spot_img
Friday, March 29, 2024
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်ကျွနု်ပ်တို့ မွန်မြန်မာ

    ကျွနု်ပ်တို့ မွန်မြန်မာ

    -

    (ဗညားရံ) – ဆရာသိန်းဖေမြင့်ရေးတဲ့ ကျွန်ုပ်တို့ မွန်မြန်မာစာအုပ်ကို ဖတ်ပြီး မွန်မြန်မာချစ်ကြည်ရေးကို အားရကျေနပ်ခဲ့ဖူးပါတယ်။ မွန်တွေအတွက် ဂုဏ်ယူခဲ့သလို မြန်မာတွေအတွက်လည်း ဂုဏ်မသိမ်ခဲ့ပါ။

    မွန်မြန်မာဆိုတဲ့ ဝေါဟာရကို လွတ်လပ်ရေးတိုက်ပွဲမှာ ဖော်ဖော်သီသီ သုံးခဲ့တာ တွေ့ရပါတယ်။ အောက်မြန်မာပြည်ကို စည်းရုံးရေး ဆင်းတဲ့အခါ နိုင်ငံရေးသမားတွေက ကျွနု်ပ်တို့ မွန်မြန်မာတွေလို့ အောက်သားတွေကို ရည်ညွန်းပြောဆိုလေ့ ရှိပါတယ်။ ဒီလို သုံးနှုန်းပြောဆိုရတာဟာ အကြောင်းရှိပါတယ်။ အဲဒီအချိန်တုန်းက အောက်မြန်မာနိုင်ငံ ပုသိမ်၊ မြောင်းမြ၊ ကျုံမငေး၊ ပဲခူး၊ ပြည်၊ ကျောက်တန်း၊ ရန်ကုန်ဘက်မှာ မွန်တွေ၊ မွန်အဆက်အနွယ်တွေ ထင်ထင်ရှားရှား ရှိနေပါသေးတယ်။ ပဲခူး၊ ဝေါနယ်မှာဆို မွန်စကားပြောရွာတွေ (၂၀) ထက်မနည်း ရှိပါသေးတယ်။

    ဒါကို သိလို့၊ ဒီလူတွေ မွန်တွေ၊ မွန်အဆက်အနွယ်တွေ ဖြစ်မှန်းသိလို့ ကိုယ်နဲ့မဆိုင်တဲ့အရာကို တစ်ဝက်ပိုင်ရင် ပြီးရောဆိုပြီး ဒီကျွန်ုပ်တို့ မွန်မြန်မာကို တွင်တွင်သုံးပြီး အသက်သွင်းခဲ့ပါတယ်။ အခု အဲဒီမွန်တွေ ဗမာလူမျိုးအဖြစ် ခံယူလိုက်တော့ မွန်မြန်မာဆိုတဲ့ စကားလုံးကို စာနယ်ဇင်းတွေမှာ မတွေ့ရတော့ပါဘူး။

    မွန်တွေ ပြည်နယ်တောင်းတဲ့အခါ ဦးနုက သူလည်း မွန်ပါပဲတဲ့။ မွန်ပြည်နယ် ထူထောင်စရာ မလိုဘူး၊ မွန်တွေလိုချင်တဲ့ စာပေယဉ်ကျေးမှု အခွင့်အရေးကို ပေးပါ့မယ်၊ မြန်မာတွေနဲ့ တန်းတူ နေပါတဲ့။ ပြည်နယ်တွေ ဘာတွေ ယူရင် အဆင့်နိမ့်သွားသလိုမျိုး မော်လမြိုင်မှာ ပြောခဲ့ပါသေးတယ်။

    ဟော မဆလသခင် ဦးနေဝင်းကျတော့လည်း ဦးနု ပြောသလိုပဲ ပြောခဲ့တာပါ။ သူလည်း မွန်သွေး မကင်းဘူးတဲ့။ အောက်သားတွေမှာ အနည်းဆုံး မွန်သွေး (၆၀) ရာခိုင်နှုန်း ရှိသတဲ့။ ဒါပေမဲ့ သူကတော့ မွန်ပြည်နယ်ဆိုပြီး ဖော်ဆောင်ပေးခဲ့ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် မရှိတာကိုတော့ ဒီနေရာ မပြောချင်သေးဘူး။

    မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ရွှေကျင်နဲ့ တွေ့တုန်း ဗိုလ်ခင်ညွှန့်က ဘကြီးရေ သားသားလည်း မွန်ပါပဲတဲ့။ နိုင်ရွှေကျင်က အားတက်သွားပြီး ပဲခူးခရိုင်ကို မွန်ပြည်နယ်ထဲ တည့်ပေးဖို့ ပြောတော့ ဒီမှာ မွန်မရှိလို့ ခက်ခဲမယ်တဲ့။

    နိုင်ငံရေးသမားတစ်ယောက်က စာရေးသူဆီ လာတယ်။ မြန်မာလို့ မပြောပါနဲ့။ ဗမာလို့ ပြောပါ။ ဗမာပြောရင် တိုင်းရင်းသားတွေ အားလုံး ပါတယ်တဲ့။ နောက်တစ်ယောက် ထပ်လာတယ်။ ဗမာ ပြောမှပဲ ဗမာကို ရမှာတဲ့။ မြန်မာ ပြောရမယ်တဲ့။ မြန်မာလို့ ပြောရင် တိုင်းရင်းသားအားလုံး ပါတယ်တဲ့။ နောက်တစ်ယောက်က Bamar/Burman ရေးရင် ဗမာလူမျိုးကို ပြောတာ ဖြစ်တယ်။ Burmese ပြောယင် တိုင်းရင်းသားအားလုံး ပါတယ်တဲ့။

    စာရေးသူတို့ ကျောက်စာမှာ လေ့လာဖူးပါတယ်။ မြန်မာလည်း ဗမာပါပဲ၊ ဗမာလည်း မြန်မာပါပဲ။ ဗမာပြောရင် မြန်မာရတယ်၊ မြန်မာပြောရင်လည်း ဗမာရတာပါပဲ။ Bamar ဖြစ်ဖြစ်၊ Burman ဖြစ်ဖြစ်၊ Burmese ဖြစ်ဖြစ် ပြောချင်သလို ပြောပါ၊ ဘီရူမာ ပြောမလား၊ ဘူရမာ ပြောမလား ကြိုက်သလို ပြောပါ၊ ဘယ်သူကမှ တိုင်းရင်းသားတွေ ပါတယ်လို့ မပြောဘူး။ ဗမာပြောလည်း တိုင်းရင်းသားတွေ မပါဘူး၊ မြန်မာပြောရင်လည်း ဘယ်တိုင်းရင်းသားမှ မပါဘူး။ မျက်နှာပြောင်တိုက်ပြီး မလိမ်ကြပါနဲ့။

    လူတစ်ယောက်ကို မင်းက မွန်ပါ၊ မြန်မာပါ၊ ကရင်ပါ၊ ရခိုင်ပါ၊ ရှမ်းပါ သွားပြီး အတင်းသတ်မှတ်ပေးလို့ မရဘူး။ သူ ဘာလူမျိုးလဲ သူ့ဟာသူ ရွေးချယ်ရမှာ ဖြစ်တယ်။ မွန်မြန်မာလို့ ပြောကတည်းက မွန်နဲ့ မြန်မာဆိုတာ မတူဘူး။ မွန်က သတ်သတ်၊ မြန်မာက သတ်သတ်ပါ။ မွန်နဲ့မြန်မာညားလို့ မွန်မြန်မာလို့ သတ်မှတ်ယင် ဒါမှမဟုတ် မွန်စစ်စစ်တစ်ယောက်ကို မွန်မြန်မာပါလို့ အတင်းသတ်မှတ်ရင် ဒါက မသမာမှုပါပဲ။

    သူငယ်ချင်းတစ်ယောက် ကြုံဖူးပါတယ်။ မှတ်ပုံတင်သွားလုပ်တော့ မွန်မြန်မာ အတင်းထည့်ခိုင်းပါတယ်။ မွန်စစ်စစ်ပါ၊ သွေးမရောပါ ပြောတော့လည်း လဝကက ပြုံးစိစိ လုပ်နေတယ်။ ကြည့်လုပ်ပေးပါ့မယ့်တဲ့။ တကယ်မှတ်ပုံတင် ကျလာတဲ့အခါမှာ မွန်မဟုတ်ဘဲ မွန်မြန်မာ ဖြစ်နေတယ်။ သူ ပြောတာကို အဲဒီတုန်းက သိပ်မယုံချင်ခဲ့ဘူး။

    စစ်တပ်ရင်းအချို့မှာ မှတ်ပုံတင်ကဒ်တွေ အပိုပေးထားပါတယ်။ အဲဒီအပိုကဒ်တွေက လုပ်စားဖို့ပါ။ ဘယ်သူက သိန်းဘယ်လောက်ပေးရင် မှတ်ပုံတင်ကို ချက်ချင်းလုပ်ပေးပါတယ်။ အချက်အလက်ကိုတော့ မှားဖြည့်ပေးရမယ်။ ဒါပေမဲ့ ချွင်းချက်တစ်ခုတော့ ရှိတယ်။ မြန်မာလူမျိုးလို့ ထည့်ရမယ်တဲ့။ လုံးဝ လက်မခံရင် မွန်မြန်မာလူမျိုး ထည့်ပါတဲ့။ မွန်လို့ အတင်းငြင်းနေရင် (ခိုးရတဲ့အလုပ်မို့လို့) မှတ်ပုံတင်ကို မပေးဘူး။

    ဒီလိုပါပဲ။ ရခိုင်မြောက်ပိုင်းမှာလည်း ရိုဟင်ဂျာတွေကို မြန်မာလူမျိုး ဖြစ်ရင် ပြီးရော သဘောထားပြီး ပိုက်ဆံလည်းရ အမျိုးလည်းလှ ဆိုသလို မှတ်ပုံတင်တွေကို တွင်တွင်ထုတ်ပေးခဲ့လို့ အဲဒီပြဿနာ အခုထိ ရှင်းလို့ မပြီးသေးဘူး။
    ဒီလိုပါပဲ တရုတ်လူမျိုးများကိုလည်း တိတ်တခိုးနဲ့ မှတ်ပုံတင် ထုတ်ပေးနေဆဲပါ။ ဝမ်းနဲ့မလွယ်ရဘဲ မွေးလာတဲ့ ဒီမဟုတ်တရုတ်တွေရဲ့ဒဏ်ကို အညာသားတွေ ခံရတာ တမာထက် ခါးတာမို့  ဒါကို ရိပ်မိလို့ တရုတ်တွေက ဂရိတ်ဝေါ ဒဏ်ကြေလိမ်းဆေးကိုတောင် ထုတ်လုပ်ရောင်းချနေသလားလို့ပါ။

    အောက်ပြည်အောက်ရွာမှာတော့ မွန်မြန်မာ ဆိုပြီး မလိမ့်တပတ် လုပ်နေတယ်။ အခုတလော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီအဖွဲ့က မွန်မြန်မာပြဿနာကြောင့် ရန်ကုန်တိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ လူမျိုးစုလွှတ်တော် ကိုယ်စားလှယ်နေရာ မရနိုင်တော့ဘူး။ ဒါက သင်ခန်းစာပါ။ လူမျိုးခြားနဲ့ ပေါင်းသင်းနေထိုင်မယ့် မွန်တွေ ထည့်စဉ်းစားရမယ့် အဖြစ်အပျက်တစ်ခုပါ။ သားသမီးကျတော့ မွန်ဖြစ်လာမလား၊ မြန်မာဖြစ်လာမလား၊ မွန်မြန်မာဖြစ်လာမလား စဉ်းစားပါ။

    သေချာတာတစ်ခုကတော့ လက်ရှိစစ်အစိုးရမူအရ မွန်မြန်မာဖြစ်လို့ ရှိရင် မွန်လည်း မဟုတ်တော့ဘူး၊ မြန်မာလည်း မမည်နိုင်တော့ဘူး။ မွန်မြန်မာက မွန်လည်း မဟုတ်၊ မြန်မာလည်း မဟုတ်ရင် မွန်မြန်မာလူမျိုး ဆိုပြီး ပြည်ထောင်စုမှာ သီးခြားလူမျိုးတစ်မျိုးအနေနဲ့ ထားမလား၊ အဲဒီလို ထားရင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းတို့ကို ပေါင်းပြီး မွန်မြန်မာပြည်နယ် ဖွဲ့စည်းရင် မကောင်းဘူးလား စစ်အစိုးရ ဖြေပါ။ အဲဒီလို မဟုတ်ဘဲ ဒီမွန်မြန်မာတွေကို ဗမာလူမျိုးစာရင်းထဲ ထည့်ပစ်ရင် ဒါက လူဦးရေ သူခိုးပဲ။
    (ကိုယ်မှတ်ပုံတင်ကို ကိုယ်ပဲ ပြန်ကြည့်ကြ။ မွန်ဖြစ်ရက်သားနဲ့ မွန်မြန်မာလို့ ထည့်ထားရင် မွန်လို့ ပြင်ကြ။ ကရင်မြန်မာလို့ ထည့်ထားရင်လည်း မြန်မာကို ဖြုတ်ကြ။ ချင်းမြန်မာ၊ ရှမ်းမြန်မာ အားလုံး ထိုနည်းလည်းကောင်းပါပဲ။ ကိုယ့်မှတ်ပုံတင် မြန်မာစစ်အစိုးရ သူခိုးလက်ထဲ ပါမသွားစေနဲ့။ သတိထားကြ။)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts