မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / ဝမ်းစာနှင့် စီးပွား

ဝမ်းစာနှင့် စီးပွား

ရေးသားသူ:
မင်းသာရ – အိမ်ရှေ့မှာ လူမမယ်အရွယ်ကလေးတွေရဲ့ ဆူညံနေတဲ့အသံက တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကို လှန့်လိုက်သလိုပဲဖြစ်တယ်။ ကလေးတွေ တစုံတရာကိုလုနေကြတဲ့အသံကြောင့် အိမ်ကခွေး ကျားဗိုလ်ရဲ့ဟောင်သံလည်းပေါ်ထွက်လာတယ်။ ပတ်ဝန်းကျင်ကိုဆူညံသွားစေတဲ့အတွက် တိတ်ဆိတ်ငြိမ်သက်တဲ့ ဝေလီဝေလင်း နံနက်ခင်းမှာ အိပ်စက်သူတွေလည်း ကလေးတွေရဲ့ ဆူညံသံနှင့်အတူ လန့်နိုးလှုပ်ရှားလာတယ်။

ဒီရပ်ကွက်မှာ နေထိုင်ကြတဲ့သူတွေဟာ တည်ငြိမ်အေးချမ်းမှု၊ စည်းကမ်းပြည့်ဝမှုတွေနှင့် တည်ဆောက်ထားတဲ့ပတ်ဝန်းကျင်တခုပါ။ လူနှင့် ပတ်ဝန်းကျင်အတွက် သစ်ပင်ပန်းမာန်တွေကို မိမိခြံဝင်းမှာ လှပနေအောင်စိုက်ပျိုးထားကြတယ်။ အမှိုက်သရိုက်ကိုလည်း အမှိုက်ပုံးထဲမှာ ပြန့်ကြဲမနေအောင် စနစ်တကျစွန့်ပစ်တတ်မှု စတာတွေဟာ ရပ်ကွက်မှာ နေထိုင်သူတွေရဲ့ တန်ဖိုးတွေပါ။ စည်းကမ်းသည် လူ့ရဲ့တန်ဖိုးလို့ ဆိုထားတယ်မဟုတ်လာ။

အချိန်မတော်ဘဲ ဒီကလေးတွေ သည်ရပ်ကွက်လမ်းမကြီးပေါ်မှာ ဘာကြောင့်ရောက်ရှိနေတာ ပါလိမ့်၊ ဒီလိုအချိန်မျိုးမှာ ဘာလာလုပ်ပါလိမ့်။

အိမ်ရှေ့ဆူညံသံကြောင့် စာရေးသူထပြီးသွားကြည့်တယ်။ လူမမယ်အရွယ် ရှစ်နှစ်၊ ကိုးနှစ်အရွယ် သနားကမာ မျက်နှာထားနဲ့ ကလေးသုံးယောက်ကို လင်းထိန်တဲ့မာကြူရီမီးတိုင်အောက်မှာတွေ့ရတယ်။ စိုးရိမ်ကြောက်ရွံ့နေတဲ့ သူတို့ရဲ့မျက်နှာကိုလည်း ရှင်းလင်းစွာတွေ့ရတယ်၊ အမှိုက်ပုံထဲက စွန့်ပစ်ပစ္စည်းတွေကို ရလိုဇောနဲ့ လုနေကြတယ်ဆိုတာ မေးစရာမလိုဘဲနဲ့ကို သိနိုင်ပါတယ်။

“သားတို့ဘယ်ကလာကြလဲ၊ ဒီလိုဝေလီဝေလင်းမိုးမလင်းသေးဘဲနဲ့ အော်ကြီးဟစ်ကျယ် ဘာလို့ဆူညံနေကြရလဲ’’ ဟု မေးလိုက်တော့ ကလေးသုံးယောက်လုံးက-

“သားတို့ လောရှမ်းကုန်းဘက်ကလာတာပါ၊ အမှိုက်ပုံးထဲက သံဘူးခွံ၊ ပုလင်းခွံ၊ ပလပ်စတစ်ဘူးခွံတွေကို လာကောက်တာပါ။ ဒါကိုရောင်းလိုက်ရင် ပိုက်ဆံရတယ်၊ ဒီရတဲ့ပိုက်ဆံကို အမေ့ကိုပေးရတယ် ဆန်ဝယ်စားဖို့ပါ” ဟု  စာရေးသူကို ပြောပါတယ်။

လောရှမ်းကုန်းဆိုတာ စံခလပူရီမြို့ရဲ့ အရှေ့မြောက်ဘက်မှာ ရှိနေသည့် ရပ်ကွက်တခုပါ၊ ဒေသခံ လောရှမ်း၊ ကရင်နဲ့ အသစ်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ နေကြပါတယ်။ တောင်ယာစိုက်နဲ့ စံခလပူရီမြစ်ထဲမှာ ငါးဖမ်းတဲ့ အလုပ်ကို အဓိကလုပ်ကိုင်ကြပါတယ်။

ဒါပေမယ့် အသစ်ရောက်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက အလုပ်ကြမ်းနဲ့ နေ့စားအလုပ် ရဖို့ မလွယ်တဲ့ စံခလပူရီလိုမြို့ငယ်မှာ ရရအလုပ်ကို လိုက်လုပ်ကြတယ်။ “ဒီနှစ်လိုနှစ်မျိုး မိုးကခေါင် ရေလည်းရှား၊ အပူချိန်မြင့်တဲ့အတွက် ဟင်းသီးဟင်းရွက် အသီးအနှံတွေ ဖြစ်ထွန်းမှုနည်းတယ်။ တောင်ယာစပါးလည်း ကောင်းကောင်းစိုက်လို့မရ၊ မိုးရွာတာ နောက်ကျတော့ စံခလပူရီချောင်းမှာ ရေနည်းပြီး တံငါနဲ့ အသက်မွေးသူတွေကိုလည်း ငါးမဖမ်းရဘူးဆိုပြီ ဒေသခံအာဏာပိုင်တွေက ငါးဖမ်းခွင့် ခဏပိတ်လိုက်သေးတယ်” ဟု လောရှမ်းကုန်းမှ ငါးဖမ်းခြင်းနှင့်အသက်မွေးဝမ်ကြောင်းပြုသူတစ်ဦးက ပြောသည်။

“ရေပေါ်အိမ် (ဖောင်အိမ်) သွားလာမရတာကြောင့် ဟိုတယ်နဲ့ခရီးသွားလုပ်ငန်း ထိခိုက်ရတယ်၊ ဖောင်အိမ်လည်း ဧည့်သည်သိပ်မရှိဘဲ သုံးလကျော် နားထားရလို့ စီးပွားရေးလုပ်ငန်းရှင်တွေက ငြီးနေကြတယ်” ဟု ဖောင်အိမ်ပိုင်ရှင် မွန်အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒေသခံတွေကလည်း ယခုနှစ်မှာလုပ်ငန်းအသစ်တွေ မတိုးချဲ့နိုင်တော့ မရှိဆင်းရဲသား နေ့စားဝင်လုပ်လိုသူတွေ အလုပ်လုပ်ဖို့ အခွင့်အလမ်းမရှိဖြစ်ရတယ်၊ ဒေသခံတွေရဲ့အလုပ်အကိုင်အပေါ်မှာ မှီခိုလုပ်ကိုင်ပြီးမှရပ်တည်နေရသူ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ စားရေးသောက်ရေးကြပ်တည်းရတယ်။

“သားတို့အဖေက ငါးဖမ်းလှေမှာ နေ့စားလိုက်တယ်၊ စံခလပူရီချောင်း ရေခန်းသွားတော့ အလုပ်မရှိတော့ဘူး၊ သုံးလလောက်ရှိသွားပြီး၊ အမေလည်း ငှက်ဖျားဖြစ်နေတယ်၊ ညီလေးက အခုမှ တနှစ်သားပဲရှိသေးတယ်၊ ညတုန်းကဆန်မရှိတော့ ထမင်းကိုနည်းနည်းဆီပဲ ဝေစားရတယ်’’ ဟု စွန့်ပစ်ပစ္စည်းကောက်ပြီး မိဘနှင့်အတူ ဝမ်းစာအတွက် ကူပေးနေသည့်ကလေးတစ်ဦးက ပြောတယ်။

ယခုလို စွန့်ပစ်ပစ္စည်းတွေကို အမှိုက်ပုံးမှာ လိုက်ကောက်ပြီး ဝယ်ယူနေတဲ့ကုလားဆီသွားရောင်းပြီးမှ ရတဲ့ငွေအနည်းငယ်ကို ဆန် ၁ ကီလို၊ ၂ ကီလိုဝယ်ပြီး မိသားစုဝမ်းရေးပြဿနာကို ဦးထမ်းပဲ့ထမ်း ဝိုင်းဖြည့်ဆီးပေးနေရတဲ့ ရွှေ့ပြောင်းအလုပ်သမား မိသားစုတွေရဲ့ဘဝပါ။

တကယ်တော့ မရှိဆင်းရဲသားပြည်သူတွေဟာ ဝမ်းရေးပြဿနာတခုတည်းကို အချိန်တိုင်းမှာ ဖြေရှင်းနေရတော့ သူတို့အဖို့ ရှေ့ကိုမျှော်လင့်စရာ အနာဂတ်ဆိုတာ သူတို့အတွက် မဟုတ်သလို၊  ယခုလက်ရှိ ပစ္စုပ္ပန်မှာလည်း သူတို့လက်မဲ့ဖြစ်နေလို့ပါ။ မနက်ဖြန်ဆိုတာကို သူတို့က မစဉ်းစားရဲကြဘူး။ ဝမ်းရေးအတွက်ကို ရုန်းကန်နေရတော့ တခြားစီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ တိုင်းရေး ပြည်ရေးတွေကို ဘယ်လိုလုပ်ပြီး သူတို့ လက်လှမ်းမီနိုင်တော့မှာလဲ၊ ပြည်ရေးထက် ဝမ်းရေးခက်နေသူတွေပါ။

သမုဒ္ဒရာပြင်ကျယ်မှာ ရေဘယ်တော့မှမပြည့်နိုင်သလို လူသားတွေရဲ့ဝမ်းဗိုက်ကလည်း တထွာသာဆိုပေမယ့် ပြည့်လေ့မရှိ။ ဒါကြောင့်မို့ သမုဒ္ဒရာနှင့် နှိုင်းရတာဖြစ်မယ်။ လူသားတွေ ရုန်းကန်နေကြတာ အဓိကက စားဖို့၊ ဝတ်ဖို့နဲ့ နေဖို့ပါပဲ။ အစားအစာဟာ လူသားတွင်သာမကဘဲ သက်ရှိသတ္တဝါတိုင်းက နည်းလမ်းပေါင်းစုံနဲ့ ရှာစားနေကြရတာပါပဲ။ ယခုအမှိုက်ပုံးထဲက ရှာနေတာဟာလည်း ဝမ်းစာရှာနည်းတနည်းပဲမဟုတ်လား။ ငါ့ဝမ်းပူဆာ မနေသာလို့ အစာ ရှာရတယ်ဆိုသလို ဝမ်းစာရှာနေရတယ်။

အမှိုက်ထဲက ဝမ်းစာအတွက်လောက် ရှာဖွေနေသူတွေရှိသလို အမှိုက်ကစွန့်ပစ်ပစ္စည်းတွေကို ကောက်ပြီးရောင်းဝယ်နေသူ၊ ကုန်ကြမ်းမှ ကုန်ချောအဖြစ် ထုတ်လုပ်နေသူတွေအဖို့ အမှိုက်ကို အရင်းခံပြီး ကြီးပွားချမ်းသာနေသူတွေလည်း မနည်းပါဘူး။ အမှိုက်ထဲက ရွှေဖြစ်နေသူလို့ ဆိုရမှာပါ။

အမှိုက်ထဲကစွန့်ပစ်ပစ္စည်းတွေကိုကောက်ပြီး စားဝတ်နေရေး ပြေလည်ပြီး စီးပွားရေးဖြစ်နေသည့် စံခလပူရီ မွန်ဘက်ကမ်းနေသူ ဒေါ်အိချောက “စွန့်ပစ်ပစ္စည်းတွေကို ကျမနေ့တိုင်းလာကောက်တယ်။ ကျမယောကျ်ားက လွန်ခဲ့တဲ့ ၄ နှစ်မှာ ဆုံးသွားတော့ သားသမီး လူမမယ်လေးအရွယ် လေးယောက်ကျန်ခဲ့တယ်။ တခြားဆီမှာ အငှားသွားလို့လည်း အခြေအနေမပေးတော့ အမှိုက်ပုံးက စွန့်ပစ်ပစ္စည်းတွေ လိုက်ကောက်ဖြစ်သွားတယ်။ အနည်းဆုံး တလဝင်ငွေ ဘတ်လေးထောင်လောက် ပုံမှန်ရတယ်’’။

“မနက်ပိုင်း တချိန်လောက်ပဲ လိုက်ကောက်တယ်၊ ဧည့်သည်များတဲ့ ပွင့်လင်းရာသီမှာ တလကို ဘတ် ၇ဝဝဝ လောက်ရတယ်။ အခုကောက်တဲ့လူ များတယ်၊ ကျမလုပ်နေတာ ၄ နှစ်လောက်ရှိပြီးဆိုတော့ အခုလည်း ဆက်လုပ်နေတာပဲ။ အခုအိမ်မှာ ရုံဆောက်ပြီး လာရောင်းတဲ့ ပစ္စည်းတွေကို ဝယ်ပြီးစုထားတယ်၊ တဆင့်ပြန်အရောင်းအဝယ်လုပ်တယ်။ အခု ဘတ် ၁၅ သိန်းတန် တိုက်ပုအိမ်တလုံးလည်း ဆောက်လို့ပြီးသွားပြီ” ဟု ဒေါ်အိချောက ပြောပါတယ်။

စွန့်ပစ်ပစ္စည်းတွေကို ဘယ်လိုကောက်ရတယ်၊ ဘယ်လိုပြန်ရောင်းရတယ်နဲ့ပတ်သက်ပြီး “သတ္တု၊ ခဲ၊ သံပြော့တွေနဲ့လုပ်တဲ့ ထုတ်ပိုးပစ္စည်တွေကျတော့တမျိုး၊ ပလပ်စတစ်ဘူးခွံတွေက စျေးတမျိုး၊ နောက်ပြီး ထုတ်ပိုးတဲ့စက္ကူဖာကလည်း စျေးတမျိုးပေါ့၊ အားလုံးရောင်းရတယ်။ ရေသန့်၊ ပက်စီဘူးခွံတွေက တစ်ကီလိုကို (၁၇) ဘတ်ရတယ်၊ ရှပ်အချိုရေဘူးခွံ ကျွဲရိုင်ဘူးခွံ တစ်ကီလိုကို (၁၈) ဘတ်လောက်ရတယ်၊ ဘီယာဘူးခွံ၊ ခလေးသောက်နို့ဘူးဝိုင်းတွေလိုတော့ နှစ်လုံးမှ (၁) ဘတ်ပဲရတယ်၊ ဘာပဲဖြစ်ဖြစ် အရင်းထုတ်စရာမလိုဘဲ လိုက်ကောက်ရုံပဲဟာ အမြတ်ချည်းပဲ” လို့ ဒေါ်အိချောက ပြောတယ်။

ဟုတ်ပါတယ် ရှေးတုံးကလူကြီးသူမများပြောလေ့ရှိတဲ့စကားတခွန်းက အရင်းမစိုက် လှေထိုးလိုက်ဆိုပဲ၊ အခုတော့ အရင်းမစိုက် အမှိုက်ကောက်လိုက်လို့တောင် ဆိုရမလိုဖြစ်နေပြီ။ နောက်ပြီး ဒေါ်အိချောစိတ်ရှည်လက်ရှည် ရှင်းပြတာက “ကောက်ထားတဲ့ပစ္စည်းတွေကို ပြန်ရောင်းရင် ဝယ်လက်ရဲ့ သုံးဆလောက်အမြတ်ရတယ်၊ ဝယ်ထားတဲ့ပစ္စည်းတွေပန်ရောင်းတဲ့အခါ အရွယ်အစားထုထယ်သေးသွားအောင် ထုလိုက်ရတယ်၊ အမျိုးအစားခွဲပေးရတယ်၊ ရောင်းလိုတဲ့အခါ ကန်ချနပူရီကို ဖုန်းဆက်လိုက်ရုံပဲ ကုန်တင်ကားရောက်လာရင် သူ့ဟာသူတင်သွားရုံပဲ”။

မြန်မာနိုင်ငံမှာလည်း အမှိုက်သရိုက်ဆွေး၊ သဘာဝမြေဆွေး ဗေဒါ၊ မှော်ပင်၊ ဒိုက်ပင်အဆုံး ပြုပြင်ပြီး သဘာဝမြေသြဇာအဖြစ် ရောင်းချတယ်။ စီးပွားဖြစ်နေကြတာ များစွာရှိနေကြပါပြီ၊ ဒါတွေဟာ အမှိုက်ထဲက ရွှေတွေပါ။ ဒါ့အပြင် မြို့ပြကျေးရွာအမှိုက်ကနေ လယ်ယာမြေရတနာသိုက်အဖြစ်နဲ့ မြေဆီမြေလွှာတွေ ကောင်းစေပြီး သီးနှံထုတ်လုပ်မှုမှာ အထွက်နှုန်း တိုးတက်လာစေတဲ့အတွက် စိုက်ပျိုးသူတွေကို တိုက်ရိုက်အကျိုးပြုနေပြန်ပါတယ်ဟု မြေအသုံးချရေးပညာရှင်အထွေထွေမန်နေဂျာတစ်ဦးက ပြောပါတယ်။

ယခင်အခါက အမှိုက်မှ စွန့်ပစ်ပစ္စည်းတွေကို ရောင်းဝယ်ဖေါက်ကားသူတွေက အိန္ဒိယကလာသည့် ကုလားလူမျိုးတွေက အများဆုံးလုပ်ကြပါတယ်၊ သူတို့စီးပွားရေး လာဘ်မြင်ပုံက ကြည့်ပါလား၊ သတ္တုဟောင်း သတ္တုစုတ်၊ သတ္တုစတွေကို ဝယ်စရာမလိုဘဲ “သတ္တုကုလားပဲ” လို့ အော်လိုက်ရုံနဲ့ ကုလားပဲလေးတဆုပ်နှစ်ဆုပ်လောက်နဲ့ ကိုယ့်မှာ တန်ဖိုးကြီးမားတဲ့သတ္တုတွေနဲ့လဲသွားတယ်။ သူတို့တွေ လုပ်စားသွားတာ ပါးပါးလေးရယ်၊ သူတို့ရရှိသွားတဲ့အမြတ်က နည်းမှမနည်းတာ၊ မြို့မှာ ကုလားလူမျိုးကုမ္ပဏီတွေ၊ တိုက်အိမ်တွေ၊ မော်တော်ကားတွေချည်း ဖြစ်ကုန်တယ်။
တကယ်တော့ သတ္တုဟာ ရွှေတို့ ပလက်တီနံပြီးရင် တန်ဖိုးကြီးတဲ့ပစ္စည်းပါ၊ သံစျေးထက် အများကြီးမြင့်တယ်။ ကုလားက ဘာမှတန်ဖိုးမရှိတဲ့ ဆင်ခေါင်းပဲလို့ခေါ်တဲ့ ကုလားပဲလေးနှင့် လဲသွားတယ်။ ငွေပေးလဲသွားတာမဟုတ်ဘူး။

စာရေးသူတွေ့ဖူးခဲ့သည့်အဖြစ်တခုက စာရေးသူအိမ်ဘေးက ၇ နှစ်သားအရွယ် မောင်အောင်သိန်းက သတ္တုကုလားပဲလို့ ဒယ်အိုး ဒန်အိုးဟောင်းလိုက်ဝယ်တဲ့သူကအော်လာရင် သူမနေနိုင်ဘူး၊ တခြားကလေးတွေက လည်းမနေနိုင်ဘူး၊ မိဘတွေမရှိခိုက် အိမ်မှာရှိတဲ့သတ္တုအိုးကြီးအကောင်းတလုံးကို ယူချလာပြီး ဝယ်သူရှေ့မှာ ထုလိုက်ပြီးတော့ သတ္တုအိုးကို ကုလားပဲနဲ့လဲစားလိုက်တော့တာပဲ။ ဝယ်သူက ဝမ်းကိုသာလို့၊ ကုလားပဲအနည်းငယ်နဲ့ လဲယူလိုက်တာပါပဲ။

ဒါက ဟိုခေတ်က ကုလားလူမျိုးတမျိုးတည်းကသာ အမှိုက်ထဲက ရွှေဖြစ်အောင် လုပ်စား တတ်တဲ့အကြောင်းကို တင်ပြခြင်းဖြစ်သည်။ အခုခေတ်မှာ လူမျိုးမရွေး လိုက်လုပ်လာကြပါပြိီ၊ သို့သော် အမှိုက်ကိုပဲ အရင်းပြုပြီး လုပ်စားတာချင်းတူတူ ဝမ်းစာလောက်ပဲ လုပ်စားတတ်သူနဲ့ စီးပွားဖြစ် ကြီးပွားချမ်းသာအောင် လုပ်တတ်သူဆိုပြီး နှစ်မျိုးနှစ်စားပဲရှိပါတယ်။ အဲဒါက ဝမ်းစာနှင့် စီးပွားပါဗျာ။

About မွန်သတင်းအေဂျင်စီ

Check Also

ဇာတ်လိုက်ကိုဖမ်းမမိသည့် အလံတရာဒေသက ပန်းဦးဆက်ဇာတ်လမ်း

ယခင်က အကြောက်တရားများလွှမ်းမိုးနေပြီး ယခုအချိန်မှသာ ပွင့်ပွင့်လင်းလင်းပြောဆို တိုင်ကြားနိုင်လာသည့်အတွက် အလံတရာဒေသမှ ပန်းဦးဆက်ဇာတ်လမ်းနဲ့ပတ်သက်သည့် တိုင်ကြားစာများရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ် တိုင်ကြားစာ၊ အသနားခံစာနှင့် အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ ဥက္ကဌ ဦးအောင်ကျော်သူက ရှင်းပြသည်။ …

%d bloggers like this: