မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / ဘာနဲ့ တိုင်းတာမှာလဲ

ဘာနဲ့ တိုင်းတာမှာလဲ

ရေးသားသူ:

မင်းတော်လဝီ ။  ။ ခါတိုင်းနှစ်ဆောင်းရာသီ ဒီဇင်ဘာလဆိုရင် အလွန်အေးတဲ့လပါ သို့သော်ဒီနှစ်ရဲ့ ဆောင်းရာသီက သိပ်မအေးလှပါ၊ တောတောင်အလှသဘာဝတွေနှင့် ပဏာရလှတဲ့ စံခလပူရီမြို့လို အတော်အတန်အေးတဲ့မြို့တော်မှ အခုနှစ်ဆောင်းရာသီ ဒီဇင်ဘာလမှာ အနွေးထည် ဝတ်စရာမလိုပဲနေလို့ရတယ်၊ စံခလပူရီမြို့ရဲ့ကျက်သရေဆောင် ထိုင်းနိုင်ငံရဲ့ အရှည်ဆုံး သစ်သားတံထားရှည်ပေါ်ကလျှောက်လာနေတဲ့ အနွေးထည်ထူထူဝတ်လာသူတစ်ဦးကို ဟိုး— အဝေးက မြင်နေရပေမယ့် နှင်းမှုန်ကြားမှာ ဘယ်သူ ဘယ်ဝါရယ်လို့ သဲသဲကွဲကွဲမသိရပါ၊ အနီးကိုရောက်လာခါမှ ဒေါ်ကွန်မိမှန်း သိရပြီး၊ သူ့ရဲ့ရွှင်ပြနေသော မျက်နှထားနှင့် ကျနော့်ကို နှုတ်ဆက်ပါသည်။ နောက်ပြီး သူမက—

“ကျမသမီးကြီးက ညကပဲ သမီးဦးလေးမွေးတယ်၊ သမက်ကတော့ သမီးလေးဆိုတော့ သိပ်တော့မလိုချင်ဘူး၊ သားပဲလိုချင်နေတာ ကျမကတော့ သားသား မီးမီး ဘာပဲဖြစ်ဖြစ် မြေးဦးမို့ ဝမ်းသာတာပါပဲ၊ ပြောရရင် သမီးမိန်ကလေးမွေးတာကိုပဲ ပိုတောင် ကြိုက်လိုက်သေးတယ်” လို့ တံထားပေါ်မှာ ကျနော်နှင့်တွေ့ခိုက်မှာ ဝမ်းသာစွာနှင့် ပြောလိုက်သည်။

မိဘတို့မည်သည် သားပဲဖြစ်ဖြစ် သမီးပဲဖြစ်ဖြစ် မိမိရဲ့ ရင်နှစ်သည်းချာမို့ အားလုံးဟာ သားသမီးရတနာတွေဖြစ်တယ်၊ ကျောသား ရင်သားမခွဲခြားပဲ တသားတည်း ချစ်တက်ကြတာ မိဘတိုင်းပါပဲ၊ ဒါက မိဘတိုင်းက သားသမီးတွေအပေါ်မှာ ထားရှိတဲ့ မိဘမေတ္တာတွေပါ၊ အခုတော့ ဒေါ်ကွန်မိရဲ့သမက်က သမီးလေးမို့ အချစ်ပေါ့တယ်၊ သိပ်ပြီး မလိုချင်ဘူး ဆိုလာတဲ့အတွက် ကျနော်က ဘာ့ကြောင့်လဲလို့ မေးလိုက်တော့ ဒေါ်ကွန်မိက—

“ယခုခေတ်မိန်းကလေးတွေကို သူတွေ့နေ မြင်နေရတဲ့အဖြစ်တွေကို သူသိပ်ကြောက်လို့တဲ့ အထူးသဖြင့် နယ်စပ်ဒေသနှင့် တခြားနိုင်ငံကို ရောက်ရှိလာတဲ့ မြန်မာမိန်းကလေးတွေ အကျင့်ပျက်သိက္ခာမဲ့နေတာကို သူမြင်ပြီး သမီးမိန်းကလေးမွေးလာမှာကို သိပ်ကြောက်နေပါသတဲ့တော်၊ ဒါ့ကြောင့် သူက မိန်းကလေးကို မလိုချင်တာပါတဲ့” လို့ ဒေါ်ကွန်မိက ကျနော့်ကို ရှင်းပြသည်။

ဒေါ်ကွန်မိရဲ့ သမက်က သူ့သမီးအပါအဝင် အမျိုးသမီးများအပေါ် သူ့ရဲ့သဘောထားအမြင်ကို ကျနော်သဘောမကျပေမယ့် မည်သို့မျှပြန်မပြောတော့ပဲ ဒေါ်ကွန်မိပြောတာကိုပဲ စိတ်ထဲစွဲပြီး ဆက်လျှောက်လာတာ စံခလပူရီမြို့ ထိုင်းဘက်ကမ်းရှိ နေအိမ်ကိုရောက်လာသည်။ အိမ်ရောက်တော့ ဒီအကြောင်းကို ချက်ချင်းပဲ ကျနော့်ဇနီးသည်ကို ပြောပြလိုက်တယ်၊ ဇနီးသည်က—

“ဒို့များမှာလေ သမီးမြေးလေးတယောက်ထဲရယ် နည်းတော့ ချစ်လို့မဝနိုင်၊ သမီးမြေးလေးဆိုရင်နှစ်ယောက်လောက် ထပ်လိုချင်သေးတယ်ဟေ့၊ ဒေါ်ကွန်မိရဲ့ သမက်ကတော့ ကိုယ့်ရဲ့ သွေးသားစစ်စစ် မိမိရဲ့ဇနီးသတ်ထားမှ မွေးဖွားသန့်စင်လာတဲ့ သမီးကိုတောင်မှ မိန်းကလေးဖြစ်လို့ မလိုချင်ဘူး၊ သိပ်မချစ်ဘူးဆိုတာ မိစ္ဆာသင်္ကပ္ပကြောင့် သူ့မှာ မှားယွင်းတဲ့အတွေးအခေါ်အယူအဆက သူ့ရဲ့အသိညာဏ်တွေကို ဖုံးလွှမ်းနေပြီးနဲ့တူတယ်၊ ဆိုတော့ မိဘမေတ္တာအစစ်အမှန်ကို သူ ဘယ်လိုလုပ်သိနိုင်တော့မှာလဲ” လို့ ကျနော့်ဇနီးသည်က စိတ်မကောင်းစွာဖြင့် ပြောသည်။

“ဒါပေမဲ့လည်း ဘာကလေးပဲ မွေးလာမွေးလာ မိခင်ကတော့ ကိုယ်ဝန်နှင့်လွယ်ပြီး မွေးလာတဲ့ သားသမီးကိုတော့ ကြီးမားတဲ့ မိခင်မေတ္တာစိတ်အပြည့်နှင့် ချစ်နေမှာတော့ အမှန်ပဲ” လို့ ကျနော့်ဇနီးသည်က ဆက်ပြောပြန်တယ်။

ဒီနှစ်ဇန်နဝါရီလတုန်းက ကျနော်ဘန်ကောက်မြို့ကို အလယ်တခေါက်ရောက်ခဲ့တယ်၊ စီးပွားရေး အတန်အသင့်ကောင်းသူ ကျနော့်ရဲ့တူတော်သူတစ်ဦးက ကနော့်ကို လာရောက်တွေ့ပါတယ်။ သူ့အမျိုးသမီးမှာ သားဦးကလေးရတော့မယ်ဆိုတော့ အယ်လ်ထရာဆောင်းနှင့် သူမွေးမယ့်ကလေးက မိန်းကလေးလား ယောက်ကျားလေးလားလို့ စမ်းသပ်ကြည့်တော့ မိန်းကလေးရမယ်လို့ အဖြေရခဲ့တော့ သူစိတ်ပျက်သွားတယ်၊ သူသိပ်မလိုချင်ဘူး သို့သော် သူ့ဇနီးကတော့ သမီးဆိုတာလည်း သမီးရတနာ ရင်နှစ်သည်းချာပါပဲလို့ မိခင်ရဲ့ အားမာန်အပြည့်နှင့် သူ့ယောက်ကျားကို နှစ်သိမ့်ပြောဆိုပါသေးတယ်။

ဟိုတုန်းကဆိုရင် အယ်လ်ထရာဆောင်းလိုကိရိယာမျိုးမရှိတော့ မိခင်များက ဘယ်လောက်သိချင် သိချင် တပ်အပ်သေချာ ဘာမှမပြောနိုင်ခဲ့ဘူး၊ တကယ်မွေးလာတော့မှပဲ ကျားလား မလားဆိုတာ မိခင်လောင်းက သိခွင့်ရတော့တယ်။ အခုချိန်မှာတော့ အဲဒီလို ခွဲခြားနိုင်တဲ့ကိရိယာရှိနေလို့ ကြိုသိရတော့ ကောင်းတာရှိသလို မကောင်းတာတွေလည်း ရှိပြန်ရော ဥပမာ အိန္ဒိယနိုင်ငံမှာ သမီးမိန်းကလေးမွေးရင် မိန်းကလေးက ခန်းဝင်ပစ္စည်းဖိုးတင်တောင်းရတဲ့ သူတို့ဆီက ဓလေ့ဆိုးကြီးကို အစိုးရက ဥပဒေနှင့် နှိမ်နင်းနေပေမယ့် ဒီဓလေ့ကမပျောက်ပျက်သွားတော့ မိဘက သမီးမိန်းကလေးကိုမလိုချင်ဘူး၊ ခုလိုကြိုသိတော့ မိန်းကလေးသန္ဓေသားကို ဖျတ်ချကုန်ကြသတဲ့၊ တရုတ်ပြည်ကြီးမှာလည်း ကွန်မြူနစ်အတွေးအခေါ်မှားယွင်းတွေကို တိုက်ဖျက်တယ်ဆိုပေမယ့် မိန်းကလေးနှင့် ယောက်ကျားလေးဟာ အခုထိတန်ဖိုး အတူတူဖြစ်မလာဘူး၊ မိန်းမဟာ ယောက်ကျားတွေအတွက် ဖြစ်ပေးလာရတဲ့သတ္တဝါ တခုပါပဲလို့မှတ်ယူကြတယ်၊ အဲဒီတော့ မိဘတွေက သားယောက်ကျားလေးကိုပဲ လိုချင်ကြတယ်၊ သမီးမိန်းကလေးတွေကို မလိုချင်ဘူးဖြစ်လာတယ်၊ ပြီးတော့ တရုတ်လူမျိုးက အားကြီးလွန်းတော့ တစ်အိမ်ထောင်မှာ သားသမီးတယောက်သာ ယူရမယ်လို့ အစိုးရက ကြပ်မတ်နေလေတော့ မွေးမယ့်ကလေးက သားမဟုတ်ဘူး သမီးဆိုရင် မမွေးခင်ကသုတ်သင်ပစ်ကြတာတွေက အလွန်များတယ်လို့ ဆိုပါတယ်။

ကျနော်တို့နိုင်ငံမှာတော့ ဗုဒ္ဓဘာသာကိုးကွယ်တဲ့နိုင်ငံဖြစ်လေတော့ ဗုဒ္ဓရဲ့အဆုံးအမကလည်း ယောက်ကျားမိန်းမမဟူ တန်းတူလူ့ဘဝတန်ဖိုးက မျှတစွာ ခံစားနေကြရလို့ ဘယ်သူက မြတ်တယ် ညံ့တယ်ဆိုတာ မသတ်မှတ်ကြပါဘူး၊ ဒါပေမဲ့ အိန္ဒိယနှင့် တရုတ်တို့ဘက်က အငွေ့အသက်များက အကြောင်းအားလျော်စွာ နည်းပါးပေမဲ့ မမှန်ကန်တဲ့ အယူအဆရှိသူများကတော့ သားကိုသမီးထက် ပိုစုံမက်ကြတယ်၊ သမီးအပေါ်ခါးခါးသီးသီးမရှိပေမယ့် ဖြစ်နိုင်ရင် သားကို ပိုလိုချင်ကြတယ်။

သားယောက်ကျားချည်းသုံးယောက်မွေးထားတဲ့ ကျနော့်ရဲ့ဇနီးသည်က သမီးရတနာလိုချင်ပေမယ့် မရခဲ့လို့ ဘဝမှာ ကွက်လပ်တခုကို မဖြည့်ဆီးနိုင်ခဲ့လို့ ဝမ်းနည်းခဲ့ရတဲ့သူ့အဖြစ် နောက်ပြီး သူ့ကိုယ်နှင့် ယှဉ်ပြီးတော့ သူသိလာခဲ့ရသည့်အသိတွေ သူခံစားခဲ့ရတဲ့ ပီတိတွေကို ကျနော့်ကို ပြောပြရာမှာ—

“ကျမစိတ်နဲ့ ယှဉ်ပြီးပြောရရင် မိဘကို သမီးက ပိုချင်တယ်၊ သံယောဇဉ်ပိုရှိတယ်၊ ခြေဆုပ်လက်နယ်ပြုစရာရှိရင် သမီးက ပြုပါတယ်၊ ကျမအပါအဝင် မြန်မာနိုင်ငံထဲက ဘယ်လူမျိုးမဆို မိန်းမတွေဟာ ကိုယ့်တန်ဖိုး ကိုယ်သိကြတယ်။ သိတာနဲ့အညီ မိမိဘဝကို တန်ဖိုးရှိရှိ အသုံးချနေကြတဲ့ အမျိုးသမီးတွေချည်းပါပဲ၊ မြန်မာနိုင်ငံက ရက်စက်ကြမ်းကြုတ်တဲ့ စစ်အုပ်ချုပ်ရေးစနစ်ကြောင့် လောကပါလတရားတွေကင်းမဲ့နေတယ်၊ စီးပွားရေး ကြပ်တည်းမှုတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်နေတယ်၊ ဒါ့ကြောင့် နယ်စပ်ဒေသနှင့် အိမ်နီးချင်းနိုင်ငံတွေဆီမှာ ဝမ်းရေးအတွက်လုပ်ကိုင်နေကြရင်း အပြစ်ကင်းစင်တဲ့မြန်မာနိုင်ငံက အမျိုးသမီးတွေကို သူတပါးတွေရဲ့ အနိုင်ကျင့်ဖျက်ဆီးတာကိုခံရတယ်၊ မြန်မာအမျိုးသမီးတွေ အကျင့်ပျက်လို့ ဖြစ်လာရတာမဟုတ်ပါဘူး။

အကြမ်းဖက်ခံရတာ လိင်ကျွန်အဖြစ်သွပ်သွင်းခံရလို့ ဘဝပျက်သွားရတဲ့အမျိုးသမီးများကို အကျင့်ပျက်သူလို့ ဒေါ်ကွန်မိသမက်မြင်သလိုတော့ ကျမလက်မခံနိုင်ဘူး၊ အမျိုးသမီးတွေကို တဖက်သတ်အဆိုးမြင်နှင့် မိမိသမီးအပါအဝင် အမျိုးသမီးတွေကို မုန်းစရာလို့ မြင်မိနေတာက သဘာဝမကျဘူး၊ မဖြစ်သင့်ဘူး” လို့ အမျိုးသမီးထုတရပ်လုံးကိုယ်စား ပြောချင်ပါတယ်။

နောက်ပြီး ကျနော့်ဇနီးသည်ကပဲ ဆက်ပြောရာမှာ “ကျမတို့အိမ်နားက ဒေါ်မတီးတို့ မိသားစုဘဝကိုကြည့်ပါ သူဟာ မုဆိုးမတဦးပါ သမီးပျိုတယောက်က မိခင်ဒေါ်မတီးနှင့် သမီးကပြင်ပေးတာ အမေမောင်းထောင်းတော့ သမီးက ဆန်ဖွတ်တာ အမေစက်ချုပ်တော့ သမီးက ကော်ကပ်ပေးတာ ဒါတွေအားလုံးဟာ သမီးမိန်းကလေးတွေရဲ့ မိဘအပါ်ထားတဲ့ အသိစိတ်ဓာတ်တွေ မေတ္တာတရားတွေရဲ့ တုန့်ပြန်မှုတွေပါ မိဘနှင့်အတူ အေးအတူ ပူအမျှမိသားစုစိတ်ဓာတ်တွေမဟုတ်ပါလား” လို့ ဒေါ်မတီးတို့ မိသားစုအကြောင်းကို ပြောပြနေပြန်သည်။

နောက်ပြီး မိခင် မိန်းမသားကသာ သိခွင့်ရပြီး ယောက်ကျားသားတွေ သိခွင့်မရတဲ့ ခံစားမှုတရပ်ကိုလည်း ဇနီးသည်က အလေးအနက်ထားပြောပြပြန်တယ်—

“ဒို့များ အမျိုးသမီးတွေမှာ သားသမီးရတနာလေးမွေးပွားလာပြီးဆိုရင် အသိတခုကရရှိလာတဲ့ ငါ့မွေးမိမှ ငါ့မိဘတို့ ငါ့လိုသည့်နှယ် ချစ်ရှာသည်။ ဆိုသည့်စကားအတိုင်း ငါ့မိဘလည်း ငါ့ကို ခုငါ့သားသမီးကို ငါချစ်သလို ချစ်ကြတာပဲဆိုပြီး ကျွေးတုံ့ ကျွေးလှည့် မွေးတုံ့ မွေးလှည့်ကို ကျမတို့အမျိုးသမီးတွေကပဲ သိခွင့်ရတော့ ကိုယ့်မိဘတွေကို ပြန်သတိရလို့ မျက်ရည်ကျရတဲ့အထိဖြစ်ရတယ်” လို့ ကျနော့်ကို တလေးတစား ရှင်းပြနေတာကို နားထောင်ရင်း ပီတိရသဖြစ်ပြီး ကျေးဇူးရှင်မွေးမိခင်ကို တသသ သတိရလာသလို မိခင်ရဲ့ ဂုဏ်ကျေးဇူးတွေ မေတ္တာတရားတွေကို ရှင်းရှင်းမသိ နားမလည်ခဲ့တဲ့ မိမိကိုယ်ကိုလည်း ယူကြုံမရဖြစ်မိတယ်။

အခုလို သမီးမိန်းကလေးရဲ့ တန်ဖိုးကို သိခွင့်ရလိုက်ရတဲ့ကျနော့်အဖို့မှာ ဒေါ်ကွန်မိအကြောင်းကို ကျနော်ပြန်ပြောင်းသတိရမိပြန်ပါတယ်၊ ကျနော်နှင့် လွန်ခဲ့သည့်နှစ်ပေါင်းသုံးဆယ်လောက်က အစိုးရဆီအုန်းစီမံကိန်းမှာ အတူအလုပ်လုပ်ခဲ့ရလို့ ဒေါ်ကွန်မိရဲ့ ဇွဲနှင့် အားမာန်ကို ကျနော်သိခဲ့ရလို့ သူ့ကို ကျနော် မလေးစားပဲမနေနိုင်ပါ။ သူ့ဇာတိက မွန်ပြည်နယ် ပေါင်မြို့ကပါ၊ သူ့အမျိုးသားက မွန်ပြည်သစ်ပါတီရဲ့တပ်က ရဲဘော်တဦးဖြစ်ပြီး ငှက်ဖျားရောဂါနှင့် သေဆုံးခဲ့ရတယ်လို့ ဒေါ်ကွန်မိပြောပြချက်အရ သိရတယ်။ သူ့ယောက်ကျားဆုံးပြီးနောက် သမီးငါးယောက်နှင့် အထွေးဆုံးက သားယောက်ကျားလေးတဦးအပါအဝင် လူမမယ်သားသမီးခြောက်ယောက် ကျန်ရစ်ခဲ့တယ်။

ဆီအုန်းခြံမှာလုပ်တုန်းက ဒေါ်ကွန်မိနှင့်အတူ ၁၅ နှစ်အရွယ်သမီးကို သက်သာတဲ့ အလုပ်ခွင်မှာနေ့စား အလုပ်လုပ်ခွင့်ရတော့ နှစ်ယောက်ပေါင်းလုပ်ခနှင့် ဒေါ်ကွန်မိတို့မိသားစု စားဖို့အတော်အသင့်ထိန်းသွားနိုင်တယ်။ စားဝတ်နေရေး အစစအရာရာအားလုံးကို ဒေါ်ကွန်မိက ရုန်းကန်ရတယ်။ သမီးကြီးတယောက်ကလွဲရင် ကျောင်းနေလို့ရတဲ့ကလေးတွေကို အားလုံးကျောင်းထားပြီး သမီးနှစ်ယောက်ကဘွဲ့ရပြီး ကျန်ကလေးတွေအားလုံးပညာတက်ကြတယ်။ အငယ်ဆုံးသားကဘွဲ့ရပြီး ယခုစင်ကာပူမှာ အလုပ်လုပ်နေတယ်လို့ ကျနော့်ကို ပြောပါတယ်။ တွက်ကြည့်ရင် ဒေါ်ကွန်မိဟာ သူ့ဘဝတလျှောက်လုံးမှာ ကိုယ်ဝန်ဆောင်ရ မွေးရ ကျွေးမွေးသုတ်သင်ရနှင့် လင်ယောက်ကျားကလည်း တော်လှန်ရေးတပ်သားဖြစ်ပြန် နောက်ပိုင်း လင်ယောက်ကျားဆုံးပါးပြီးနောက် ကျန်သည့်သားသမီးရဲ့တာဝန်နှင့်ဆို သူ့ဘဝမှာ အသက်ရှုတဲ့အချိန်တောင် ရမှာမဟုတ်ဘူး အလွန်အံ့သြစရာလည်းကောင်းသလို ချီးကျူးစရာလည်းကောင်းတယ်၊ ဒီအမျိုးသမီးက ကလေးခြောက်ယောက်ကို မွေးကျွေး သုတ်သင်လာရုံမက စားရသောက်ရအောင် အစိုးရခြံလုပ်သားအဖြစ်လုပ်ရ မုန့်ဟင်းခါးလေးရောင်းလိုက် အသုတ်စုံလေးရောက်လိုက် အကျော်သည်လေးဖြစ်လိုက် အရပ်သည်စျေးလိုက်ရောင်းသူဖြစ်လိုက်နှင့် ကလေးခြောက်ယောက်ကိုကျွေးမွေး စောင့်ရှောက်လာခဲ့တယ်။ ဒေါ်ကွန်မိရဲ့ဘဝကို သေသေချာချာသိတော့ အံ့သြရတာ ချီးကျူးရတာ လက်ဖျားခါရတဲ့အထိကို တော်တဲ့အာဂမိန်းမတယောက်ပါပဲ၊ မွန်မိန်းကလေးပီသပါပေ့၊ မိခင်ပီသပါပေ့၊ သူမို့လို့ ဒီလောက်စွမ်းဆောင်နိုင်တာပါ။

အခုတော့ သူတို့တော်လှန်ရေးကာလတုန်းက စံခလပူရီမြို့ပေါ် ဝင်ကရွာမှာ ခေတ္တနေခဲ့ရတုန်းက ဝင်ကဆရာတော်ဘုရားရဲ့ အေးမြတဲ့မေတ္တာရိပ်မှာ ခိုလှုံခဲ့ဘူးလို့ ဒီလိုဒေသမျိုးမှာ အခြေချလိုတယ်။ ဒီမေတ္တာရိပ်ကို ပြန်ခိုလှုံချင်လို့ စံခလပူရီမြို့ခေါ် ဝင်ကမှာ တင့်တင့်တယ်တယ်လာရောက် နေထိုင်နေကြပါပြီ၊ သူ့ကို သိတဲ့လူတွေက ကျနော်အပါအဝင် တကယ်ပဲ တန်ဖိုးထားလာရကောင်းမှန်းသိပါပြီလို့ ပါးစပ်ကထုတ်ဖော်ပြောမိကြတော့တာပဲ၊ သားသမီးခြောက်ဦးကို ဦးပဲ့ထမ်းသူမရှိပါပဲနှင့် သူတယောက်တည်းမညည်းမညူ အောင်အောင်မြင်မြင်နှင့် မွေးကျွေးသုတ်သင်ပြီး လူဖြစ်အောင်ဆောင်ကျဉ်းခဲ့တယ်ဆိုတဲ့ သူ့ဘဝ သူ့ဒုက္ခ သူ့သတ္တိကို ဘယ်မလေးစားပဲ နေပါ့မလဲ ဒါကတော့မိန်းမသားထက် မိန်းကလေးမို့လို့ ဒီလိုစွမ်းဆောင်နိုင်တာပါ၊ သူသာ သလားဆိုတော့လည်း သူ့လို မိန်းကလေးတွေ အများကြီးရှိနေပါတယ်။

ဒါ့ကြောင့် သမီးမိန်းကလေးတွေရဲ့ တန်ဖိုးကို မသိသေးတဲ့ သမီးမိန်းကလေးကို မလိုချင်တဲ့ ဒေါ်ကွန်မိရဲ့သမက်လို ဖခင်လောင်းအမျိုးသားတွေကိုပြောပြချင်တာက သမီးမိန်းကလေးထက် သားဦးပဲလိုချင်တဲ့ မတော်ဆန္ဒနှင့် ခံယူထားကြတဲ့ သူတွေအားလုံးကို ပြင်စေချင်လို့ တင်ပြတာဖြစ်သည်။ မိန်းမဟာ မိခင်လောင်းပါ၊ မိန်းမတွေရဲ့ မိခင်အားမာန်ကို လူ့လောကမှာ တိုင်းတာလို့မရစကောင်းပါ။ ဖိနှိပ်ထားလို့လည်း မရနိုင်ပါဘူး၊ လူ့လောကသာယာရေးအတွက် မိန်းကလေးတွေရဲ့စေတနာ မေတ္တာတွေက အများကြီးဖန်တီးနိုင်ပါတယ် ဆိုတော့ သမီးမိန်းကလေးတို့ရဲ့တန်ဖိုးကိုလည်း ဘာနှင့်တိုင်းတာလဲ ဘာနှင့် ဆုံးဖြတ်နိုင်မှာလဲလို့—

About မွန်သတင်းအေဂျင်စီ

Check Also

အစိုးရနှင့် NCA အကျပ်အတည်း

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA ကို သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်က စတင်ဖော်ဆောင်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင် …

%d bloggers like this: