spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းဇမိမြစ် အနောက်ဖက်ဒေသကို ကြံ့ဖွံ့ပါတီ ထောက်ခံမဲ နယ်မြေအဖြစ် သတ်မှတ်

    ဇမိမြစ် အနောက်ဖက်ဒေသကို ကြံ့ဖွံ့ပါတီ ထောက်ခံမဲ နယ်မြေအဖြစ် သတ်မှတ်

    -

    သူရိန် -ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဇမိမြစ် အနောက်ဖက်ဒေသရှိ ဆန္ဒမဲ ပေးနိုင်သူများကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား ထောက်ခံမဲပေးသည့် နယ်မြေအဖြစ် သတ်မှတ်ထားကြောင်း ဒေသခံအာဏာပိုင်တို့က ပြောသည်။

    နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း အတည်ပြုရန်အတွက် (၂၀၀၈) ခုနှစ်တွင် ကျင်းပခဲ့သော ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအတွင်း ထိုဒေသရှိ မဲထည့်ခဲ့သူများကို ကြံ့ခိုင်ရေးပါတီအား မဲပေးမည့်သူအဖြစ် သတ်မှတ်ထားကြောင်း သုံးဆူရှိအာဏာပိုင် အရာရှိတစ်ဦးက ပြောသည်။

    “အဲဒီဒေသက အရင် ဆန္ဒခံယူပွဲတုန်းက စာရင်းတွေ ရှိတယ်လေ၊ ရလည်း ရထားတယ်။ အဲဒီစာရင်းကို ကြံ့ခိုင်ရေးပါတီကို ထည့်တဲ့မဲအနေနဲ့ သတ်မှတ်လိုက်တာပါ” ဟု အထက်ပါအရာရှိက ပြောသည်။

    လှည်းဆိပ်၊ ကျော့ဟဖလု နှင့် ချောင်းဆုံကျေးရွာတို့သည် ချောင်းဆုံကျေးရွာတွင် မဲပေးရမည်ဟု ကြေညာထားသော်လည်း ဂူပေါင်းကျေးရွာ၊ ဂျပန်ရေတွင်းကျေးရွာနှင့် ရွာသစ်ကျေးရွာတို့အတွက် မည်သည့်မဲရုံတွင် မဲပေးရမည်ကို ကြေညာထားခြင်း မရှိပေ။

    ဇမိမြစ်အနောက်ဖက်ရှိ ဗလဲ့ဒွန်းဖိုက်ကျေးရွာ၊ ခလောက်ခနီ၊ ထီဝါဒို့၊ မဲကသာ၊ တဒိန်နှင့် အနန်းကွင်းကျေးရွာအထိ နယ်မြေများကို ဒေသလုံခြုံရေး မရှိဟု အကြောင်းပြပြီး ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ကြောင်း အထက်ပါအရာရှိက ပြောသည်။

    “အဓိကကတော့ လုံခြုံရေးကြောင့်ပါ၊ အဲဒီဒေသက ကေအဲန်ယူ (ကရင်အမျိုးသား အစည်းအရုံ) တွေ ရှိလို့ သူတို့နယ်မြေ ဖြစ်လို့ ရွေးကောက်ပွဲ မလုပ်ပေးတာ” ဟု ၄င်းအရာရှိက ပြောသည်။

    အနန်းကွင်းကျေးရွာအုပ်စုနှင့် ကျွန်းချောင်းကျေးရွာအုပ်စု အပါအဝင် ကျေးရွာအုပ်စုပေါင်း (၄၆) ခုကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသဖြင့် ရွေးကောက်ပွဲ ကျင်းပခြင်း မပြုမည့် နယ်မြေများစာရင်းအဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက်အမှတ် (၁၀၁/၂၀၁၀) ကို စက်တင်ဘာလ (၁၆) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

    မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ မကျင်းပသည့် ကျေးရွာအုပ်စု အများဆုံးမှာ ကရင်ပြည်နယ် ဖြစ်ပြီး၊ ဘားအံမြို့နယ်မှ (၁၁) ကျေးရွာအုပ်စု၊ လှိုင်းဘွဲမြို့နယ်မှ (၁၇) ကျေးရွာအုပ်စု၊ ဖာပွန်မြို့နယ်မှ (၂၇) ကျေးရွာအုပ်စု၊ သံတောင်ကြီးမြို့နယ်မှ (၃၆) ကျေးရွာအုပ်စု၊ မြဝတီမြို့နယ်မှ (၄) ကျေးရွာအုပ်စု၊ ကော့ကရိတ်မြို့နယ်မှ (၁၄) ကျေးရွာအုပ်စုနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်မှ (၄၆) ကျေးရွာအုပ်စု စုစုပေါင်း (၁၅၅) ကျေးရွာအုပ်စု ပါဝင်သည်။

    ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ နှင့် ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေးပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

    ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကိုယ်စားလှယ်အမတ်လောင်း (၁၄) ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး မည်သည့်အမတ်လောင်းမှ ရွေးကောက်ပွဲအတွက် ထင်ထင်ပေါ်ပေါ် စည်းရုံးရေး မဆင်းရသေးသည့်အပြင် အမတ်လောင်းတို့၏ ရုပ်ပုံ၊ ကိုယ်ရေးရာဇဝင်အကျဉ်းကိုလည်း ဆန္ဒမဲပေးမည့်သူများ မသိရှိကြသေးပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts