spot_img
Thursday, April 25, 2024
More
    spot_img
    Homeသတင်းလူငယ်များ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် လက်ကမ်းစာစောင်ဖြန့်

    လူငယ်များ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် လက်ကမ်းစာစောင်ဖြန့်

    -

    မြန်မာနိုင်ငံကျောင်းသားနှင့် လူငယ်များကွန်ယက်မှ ထုတ်သော လက်ကမ်းစာစောင်

    မင်းအာသံ လူငယ်အဖွဲ့ (၈) ဖွဲ့ကို ဗဟိုပြုသည့် မြန်မာနိုင်ငံကျောင်းသားနှင့် လူငယ်များကွန်ယက် (SYCB) သည် ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ရန် လက်ကမ်းစာစောင်ဖြန့်သည့် လှုပ်ရှားမှုတရပ် ပြုလုပ်နေကြောင်း သိရပါသည်။

    ကျောင်းသားနှင့် လူငယ်များကွန်ယက်ထဲမှာ ပါတဲ့လူငယ်အစည်းအရုံးကတော့ မွန်ဆိုမွန်ပြည်နယ်မှာ ကရင်ဆိုကရင်ပြည်နယ်မှာ ဖြန့်ဝေရမယ်၊ ဒါပေမယ် အခုလို ဖြန့်တော့ အခက်အခဲ အများကြီးရှိတာပေါ့ဗျာ၊ တချို့ဒေသမှာဆိုရင် ဒီအတိုင်းဖြန့်လို့မရဘဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ လမ်းပေါ်မှာ ကျဲဖြန့်တာမျိုး လုပ်နေရပါတယ်” ဟု SYCB မှ တွဲဖက်အတွင်းရေးမှူးက ပြောသည်။

    ၄င်းလက်ကမ်းစာစောင်တွင် “တိုင်းရင်းသားတွေလိုလားတဲ့ ပြည်ထောင်စုပုံစံက လူမျိုးတမျိုးထဲက အခွင့်ထူးယူပြီး ကျန်လူမျိုးတွေအပေါ် လွှမ်းမိုးခြင်းမရှိတဲ့၊ အမျိုးသားရေးအရ တန်းတူပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ပြည်နယ်ပေါင်းစုံ ပြည်ထောင်စု တနည်းအားဖြင့် ဖက်ဒရယ်၊ ပြည်ထောင်စုကို တည်ဆောက်ဖို့ လိုလားနေကြတာဖြစ်တယ်”။

    ယခုကဲ့သို့ သပိတ်မှောက်ဆန့်ကျင်ရန် စီစဉ်ရခြင်းမှာ လာမည့်ရွေးကောက်ပွဲ၌ စစ်အစိုးရစီမံသည့်အတိုင်း ပြီးမြောက်ခဲ့လျှင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာ အတည်ပြုမည်ဖြစ်သောကြောင့် ရွေးကောက်ပွဲ ဆန့်ကျင်ရန် လူထုအားတိုက်တွန်းသွားမည်ဟု တွဲဖက်အတွင်းရေးမှုးက ပြောသည်။

    ထိုနည်းတူ တိုးတက်သောမွန်လူငယ်များအစည်းအရုံးကလည်း ပြည်တွင်းရှိ မွန်လူငယ်တို့နှင့် ပူးပေါင်းပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ဆန့်ကျင်သပိတ်မှောက်သွားရန် စီစဉ်နေကြောင်း ၄င်းအစည်းအရုံးမှ ဒုဥက္ကဋ္ဌက ပြောသည်။

    နည်းမျိုးစုံနဲ့ ပြည်တွင်းက လူငယ်တွေနဲ့ ပေါင်းပြီး စပရေလိုမျိုး၊ ပန်ဖလက်လိုမျိုး၊ စတစ်ကာလိုမျိုး ဥပမာဗျာ `ပြည်တွင်းစစ် သက်ဆိုးရှည်မည့် ရွေးကောက်ပွဲ ဆန့်ကျင်သပိတ်မှောက်ကြ` နဲ့ `စစ်ကျွန်ပြုမယ့်ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြဆိုတဲ့ စကားလုံးတွေနဲ့ ဆန့်ကျင်သွားမယ်၊ နောက်ပြီး လူထုတွေကိုလည်း သေသေချာချာရှင်းပြပြီး မဲမထည့်တဲ့လှုပ်ရှားမှုမျိုး ကျနော်တို့ တိုက်တွန်းသွားမယ်” ဟု ဒုဥက္ကဋ္ဌက ပြောသည်။

    ရွေးကောက်ပွဲကို နည်းမျိုးစုံနှင့် ဆန့်ကျင်သပိတ်မှောက်ရန် တိုင်းရင်းသားလူငယ်တို့က စီစဉ်နေသော်လည်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်း (နိုင်ဇနူမွန်)က “မွန်ပြည်နယ်မှာတော့ မွန်လူငယ်တွေ ပန်ဖလက် (pamphlet) ဖြန့်တာ မတွေ့မိသေးဘူး၊ ကျနော်တို့လည်း စည်းရုံးရေးဆင်း နေတာပဲ မမြင်မိပါဘူး၊ အဲကြောင့်မုုိ့ တအားပြောရခက်ပါတယ်၊ တွေ့ရမှ ပြောနိုင်မယ်ထင်တယ်” ဟု ပြောသည်။

    ဒီလူငယ်တွေက ၂၀၁၀ ရွေးကောက်ပွဲမှာ ဆန့်ကျင်လဲ ဒါဟာ သူ့တို့ကိစ္စပဲ၊ ကျနော်တို့အနေနဲ့တော့ ဘာမှ သူတို့အပေါ် မမြင်ပါဘူး၊ ဒါဟာ လူငယ်ကတော့ သူ့ခံယူချက်နဲ့ သူတို့လုပ်တာ သူ့အလုပ် သူ့လုပ်တာ ဒီလိုပဲ မြင်တယ်၊ ကျနော်တို့ကတော့ ပြောလဲမပြောချင်ဘူး” ဟု ဖလုံစဝေါ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးစောခင်မောင်မြင့်က ပြောသည်။

    တိုင်းရင်းသားလူငယ်များနည်းတူ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် NLD၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် အခြားသောပါတီများ အစရှိသည့် ပါတီများကလည်း ရွေးကောက်ပွဲကို ဆန့်ကျင် သပိတ်မှောက်သွားမည်ဟု သိရသည်။

    တိုးတက်သောမွန်လူငယ်များအစည်းအရုံး၊ရခိုင်ကျောင်းသားနှင့်လူငယ်များကွန်ဂရက်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၊တအာင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံး၊ ကယန်းမျိုးဆက်သစ်လူငယ်၊ ဇိုမီကျောင်းသားနှင့်လူငယ်အဖွဲ့အစည်း၊ လူ့ဘောင်သစ် ဒီမိုကရေစီပါတီ နှင့် ကရင်လူငယ်အစည်းအရုံးစသည့် တိုင်းရင်းသား လူငယ်များအစည်းရုံးကို စုဆောင်းပြီး ၄င်းတို့၏ ဒေသအလိုက် သြဂုတ်လ နောက်ဆုံးပတ်မှစတင်ပြီး ရွေးကောက်ပွဲ မတိုင်မှီကာလထိ ၃ လအတွင်း ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်သွားရန် စီစဉ်ခဲ့သည်ဟု တွဲဖက်အတွင်းရေးမှုးက ပြောသည်။

    SYCB သည် ၁၉၉၆ ခု နှစ် ဇန်နဝါရီလတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ စတင်ဖွဲ့စည်းခဲ့ပြီး နှစ်အနည်းငယ်ကြာသောအခါ နိုင်ငံရေးအခြေအနေအကြောင်းကြောင့် တဖန်မဲဆောက်သို့ ပြောင်းရွေ့လိုက်ပြီး မြန်မာနိုင်ငံ၏အရေးကို ဆက်စပ်လုပ်ကိုင်နေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,700SubscribersSubscribe
    spot_img

    Latest posts