spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းမွန်ပြည်သစ် လက်နက်မအပ်

    မွန်ပြည်သစ် လက်နက်မအပ်

    -

    မွန်ပြည်သစ်ပါတီ နိုင်ငံခြားရေးဌာန တာဝန်ခံ ပါတီပြောခွင့်ရ နိုင်ဟံသာဗွန်ခိုင်

    အာကာ – နယ်ခြားစောင့်တပ် (သို့) ဌာနေပြည်သူ့စစ်တပ် အသွင်ပြောင်းရန် ငြင်းဆန်ခဲ့သော မွန်ပြည်သစ်ပါတီအား လက်နက်စွန့်လွှတ်ရန် စစ်အစိုးရမှ ညွှန်ကြားထားသည့်အပေါ် လက်မခံနိုင်ကြောင်း မွန်ပြည်သစ်ပါတီက ပြန်လည် အကြောင်းကြားခဲ့ပြီး မြို့ပေါ်ရှိ ပါတီရုံးများကိုလည်း ပိတ်ထားခဲ့ပြီ ဖြစ်သည်။

    “ကျနော်တို့က ပြီးခဲ့တဲ့ ဧပြီလ (၂၂) ရက်နေ့ကတည်းက ဒီကိစ္စကို ပြတ်ပြတ်သားသား ပြောခဲ့ပြီးသားပဲ၊ ကျနော်တို့ ပါတီက တပ်အသွင်ပြောင်းရေးကိစ္စနဲ့ လက်နက်စွန့်လွှတ်မယ့်ကိစ္စကို လက်မခံနိုင်ဘူးလို့ စာနဲ့ အကြောင်းကြားထားတယ်” ဟု မွန်ပြည်သစ်ပါတီ နိုင်ငံခြားရေးဌာန တာဝန်ခံ ပါတီပြောခွင့်ရ နိုင်ဟံသာဗွန်ခိုင်က ယနေ့ ပါတီသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    အရှေ့တောင်တိုင်း စစ်ဌာနချုပ်သို့ ပေးပို့သော စာတွင် “စစ်မှန်သော ပြည်ထောင်စု တည်ထောင်နိုင်ရေးအတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု မဖြစ်ပေါ် မပြီးပြတ်သေးပါက တပ်အသွင်ကူးပြောင်းရေးနှင့် လက်နက်စွန့်လွှတ်ရေးကို ပါတီက လက်မခံနိုင်ကြောင်း” ပါရှိသည်။

    သြဂုတ်လ (၂၃) ရက်နေ့တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၌ တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းက မွန်ပြည်သစ်ပါတီအား စက်တင်ဘာလ (၁) ရက်နေ့ နောက်ဆုံးထား၍ လက်နက်စွန့်လွှတ်ရမည် ဖြစ်ကြောင်း၊ လက်နက်မစွန့်လွှတ်ပါက ယခင်လက်နက်ကိုင် သောင်းကျန်းသူအဖြစ် သတ်မှတ်ပြီး ဥပဒေအရ တရားဝင် ဆက်ဆံခြင်း ပြုမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

    ထိုအခြေအနေကြောင့် မြို့ပေါ်ရုံးများတွင် တာဝန်ထမ်းဆောင်လျက် ရှိသော ပါတီဝင်များကို စက်တင်ဘာလ (၁) ရက်နေ့ မတိုင်မီ နီးစပ်ရာ ခရိုင်များသို့ ပြန်ခဲ့ရန် မွန်ပြည်သစ်ပါတီက ပြန်လည်ခေါ်ယူထားခဲ့သည်။

    “အခု မြို့ပေါ်မှာ ရှိတဲ့ ကျနော်တို့ ပါတီဝင်တွေ အားလုံးလိုလို ကျနော်တို့ပါတီနယ်မြေကို ရောက်လာကြပါပြီ” ဟု နိုင်ဟံသာဗွန်ခိုင်က ပြောသည်။

    စစ်ရေးတင်းမာနိုင်သည့် အခြေအနေကြောင့် မွန်ပြည်နယ် မုဒုံမြို့ နှင့် သံဖြူဇရပ်မြို့ အကြားတွင်လည်းကောင်း၊ သံဖြူဇရပ်- ဘုရားသုံးဆူလမ်းရှိ ရဲတံခွန်ကျေးရွာအနီးတွင်လည်းကောင်း စစ်အစိုးရတပ်များကို ဖြန့်ကျက်ချထားပြီး မွန်ပြည်သစ်ပါတီကလည်း တပ်လှန့်ထားသည်။

    အလားတူ ပြီးခဲ့သည့် ဧပြီလ (၂၂) ရက်နေ့တွင်လည်း နယ်ခြားစောင့်တပ် (သို့) ဌာနေပြည်သူ့စစ် အသွင်ပြောင်းခြင်းကို လက်မခံနိုင်ကြောင်း မွန်ပြည်သစ်ပါတီက စစ်အစိုးရထံ အကြောင်းပြန်ခဲ့ပြီးနောက်ပိုင်း၌ ပြည်တွင်းရှိ မွန်ပြည်သစ်ပါတီရုံးများကို ပိတ်ထားခဲ့ပြီး စစ်ရေးတင်းမာသည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။

    တပ်အသွင်ကူးပြောင်းရေးကိစ္စနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီအနေဖြင့် လက်မခံနိုင်သေးကြောင်းကို ဧပြီလ ၂၂ ရက်နေ့၊ ဧပြီလ ၂၅ ရက်နေ့ နှင့် သြဂုတ်လ ၃၀ ရက်နေ့တို့၌ ယခုနှစ်တွင် သုံးကြိမ်တိုင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်သို့ စာဖြင့် အကြောင်းပြန်ခဲ့သည်။

    အလားတူ ယခင်နှစ် သြဂုတ်လ (၅) ရက်နေ့တွင် ကျရောက်သည့် မွန်အမျိုးသား တော်လှန်ရေးနေ့တွင်လည်း နယ်ခြားစောင့်တပ်ကိစ္စကို တရားဝင် ငြင်းဆန်ခဲ့သည်။

    ၁၉၉၅ ခု အပစ်အခတ်ရပ်စဲပြီး နောက်ပိုင်းတွင် မော်လမြိုင်၊ သံဖြူဇရပ်၊ ရေးနှင့် ဘုရားသုံးဆူမြို့များတွင် မွန်ပြည်သစ်ပါတီ ဆက်ဆံရုံးများကို နှစ်ဖက် သဘောတူညီချက်ဖြင့် ဖွင့်လှစ်ထားရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts