spot_img
Friday, March 29, 2024
More
    spot_img
    Homeဆောင်းပါးလောဘသားတို့၏ မပြီးပြတ်နိုင်သော ပြဿနာများ

    လောဘသားတို့၏ မပြီးပြတ်နိုင်သော ပြဿနာများ

    -

    သူရိန် ။   ။ “နေ့သွင်းက တစ်နေ့ ဘတ်သုံးဆယ် နေ့ပြန်တိုးက တနေ့ သုံးဆယ် နေ့တိုင်း ပေးနေရတယ်။ ချေးထားတဲ့ငွေ အရင်းအနှီးက နှစ်ထောင်လောက်နဲ့ လုပ်စားရတာ မလွယ်ဘူး။ စျေးရောင်းကောင်းတဲ့နေ့ဆိုရင် နေ့သွင်းနဲ့ နေ့ပြန်တိုးအတွက် မခက်ပေမယ့် စျေးရောင်းမကောင်းတဲ့နေ့တွေဆိုရင် နေ့သွင်းနဲ့ နေ့ပြန်တိုးကို ငွေရင်းထဲက စိုက်ထုတ်ပေးလိုက်ရတယ်။ အရင်းအနှီးနည်းလာတော့ ထပ်ဆွဲလိုက် ပြန်ဆပ်လိုက်နဲ့ လုပ်လို့ရ သမျှ ငွေအတိုးထဲမှာပဲ လည်နေတော့တယ်” ဟု ဘုရားသုံးဆူမြို့မစျေးထဲမှ ကုန်စိမ်းရောင်းသူ အသက် (၄၀) ကျော် အမျိုးသမီးတစ်ဦး၏ ညဉ်းငြူသံပင် ဖြစ်သည်။

    မှန်ပါပေသည်။ ဘုရားသုံးဆူမြို့တွင် လက်လုပ်လက်စားများ ခေါင်းရွက်ဗျတ်ထိုး အရင်းအနှီးမဲ့သူများ စက်ရုံအလုပ်ရုံများတွင် လုပ်ကိုင်နေကြသည့် နေ့စားလရှင်းအလုပ်သမားများက ငွေရှင်များထံမှ ငွေများကို လတိုးဖြင့်သော်၄င်း၊ နေ့သွင်းဖြင့်သော်၄င်း၊ နေ့ပြန်တိုးဖြင့်သော်၄င်း ချေးငှားနေကြရသည်။ ပြန်ပေးသွင်းရသည့် ငွေအရင်းအနှီးနှင့် ငွေတိုးပမာဏ မမျှတမှန်းသိသော်လည်း နောင်ခါလာနောင်စျေးဟု သဘောထားကာ လတ်တလောအခြေအနေတွင် စားဝတ်နေရေး ပြေလည်ရန်အတွက် မျက်စိကို စုံမှိတ်၍ လက်ခံနေရသည်များသာ ဖြစ်သည်။

    ငွေကြေးပြည့်စုံသူများကလည်း ထိုကဲ့သို့ မတန်တစ်ဆရနေသည့်ငွေတိုးများကြောင့် လက်လုပ်လက်စားသမားများ စျေးရောင်းသူများ စက်ရုံအလုပ်ရုံလုပ်သူများနှင့် လောင်းကစားသများအထိ အရင်းအနှီးငွေများကို ထုတ်ပေးကာ အတိုးများ ရယူလေ့ရှိကြသည်။ ယခင်ကာလများက ဘုရားသုံးဆူမြို့တွင် တရားဝင်အမိန့်ရအပေါင်ဆိုင်ဟူ၍ နိုင်ဘဇံတစ်ဦးတည်းရှိခဲ့သော်လည်း ယခုနောက်ပိုင်း နိုင်ဘဇံက အပေါင်ဆိုင်ကို အနားယူရုတ်သိမ်းလိုက်သည့်အချိန်မှစ၍ မြို့တွင်းရပ်ကွက်တွင်းရှိ ငွေရှိသူများက ၄င်းတို့နှင့်နီးစပ်သူများကို လိုအပ်သည့် ငွေအရင်းအနှီးများထုတ်ပေးကာ ငွေကိုမတရားစားသည့်စနစ်ကို ကျင့်သုံးလာခဲ့ကြပေသည်။

    တစ်ယောက်စ တစ်ရာဆိုသလို ယခုနောက်ပိုင်းတွင် ဘုရားသုံးဆူတစ်မြို့လုံး ငွေတိုးချစားသူမများဖြင့် ပြည့်နှက်၍နေလေပြီ။ ထိုကဲ့သို့တွင် ကျယ်လာသည်နှင့်အမျှ ငွေပေးသူနှင့် ငွေယူသူတို့၏ ငွေကြေးကိစ္စပြဿနာများမှာလည်း မကြာခဏဆိုသလို ဖြစ်ပေါ်နေတတ်ပေသည်သည်။ နိုင်ဘဇံ၏ အပေါင်ဆိုင်ရှိစဉ်က အပေါင်ပစ္စည်း ရွှေ၊ ဆိုင်ကယ်၊ ကား၊ အိမ်ခြံမြေများကို တန်ဖိုးအလိုက် အပေါင်ခံခဲ့ပြီး ငွေတိုးကိုလည်း တစ်ရာလျှင် သုံးဘတ်နှုန်းဖြင့်သာ သတ်မှတ်ထားခဲ့သည့်အပြင် တရားဝင်လုပ်ငန်းဖြစ်ခြင်းကြောင်းလည်း တစ်စုံတစ်ရာပြဿနာများ ပေါ်ပေါက်ခဲ့ခြင်းလည်း မရှိခဲ့ပေ။

    ငွေတိုးချေးစားသည့် အပေါင်ဆိုင်လုပ်ငန်းကို နိုင်ဘဇံ အနားယူခဲ့ပြီးသည့်အချိန်မှစ၍ သူ့နည်း သူ့ဟန်ဖြင့် ငွေပေးငွေယူ ငွေတိုးချေးစားသည့်အလုပ်ကို တရားမဝင် လုပ်ကိုင်လာခဲ့ကြရာ တစ်ချို့သောသူများမှာ ယူထားသည့်ငွေအရင်းသာမက ငွေတိုးပါပေးစွမ်းနိုင်ခြင်းမရှိသောကြောင့် ရုံးရောက် ဂါတ်ရောက်ပြဿနာဖြစ်ခြင်း မပေးဆပ်နိုင်သည့်အဆုံး ထွက်ပြေးတိမ်းရှောင်ခြင်း စသည့်အဖြစ်မျိုးကို ဘုရားသုံးဆူမြို့တွင် မြင်နေရ ကြားနေရသည်မှာလည်း သမာရိုးကျတစ်ခုလို ဖြစ်၍နေပေပြီ။

    လောဘကြီးသူ လူလိမ်ခံရတတ်သည်ဆိုသောစကား မှန်ကန်သည်ဟု ဆိုရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သည့်နှစ်က ဘုရားသုံးဆူမြို့တွင်နေထိုင်သူ အမည်မဖော်လိုသော ငွေရှင်တစ်ဦးက ထိုကဲ့သို့ နေ့သွင်းနေပြန်တိုး လတိုးစနစ်ဖြင့် ငွေချေးပေးသည့်ကိစ္စကြောင့် ဘတ်ငွေ (၁၀) သိန်း တစ်ဆယ်နီးပါးခန့် အလိမ်ခံခဲ့ရသည်ကိုလည်း တွေ့မြင်ကြားသိခဲ့ရပေသည်။ ငွေတိုးငှားသည့်ကိစ္စများတွင် အပေါင်ခံပစ္စည်းများ သက်သေခံလက်မှတ်များ ပြုလုပ်ထားခြင်းမရှိသည့်အစဉ်အလာကြောင့်လည်း ထိုကဲ့သို့ အလိမ်ခံရသည့်အချိန်တွင် မည်သူထံ မည်သည့်နည်းနှင့် မည်ကဲ့သို့ တိုင်ကြားရမည်ကိုလည်း မဆုံးဖြတ်နိုင်ဘဲ ဆုံးရှုံးခံခဲ့ရကြောင်းကိုလည်း ၄င်းငွေရှင်က ပြောပြခဲ့ဘူးပေသည်။

    အလိမ်ခံရသည့်ငွေရှင်က “လူကိုယုံလို့ အပေါင်ခံပစ္စည်းတောင်မပါဘဲ ချေးပေးလိုက်တာပါ။ ငွေတိုးကလည်း နှစ်ဆယ်တောင်ဆိုတော့ လောဘတက်တာလည်း ပါတာပေ့ါ။ အစတခါ နှစ်ခါလောက်တုန်းကတော့ အပေးအယူမှန်နေတာပဲ၊ နောက်ပြီး အဲဒီလူကလည်း မျက်နှာကြီး အသိုင်းအဝိုင်းကဆိုတော့ မလိမ်လောက်ဘူးလို့ ထင်ထားတယ်လေ။ ချေးပေးတဲ့ ငွေအရင်းအနှီးကလည်း များလာရော တခါထဲ အစရှာမတွေ့တော့ဘူး၊ ကျန်ခဲ့တဲ့ သူ့မိသားစုအသိုင်းအဝိုင်းကို တရားစွဲဘို့ဆိုတာလည်း ခိုင်လုံတဲ့သက်သေ အထောက်အထားမရှိတော့ ဘာမှ လုပ်လို့မရတော့ဘူး နောက်တရတာပဲရှိတယ်” ဟု ပြောပြပါသည်။

    လိမ်သည့်သူများကလည်း လိမ်နေကြသည်၊ ပြေးသည့်သူများကလည်း ပြေးနေကြသည်၊ ပြဿနာဖြစ်သူများကလည်း ဖြစ်နေကြသည့်ကာလမှာပင် ဘုရားသုံးဆူမြို့၌ ငွေတိုးချေးစားသည့်လုပ်ငန်းမှာလည်း အရှိန်အဟုန်မြင့်မားလာနေဆဲ တိုးပွားနေဆဲပင်ဖြစ်သည်။ ဘယ်အတွက်ကြောင့် ထိုကဲ့သို့ ဖြစ်နေရပါသနည်း လောဘအတွက်ကြောင့်ပင် ဖြစ်သည်။ ရသည့်ငွေအတိုးကလည်း မက်မောလောက်စရာပင် ငွေပေးငွေသွင်းစနစ်ကလည်း ငွေအရင်းတစ်ထောင်လျှင် တစ်နေ့ဘတ် (၆၀) နှုန်းဖြင့် ရက်ပေါင်းနှစ်ဆယ်ပေးသွင်းရသည်။ လတိုးက ဘတ် တစ်ထောင်လျှင် တစ်လအတိုး ဘတ် ၂၀၀ ပေးသွင်းရသည်။ နေ့ပြန်တိုးက ပို၍ဆိုးသည်။ ငွေအရင်းဘတ် တစ်ထောင်လျှင် ငွေတိုးတစ်နေ့ ဘတ်သုံးဆယ်ကို အရင်းငွေပြန်ဆပ်နိုင်သည့်ကာလထိ နေ့စဉ်ပေးသွင်းရသည်။ ငွေရှင်များမှာလည်း မတန်တစ်ဆရသည့်ငွေတိုးကြောင့် အလိမ်ခံနေရသည့်ကြားမှာပင် အလုအယက်ပေးနေကြခြင်းသည့် ဘုရားသုံးဆူမြို့တွင် ငွေပေး ငွေယူ ငွေတိုး ချေးစားသည့်လုပ်ငန်းကို ပိုမို၍ ကျယ်ပြန့်လာရခြင်း၏အကြောင်းရင်းပင် ဖြစ်သည်။

    ငွေအရင်းအနှီးကို မြုပ်နှံ၍ ကုန်သည်ပွဲစားလုပ်ရသည်ထက် ငွေတိုးချေးစားသည့်အလုပ်က ပို၍တွက်ခြေကိုက်ကြောင်း နေပူမိုးရွာထဲတွင် သွားလာပင်ပမ်းစရာမလိုဘဲ သက်သက်သာသာနှင့် ပုံမှန်ဝင်ငွေရနေသည့်အတွက်ကြောင့်လည်း ငွေတိုးချေးစားသည့်အလုပ်ကို စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်နေရကြောင်း အသက် ၅၀ ကျော် ငွေရှင်အမျိုးသမီးကြီးတစ်ဦးက ပြောသည်။

    ငွေတိုးချေးစားသည့် တစ်ခြားငွေရှင်အမျိုးသမီးတစ်ဦးကလည်း “ငွေတိုးချတဲ့အလုပ်က အဆင်ပြေတယ်။ ပုံမှန်ငွေတိုးရနေမယ်ဆိုရင် တစ်ခြားဘာလုပ်ငန်းနဲ့မှ နှိုင်းယှစ်လို့မရဘူး ကျမစလုပ်တန်းက ငွေအရင်း ၅၀၀၀ ဘတ်လောက်ပဲ စိုက်ထုတ်ရတယ်။ တစ်နှစ်အတောအတွင်းမှာ ကျမငွေအရင်းအနှီး ဘတ် ခုနှစ်ထောင် ၇၀၀၀ လောက်ဖြစ်လာတယ်။ ပြောရဆိုရတာတော့ နည်းနည်းပါးပါးရှိတာပေါ့။ ဒါတောင် ကျမငွေပြန်မရတာ နှစ်ဦး သုံးဦးလောက်ရှိတယ်။ ပြန်မရလည်း ဘာမှမဖြစ်ဘူး၊ သူတို့ပေးထားတဲ့ ငွေအတိုးက ငွေအရင်းထက်တောင်များနေပြီး၊ ဒါကြောင့် ဒီအလုပ်ထက်ကောင်းတဲ့အလုပ် မရှိဘူးလို့ ကျမထင်တယ်” ဟု ပြောသည်။

    ဘုရားသုံးဆူမြို့သင် မြို့ငယ်လေးတစ်မြို့သာဖြစ်သော်လည်း ရပ်ဝေးမှ လာရောက်လုပ်ကိုင်စားသောက်ကြသူ များလာသည့်နှင့်အညီ လူနေမှုလည်း ထူထပ်သိပ်သည်းလာခဲ့သည်။ မြို့နေလူဦးရေ များပြားလာသည့်နှင့်အမျှ ဒေသတွင်းလုပ်ငန်းများ နည်းပါးလာခြင်း အလုပ်အကိုင်ရှားပါးခက်ခဲမှုတို့ကြောင့် လူထုစားဝတ်နေရေး ခက်ခဲလာခြင်း ငွေကြေးရှာဖွေရ ခက်ခဲခြင်းတို့ကြောင့် လတ်တလော မိသားစု စားဝတ်နေရေးကို ဖြေရှင်းနိုင်ရန်အတွက် ငွေတိုးချေးစားသည့်ငွေရှင်များထံမှ ငွေများကို အတိုးများများပေး၍ ချေးငှားသုံးစွဲနေကြရခြင်း ဖြစ်သည်ကိုလည်း စက်ရုံအလုပ်သမတစ်ဦးက ပြောသည်။

    ၄င်းက “ကျမတို့မိသားစု ဘုရားသုံးဆူကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ပြောင်းလာတယ်။ အိမ်ပိုင်မရှိတော့ တန်းလျှားမှာ ငှားနေရတယ်။ အိမ်လခ၊ မီး ရေခနဲ့ဆို တစ်လကို ဘတ်နှစ်ထောင်နီးပါးလောက်ကုန်တယ်။ အိမ်မှာ အလုပ်လုပ်တဲ့သူက ကျမနဲ့ ညီမလေးပဲ ရှိတယ်။ အဖေအမေက အလုပ်မရှိဘူး။ ကျမတို့ညီအမနှစ်ယောက် လုပ်အားခ တစ်လကို ဘတ် ငါးထောင် (၅၀၀၀) လောက်ရတယ်။ အိမ်သုံးလို့ မလောက်ဘူး အလျှဉ်မမှီဘူး။ မလောက်တော့ ငွေတိုးပေးပြီး ချေးငှားရတယ်။ ယူလိုက် ပြန်ဆပ်လိုက်နဲ့ ကျမတို့ရဲ့လုပ်အားတွေကို ငွေတိုးက စားသွားတာပဲ” ဟု အလုပ်နဲ့လက် မပြတ်အောင် လုပ်နေရသည့်ကြားက ငွေတိုးများများပေး၍ ငွေချေးငှားစားသောက်နေရသော သူမ၏မိသားစုဘဝကို ပြောပြသည်။

    ဝင်ငွေနှင့် ထွက်ငွေမမျှသည့် မိသားစုများသာ ငွေရှင်များထံမှ ငွေကို ငွေတိုးများများနှင့် ချေးငှားနေကြရသည်မဟုတ်ပါ။ လောင်းကစားမှုမျိုးစုံ ပေါများလှသည့် ဘုရားသုံးဆူမြို့တွင် လောဘကို မထိန်းသိမ်းနိုင်ကြသည့် လောဘသားလောင်းကစားသမားများမှာလည်း ငွေများကို အတိုးများများပေး၍ ချေးငှားနေကြရပေသည်။ လှေမျေား လှေနှင့်လိုက်၊ ငွေမျော ငွေနှင့်လိုက် ဆိုသည့်အတိုင်း ငွေချေးလိုက် လောင်းကစားလိုက် နိုင်လျှင်ပြန်ဆပ်လိုက် ရှုံးလျှင်ပြန်ချေးလိုက်နှင့် လောဘခြင်းတူသည့် ငွေတိုးချေးစားသူနှင့် ငွေအတိုးပေး၍ ငွေချေးငှားရသည်း လောင်ကစားသမားများ၏ လောဘခြင်း ပြိုင်နေကြသည်မှာလည်း သံဝေဂ ရစရာကောင်းလှပေသည်။

    အားလုံးကိုခြုံ၍ သုံးသပ်ကြည့်မည်ဆိုပါက ငွေပေးသူနှင့် ငွေယူသူတို့၏ နေ့စဉ်တွေ့မြင်နေရသော ပြဿနာ၏အကြောင်းရင်းမှာ ဆင်းရဲမွဲတေမှုနှင့် လောဘဇောမသတ်နိုင်မှုပင် ဖြစ်သည်။ ဆင်းရဲမွဲတေမှုကြောင့် စားဝတ်နေရေး ခက်ခဲမှုများရှိလာလျှင် ဖြစ်ချင်ရာဖြစ် ဆုံးဖြတ်တက်သော လူ့သဘာဝကြောင့်လည်း ငွေချေးငှားသုံးစွဲရသူများ ပေါ်လာသလို ၄င်းအခွင့်အရေးပေါ်တွင် အကြောင်းပြ၍ အကျိုးရှာတတ်သော လောဘသမားတို့ကြောင့်လည်း ငွေပေးသူနှင့် ငွေယူသူတို့၏အကြားတွင် ဆုံးဖြတ်၍ မပြီးပြတ်နိုင်သော ပြဿနာများ ပေါ်ပေါက်နေရကြောင်း ရှာဖွေစုစည်းတင်ပြလိုက်ရပေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts