစိုးရမှ ရွေးကောက်ပွဲကို ကျင်းပပေးသော်လည်း လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ဒီမိုကရေစီအခွင့်အရေးနည်းပါးခြင်းနှင့် တိုင်းရင်းသားအခွင့်အရေးမပါရှိသည့်ရွေးကောက်ပွဲကိုရော အသစ်ဖွဲ့စည်းပြီး ရွေးကောက်ပွဲဝင်မည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကိုပါ မွန်လူထုအနေဖြင့် အမြင်အမျိုးမျိုးရှိနေပါသည်ဟု ချောင်းဆုံမြို့နယ် ရွာလွတ်ရွာမှ ယခင် မွန်နိုင်ငံရေးအဖွဲ့တဖွဲ့မှာ ပါဝင်ခဲ့ဘူးသူတစ်ဦးက ပြောပါသည်။

    “၂ဝ၁ဝ ရွေးကောက်ပွဲဟာ ၂ဝဝ၈ ရဲ့အခြေခံမူကနေ ပေါ်ပေါက်လာတဲ့အဆင့်တဆင့်ပါ စစ်တပ်အုပ်ချုပ်ရေးအတွက် ပိုပြီးခိုင်မာဖို့ ကြိုး ၅ ချောင်းမြောက် ပြည်သူတွေကိုချီပြီး အခိုင်းအစေအဖြစ် ခိုင်းတော့မှာ မွန်လူထုအတွက် ဘာအခွင့်အရေးမှ ထူးပြီးရလာမှာမဟုတ်ဘူး ရွေးကောက်ပွဲမဝင်တာက ပိုကောင်းမယ်” ဟု ၁၉၈၈ အရေးတောပုံမှာ မြို့နယ်ဝန်ထမ်းအဖွဲ့ကို ဆန္ဒပြတာ ဦးဆောင်ခဲ့သူ နိုင်အုန်သောင်း မူလတန်းကျောင်းဆရာဟောင်းက ပြောပါသည်။

    ယခုလက်ရှိမွန်နိုင်ငံရေးပါတီမှာ ဝါရင့်နိုင်ငံရေးသမားများ မပါဝင်နိုင်တဲ့အပေါ် မွန်ဒေသမှာ မွန်ပါတီနှင့်အကြိတ်အနယ်ပြိုင်မည့် ကြံ့ဖွံ့နှင့် တစညပါတီတွေနှင့် ယှဉ်သည့်အခါ နိုင်ငံရေးအရှုံးပေါ်မည်ကိုစိုးရတယ်လို့ နိုင်ငံရေးကိုလေ့လာအကဲခတ်နေသူ မွန်ဒေသက မွန်လူလတ်ပိုင်းတွေက စိုးရိမ်နေကြသည်။

    “နဂိုကမှ ဘာအခွင့်အရေးမှ မပါပါဘူးလို့သိနေတဲ့ ဒီရွေးကောက်ပွဲက ထွက်လာတဲ့အဖြေကို သိနေ ပြီးသားပါ ဘာအခွင့်အရေးမှ မပါတော့ ဒို့မွန်လူထုအတွက်က ဘာမှမရနိုင်သလို မွန်နိုင်ငံရေးပါတီအနေနဲ့လည်း အဲဒီဖွဲ့စည်းပုံမှာပါတဲ့ အခွင့်အရေးရဲ့ တချို့တဝက်ထဲကပဲ တောင်းပေးလို့ရမှာပါ၊ တခုတော့ရှိတယ် ကြံ့ဖွံ့နဲ့ တစညပါတီကို စိမ်ခေါ်ပြီး ဝင်ပြိုင်နိုင်တာကို မွန်ပါတီကို ဒို့ဂုဏ်ယူတယ်” ဟု မော်လမြိုင်တက္ကသိုလ်နောက်ဆုံးနှစ် သမိုင်းဘာသာအဓိက ကျောင်းသား မင်းချမ်းမွန်က ပြောပါတယ်။

    သို့ရာတွင် မွန်ဒေသမှ စာပေ၊ ယဉ်ကျေးမှုခေါင်းဆောင်များက နှစ်ပေါင်း ၂ဝ အတွင်း မည်သည့် နိုင်ငံရေးလှုပ်ရှားမှုကိုမှ လုပ်ဆောင်လို့မရသည့်အခြေအနေမှာ အနည်းဆုံးရွေးကောက်ပွဲတွင် မနိုင်သည့်တိုင် မွန်အမျိုးသားများအကြား နိုင်ငံရေးလှုပ်ရှားမှု ပြုလုပ်ရန် အခွင့်အလမ်းတရပ်ပေါ်လာတယ်လို့ ဆိုနေကြပါတယ်။ သို့သော် မွန်နိုင်ငံပါတီအနေဖြင့် ပြည်သူတရပ်လုံး၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပြည့်အဝ
    ရရှိဖို့၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပေါ်အခြေခံသော ခိုင်မာသည့် တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးကို တည်ဆောက်ဖို့၊ စစ်မှန်သော ဒီမိုကရေစီစနစ် ဖြစ်ထွန်းပေါ်ပေါက်လာစေရန်၊ စစ်မှန်သော ပြည်ထောင်စုပေါ်ထွန်းလာေစေရန်ဆိုတာတွေက မွန်လူထုနှင့်တကွ အများပြည်သူတွေအတွက် အမှန်လိုအပ်ချက်တွေပါ။ သို့သော် ရွေးကောက်ပွဲ ပြီးဆုံးသွားသည့်တိုင် အပြည့်အဝဖေါ်ဆောင်ပေးဖို့က ခက်ခဲနေဦးမည်၊ အချိန်ကြာညောင်းနေဦးမည်ဟု မွန်နိုင်ငံရေးသမားဟောင်းတစ်ဦးက ပြောပါသည်။

    “မွန်လူထုကလည်း ရွေးကောက်ပွဲအတွက် စည်းရုံးရေးကာလမရောက်သေးခင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ စည်းရုံးဟောပြောမှုကိုခံနေရပေမယ့် တကယ်တော့ သူတို့ကိုယ်ကျိုးအတွက်ပဲ သူတို့လုပ်ယူသွားကြမှာပါ၊ ဒို့မွန်လူမျိုးအတွက်ဆို တမတ်သားလောက်တောင်လုပ်ပေးမှာမဟုတ်ဘူး၊ မိမိမွန်လူမျိုး မိမိမွန်ဒေသ မွန်ယဉ်ကျေးမှု၊ စာပေ၊ ဂီတကို စောင့်ရှောက်ထိန်းသိမ်းပေးနိုင်သည့် မွန်ပါတီကိုပဲ အသဲကြားက မဲတပြားကို ထည့်ပေးမယ်၊ ဒို့ရပ်ရွာ ဒို့လူမျိုးချင်း အေးအတူပူအမျှ အတူတကွနေသွားဖို့က မွန်ပြည်နယ်ကို မွန်တွေအုပ်ချုပ်သွားတာကိုပဲလိုချင်တယ်” ဟု ပေါင်မြို့နယ် ဇင်းကျိုက်ရွာက လယ်သမားများက ပြောဆိုနေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts