spot_img
Wednesday, April 24, 2024
More
    spot_img
    Homeသတင်းပြည်သူ့စစ် မလုပ်လို၍ ရွာသားရာကျော် ရွာမှ တိမ်းရှောင်

    ပြည်သူ့စစ် မလုပ်လို၍ ရွာသားရာကျော် ရွာမှ တိမ်းရှောင်

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ။ ။ပြည်သူ့စစ် မလုပ်မနေရ အတင်းအဓမ္မ ခိုင်းစေမှုကြောင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကလိန်အောင်မြို့နယ်ခွဲ ပေါက်ပင်ကွင်းရွာမှ ရွာသားရာကျော် ရွာမှ တိမ်းရှောင်ထွက်ပြေးသွားကြသည်ဟု ရွာသားများက ပြောသည်။
    လွန်ခဲ့သည့် ဇူလိုင်လ (၁၄) ရက်နေ့တွင် ကလိန်အောင်မြို့နယ် ရားဖူးအခြေစိုက် စစ်ဗျူဟာ (၃) ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ဇော်လင်းနှင့် ခမရ (၂၈၂) နှင့် ခလရ (၂၇၃) တို့က အထက်ပါရွာသို့ ရောက်ရှိလာပြီး ကျေးရွာပြည်သူ့စစ် ဖွဲ့စည်းရန် ရွာသူ ရွာသားများအား တစ်အိမ်တစ်ယောက် ခေါ်ယူစုရုံးစေခဲ့သည်။
    ရွာသားတစ်ဦးတစ်ယောက်မျှ ပြည်သူ့စစ် မလုပ်လိုသောကြောင့် အသက် (၁၈) နှစ်နှင့် အသက် (၅၀) နှစ်အကြား အမျိုးသားရှိသော အိမ်များမှ ရွာသား (၄၀) ကို အတင်းအဓမ္မ မဲနှိုက်စနစ်ဖြင့် ကောက်ယူခဲ့သည်။
    မဲမနှိုက်ပါက ရွာမှ ပြောင်းရွှေ့ရမည်ဟုလည်း ညွှန်ကြားထားပြီး၊ ဒုလ္လဘရဟန်းများလည်း မဲနှိုက်ခဲ့ရသည်ဟု ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သော ရွာသားတစ်ဦးက ပြောသည်။

    “အိမ်မှာ ယောကျာ်း မရှိတဲ့ အမျိုးသမီးတွေ မဲပေါက်ရင် အဲဒီအမျိုးသမီးကို သူတို့က ဓါတ်ပုံတွေ ရိုက်သွားတယ်။ ဓါတ်ပုံရိုက်တာက သက်သေလုပ်တာပေါ့၊ ကိုယ်အမျိုးသားက တခြားမှာ အလုပ်လုပ်နေတယ်ဆိုရင် အမျိုးသားကို ပြန်ခေါ်ပေးရမယ်၊ ဘုန်းကြီးတွေလည်း မဲပေါက်ရင် လူဝတ်လဲရမယ်လို့ သူတို့က အကျပ်ကိုင်တယ်” ဟု အထက်ပါရွာသားက ပြောသည်။

    မဲပေါက်သော်လည်း ပြည်သူ့စစ် မလုပ်လိုသောကြောင့် ရွာသူရွာသားများမှာ မွန်ပြည်နယ် ရေးမြို့နယ်ရှိ ကျေးရွာများနှင့် ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်သွားကြရကြောင်း ရွာခံတစ်ဦးက ပြောသည်။

    “မဲပေါက်တဲ့ လူတွေက ပြေးကြတယ်၊ မဲမပေါက်တဲ့ လူတွေလည်း သူတို့နဲ့ ပတ်သက်လာမှာကို ကြောက်ပြီး ပြေးကြတယ်၊ ယောကျာ်းတွေ ပြေးတော့ မိန်းမကလည်း လိုက်ပြေးတာပေါ့၊ အခု ရွာမှာဆို လူငယ်တွေ မရှိတော့ဘူး၊ လူကြီးပိုင်းတွေလောက်ပဲ ကျန်တော့တယ်” ဟု သူက ပြောသည်။

    ပေါက်ပင်ကွင်းရွာပြင်ရှိ အိမ် (၁၀) လုံးကျော်ကိုလည်း လုံခြုံရေးကို အကြောင်းပြုပြီး ရွာတွင်းသို့ ပြောင်းရွှေ့စေခဲ့သည်။ ၎င်းပြင် ရွာပြင်ရှိ ဥယျာဉ်ခြံ၊ တောင်ယာနှင့် လယ်လုပ်ငန်းများ လုပ်ကိုင်လိုပါက ကျေးရွာဥက္ကဌ ထောက်ခံစာကို ယူကြရပြီး ထောက်ခံစာတစ်ပတ်အတွက် ငွေ (၂၀၀) ကျပ် ပေးရသည်ဟုလည်း အထက်ပါ ရွာသားက ပြောသည်။

    ရွာသားများ ထွက်ပြေးတိမ်းရှောင်မှုကြောင့် ကျေးရွာပြည်သူ့စစ် ဖွဲ့ခိုင်းသည့် အစီအစဉ်ကို ခေတ္တရပ်နားထားကြောင်း သိရသည်။

    စစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ အပစ်အခတ် မရပ်စဲမီ ကာလက ပေါက်ပင်ကွင်းရွာတွင် အိမ်ခြေ (၅၀၀) ခန့် ရှိပြီး မွန်ပြည်သစ်ပါတီမှ ခွဲထွက်အဖွဲ့များက ၎င်းဒေသတဝိုက်တွင် လှုပ်ရှားခြင်းနှင့် စစ်အစိုးရတပ်များက ရွာကို မီးရှို့ခြင်း အပါအဝင် ညှင်းပန်းနှိပ်စက်မှုအမျိုးမျိုးကြောင့် အိုးအိမ်စွန့်ခွာကြပြီး ယခုအိမ်ခြေ (၃၀၀) ခန့်သာ ကျန်ရှိတော့သည်။

    လွန်ခဲ့သည့် မတ်လတွင်လည်း စစ်အစိုးရတပ်၏ နှိပ်စက်မှုများကြောင့် ထိုဒေသတဝိုက်ရှိ ကျေးရွာများမှ ရွာသူရွာသား (၂၀၀) ကျော် အိုးအိမ်စွန့်ခွာကြပြီး မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ထားဝယ်ခရိုင်သို့ ရောက်ရှိလာကြကြောင်း မွန်ပြည် လူအခွင့်အရေး ဖောင်ဒေးရှင်းက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,600SubscribersSubscribe
    spot_img

    Latest posts