spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းကော့သောင်း ယာယီနိုင်ငံကူးလက်မှတ်ရုံး ရနောင်း ပြောင်း

    ကော့သောင်း ယာယီနိုင်ငံကူးလက်မှတ်ရုံး ရနောင်း ပြောင်း

    -

    အာကာ။   ။ကော့သောင်းမြို့တွင် ဖွင့်လှစ်ထားသည့် ယာယီ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးသည့် ရုံးကို ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ယနေ့မှ စ၍ ပြောင်းရွှေ့ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

    နှစ်ဖက် အာဏာပိုင်များ သဘောတူညီချက်အရ မိုးရာသီ ၃ လ ဖြစ်သော ဇူလိုင်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့ထိ ယာယီပြောင်းရွှေ့မည် ဖြစ်သည်။

    ယာယီမြန်မာနိုင်ငံကူးလက်မှတ် ပြုလုပ်မည့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ မိုးတွင်းကာလအတွင်း သွားရေးလာရေး လွယ်ကူရန်နှင့် ရေးလမ်းခရီး အန္တရာယ်မှ ကင်းဝေးရန်အတွက် ယခုကဲ့သို့ ပြောင်းရွှေ့ရခြင်း ဖြစ်ကြောင်း ရနောင်းရှိ နိုင်ငံကူးလက်မှတ်ရုံးမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

    “ဒီကို ပြောင်းလိုက်တော့ အလုပ်သမားတွေအတွက် ပိုပြီး အဆင်ပြေတာပေါ့၊ အချိန်ကြန့်ကြာတာလည်း မရှိတော့ဘူး၊ ခရီးစရိတ်လည်း အကုန်သက်သာမယ်၊ နောက်တော့ မိုးတွင်းမှာ ကြုံတွေ့လေ့ ရှိတဲ့ ရေဘေးအန္တရာယ်လည်း ပူစရာမလိုတော့ဘူးပေါ့” ဟု သူက ပြောသည်။

    လဝက ဝန်ထမ်း ၁၅ ဦးခန့် ရနောင်းမြိ့ုသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း၊ ယနေ့ ရုံးစဖွင့်သည့် နေ့တွင်ပင် အလုပ်သမား ၁၀၀ ခန့်ကို ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပေးနိုင်ခဲ့ပြီး လာမည့် တနင်္လာနေ့တွင် လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်မည် ဖြစ်ကြောင်း သူက ပြောသည်။

    ကော့သောင်းမြိ့ုတွင် နိုင်ငံကူးလက်မှတ် ပြုလုပ်စဉ်က ပျမ်းမျှ တစ်နေ့လျှင် အလုပ်သမား ၄၀၀ ခန့်ကိုသာ ပြုလုပ်ပေးနိုင်ပြီး ရနောင်းမြိ့ု၌ ပြုလုပ်ပါက အချိန်ကုန်သက်သာခြင်း၊ ရုံးကျယ်ဝန်း၍ သက်တောင့်သက်သာ ရှိခြင်းတို့ကြောင့် အလုပ်သမား ၁၀၀၀ ခန့်ကို ပြုလုပ်ပေးနိုင်လိမ့်မည် ဖြစ်ကြောင်း နိုင်ငံကူးလက်မှတ် ပြုလုပ်ရေးနှင့် သက်ဆိုင်သည့် ခရီးသွားလာရေး အကျိုးဆောင်တစ်ဦးက ပြောသည်။

    မြန်မာအလုပ်သမားများ ယာယီမြန်မာနိုင်ငံကူးလက်မှတ် အလွယ်တကူ လုပ်ဆောင်နိုင်ရန်အတွက် ထိုင်းနိုင်ငံတွင် အကျိုးဆောင်ကုမ္ပဏီ ၁၄ ခု ရှိသည်။

    ၎င်းယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများသည် ထိုင်းနိုင်ငံအဝှမ်းနှင့် မြန်မာနိုင်ငံသို့လည်း သွားလာနိုင်မည် ဖြစ်သည်။ ၎င်းပြင် ထိုင်းနိုင်ငံသားကဲ့သို့ အခွင့်အရေးများ ရရှိမည် ဖြစ်ပြီး ကျန်းမာရေး မကောင်းခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းများ ရှိပါက သက်ဆိုင်ရာ အလုပ်သမားရုံး၊ လူ့အခွင့်အရေးဌာနရုံးများသို့ တိုင်ကြားနိုင်မည် ဖြစ်သည်။

    မြန်မာအလုပ်သမားများ ယာယီမြန်မာနိုင်ငံကူးလက်မှတ် လုပ်ခွင့်သက်တမ်းကို ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးရက်ဟု သတ်မှတ် ထားသော်လည်း ထိုင်းအစိုးရက နောက်ထပ်သက်တမ်း ၂ နှစ် တိုးမြှင့်ပေးခဲ့သည်။

    ထိုင်း-မြန်မာနယ်စပ်တွင် ကော့သောင်း၊ မြဝတီ၊ တာချီလိတ်တို့၌ ယာယီ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးသည့်ဌာန ၃ ဌာန ရှိပြီး၊ ၂၀၁၀ ခုနှစ် မေလ ၂၆ ရက်အထိ ယာယီ မြန်မာနိုင်ငံကူး လက်မှတ် ၉၀၉၁၈ အုပ်ကို ၎င်းဌာန ၃ ခုမှ ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

    ထိုင်းနိုင်ငံအတွင်းရှိ တရားမဝင်နှင့် တရားဝင် ရွှေ့ပြောင်းမြန်မာအလုပ်သမားဦးရေ ၂ သန်းခန့် ရှိကြောင်း မြန်မာ အလုပ်သမားရေးရာ အဖွဲ့များက ခန့်မှန်းကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts