မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / ကြည်ညိုမဆုံး ရွှေတိဂုံနှင့် ပရပထုံ

ကြည်ညိုမဆုံး ရွှေတိဂုံနှင့် ပရပထုံ

ရေးသားသူ:

မင်းရဌ။  ။ရှေးဟောင်းကမ္ပည်းကျောက်စာများသည် ရာဇဝင်နှင့် ဘာသာစာပေ သမိုင်းစဉ်တို့၏ သက်သေသာဓကများ ဖြစ်သဖြင့် ကျောက်စာကို သင်ကြားခြင်းသည် ရှေးဟောင်း စာပေ ယဉ်ကျေးမှု သုသေသနပြုခြင်းပင် ဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိ တိုင်းပြည်ကြီးများတွင် လွန်ခဲ့သော နှစ်ပေါင်း (၁၅ဝ) ကျော်ခန့်မှ စပြီး ရှေးဟောင်းသုတေသနပညာဖြင့် ရှေးဟောင်း လူမျိုးစုတို့၏ စာပေယဉ်ကျေးမှု အကြောင်းများကို စူးစမ်းလေ့လာခဲ့ကြသည်။ ၄င်းပညာကို (Archaeology) ဟု ခေါ်သည်။ အဓိပ္ပါယ်မှာ ပေါရဏိကဗေဒ သို့မဟုတ် ရှေးဟောင်း သုတေသနဟု ဆိုကြ၏။

ရှေးဟောင်းယဉ်ကျေးမှုကို စူးစမ်းရှာဖွေဖေါ်ထုတ်ရာတွင် ကမ္ပည်း ကျောက်စာသည် အလွန်အရေးကြီးသော အထောက်အထားများ ဖြစ်လေသည်။ ပစ္စည်းတခုပေါ်တွင် ထုထွင်းထားသော ကမ္ပည်းစာများကို တွေ့ရှိရလျှင် ထိုပစ္စည်းကို သာမက ထိုပစ္စည်းနှင့် အသွင်အပြင်တူညီသော အခြားပစ္စည်းဟောင်းများ၏ ခေတ်ကိုပင် ပိုင်းခြား သိသာလွယ်သည်။

မွန်ယဉ်ကျေးမှု ရှေးဟောင်းစာပေနှင့် ပတ်သက်၍ ပြင်သစ်ကျောက်စာပါရဂူ မစ္စတာဇေဒီး (Mr.Coede) က ယနေ့အထိ တူးဖေါ်ရရှိထားပြီးသော မွန်ကျောက်စာများအနက် ထိုင်းနိုင်ငံ ဘန်ကောက် အနောက်ဘက် မိုင် (၄ဝ) ခန့် ဝေးသော နခုံပထုံခေါ် ပရပထုံမြို့မှ တွေ့ရှိရသည့် ကျောက်စာသည် ရှေးအကျဆုံး ဖြစ်ပြီး ခရစ်နှစ် (၆) ရာစုခန့်၌ ကမ္ပည်းထိုးခဲ့သည်ဟု ဓါတ်ပုံနှင့်တကွ ပြင်သစ်ဘာသာဖြင့် ရေးသားဖေါ်ပြခဲ့ပေသည်။

၎င်းပြင် မြန်မာပြည်၌ ရှေးအကျဆုံး တွေ့ရှိသော မွန်ကျောက်စာမှာ သထုံမနူဟာကျောက်စာနှင့် ပုဂံရှိ ကျန်စစ်သား မွန်ကျောက်စာဖြစ်၍ ၄င်းတို့သည် ခရစ်နှစ် (၁ဝဝဝ) ခန့်တွင် ရေးထိုးခဲ့သည်ဟု ဒေါက်တာဘလက်ဒင် (Dr.Blagden) က ရေးသားထားသော ကျောက်စာ စာအုပ်တွင် ဖေါ်ပြထားပါသည်။ သထုံမြို့နယ်တဝိုက်တွင် ထိုင်းနိုင်ငံရှိ မွန်ကျောက်စာများထက် ရှေးကျသော မွန်ကျောက်စာများ ရှိရမည်ဟု ယူဆကြသော်လည်း ယနေ့ထိ သက်သေမပြနိုင်သေးပေ။

လွန်ခဲ့သော ဒုတိယကမ္ဘာစစ်အတွင်းက ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရား (မွန်ဘာသာခေါ် ကျိုက်ဒေးအပ်) တွင် ဗုံးဒဏ်ကြောင့် ပေါ်ထွက်လာသော အုတ်ခွက်တချပ်၏ ကျောဘက်၌ ကမ္ပည်းထိုးထားသော ပါဠိ ယေဓမ္မာဂါထာသည် မွန်အက္ခရာ ဖြစ်ကြောင်း ၄င်းကမ္ပည်း အက္ခရာကလေးသည် ထိုင်းနိုင်ငံရှိ ပရပထုံ မွန်ကျောက်စာနှင့် တူညီကြောင်း ပါမောက္ခလုစ် (Professor luce) က ဆိုပါသည်။ (တက္ကသိုလ်မွန်အသင်း ၁၉၅၄-၅၅ ခုနှစ်ထုတ် စာစောင် နှင့် ပါမောက္ခဒေါက်တာနိုင်ပန်းလှ၏ သုတေသနစာပေများ စာအုပ်မှာ ရေးသားဖေါ်ပြ ထားပါသည်)။

သုဝဏ္ဏဘုမ္မိ သထုံပြည်၌ လွန်ခဲ့သောနှစ်ပေါင်း (၂ဝဝဝ) ခန့်က မွန်ဘုရင်များ ထီးနန်းဆိုင်ရာ ယဉ်ကျေးမှုများရှိစဉ်က ထိုင်းပြည်နေရာသည် မွန်ဘုရင်များ ပိုင်စိုးခဲ့သော  မွန်အင်ပါယာကြီး ဖြစ်ခဲ့သည် ဆိုကြောင်း၊ ထိုင်းပြည်တောင်ပိုင်းကို ဒါွရဝတီပြည်ဟု ခေါ်၍ မြို့တော်မှာ လော့ဗူရီ ဖြစ်သည်။ ၄င်းမြို့မှာ ဘန်ကောက်နှင့် မဝေးလှပေ။ ထိုင်းနိုင်ငံ မြောက်ပိုင်းကို ဟာရပုဥ္ဇပြည် ဟု ခေါ်ပြီး၊ မြို့တော်မှာ လင်ဖွန်းမြို့ ဖြစ်သည်။ ခေတ်ဟောင်း မွန််ကျောက်စာများကို ထိုင်းပြည်တောင်ပိုင်း လော့ပူရီနှင့် ပရပထုံတို့၌ တွေ့ရှိရပြီး၊ ခေတ်လယ်မွန်ကျောက်စာများကို ထိုင်းပြည်မြောက်ပိုင်း လင်ဖွန်းမြို့၌ တွေ့ရှိရသည်။

မွန်နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ဖူးသော ဒွါရဝတီနိုင်ငံ ကောင်းစားစဉ် မြို့တော်ဖြစ်ခဲ့သည့် နခုံပထုံ (နဂရ ပထမ-ပထမမြို့) ခေါ် ပရပထုံ (ဝရပထမ-ပထမဘုရား) မြို့သည် ဘန်ကောက်အနောက်ဘက် မိုင် (၄ဝ) ခန့်တွင် တည်ရှိ၍ ရာဇဝင်အားဖြင့်သော်လည်းကောင်း၊ ရှေးဟောင်းသုတေသနဆိုင်ရာအားဖြင့်သော်လည်းကောင်း အလွန်အရေးကြီးသော မြို့တစ်မြို့ ဖြစ်ပါသည်။

ထိုင်းလူမျိုးများ၏ ယုံကြည်ချက်နှင့် သမိုင်းအရ လွန်ခဲ့သော နှစ်ပေါင်း (၂၅ဝဝ) ကျော်က တည်ခဲ့သော ပရပထုံမြို့ကို ယခင်က ချိုင်စီရိ (Chaisiri) ဟု ခေါ်ပြီး အာသောကမင်းတရားကြီး၏ သာသနာပြုများ ဖြစ်သည့် သောဏထေရ်နှင့် ဥတ္တရထေရ်နှစ်ပါး သာသနာပြု ကြွရောက်ခဲ့သည်ဟု ဆိုပါသည်။

၄င်းမြို့အနီးရှိ ကမ်ပင်စင် (Kampang Sen) မြို့သည် ကုန်းပြင်မြင့်၌ တည်ရှိ၍ မြို့ရိုးပျက်အကြွင်းအကျန်များကို တွေ့နိုင်ပါသည်။ ထိုဌာနတွင် အလွန်ရှေးကျသော စေတီပျက်အုတ်များနှင့် အိန္ဒိယငွေဒင်္ဂါးဟောင်းများကို တွေ့ရှိရသည်ဟု ဆိုပါသည်။ ပရပထုံမြို့သည် ရှေးအခါ၌ ကျွန်းကလေး ဖြစ်ခဲ့၍ အိန္ဒိယကုန်သည်နှင့် ခရီးသည်များ စခန်းချ နေထိုင်ခဲ့ကြသည်ဟုလည်း ပညာရှိများ ထင်မြင်ကြသည်။

ပရပထုံမြို့မှ မိုင် (၁ဝဝ) ခန့်ရှိသော လော့ဗူရီမြို့သည် ရှေးအခါက ပင်လယ်ကမ်းနား၌ တည်ရှိသည်ဟု ပညာရှိများ ဆိုထာသဖြင့် ပရပထုံသည် ကျွန်းတကျွန်း ဖြစ်တန်ရာသည်ဟုပင် ထင်မြင်ဖွယ်ပင် ဖြစ်ပါသည်။  ဒွါရဝတီနိုင်ငံကို တရုတ်မှတ်တမ်း၌ တိုလိုပိုတီ (To-lo-po-ti) ဟု ခေါ်ကြောင်း ပါမောက္ခဇေဒီးက ဆိုသည်။

ပရပထုံ၌ တွေ့ရှိသော မွန်ကျောက်စာသည် အေဒီ (၅) ရာစုခန့် ဖြစ်၍ လော့ပူရီ၌ တွေ့ရှိသော မွန်ကျောက်စာသည် (၈) ရာစုဟု တည်းဖြတ်ကြသဖြင့် ပရပထုံမြို့သည် ရှေးပဝေသဏီကပင် တည်ရှိခဲ့ကြောင်း ထင်ရှားပါသည်ဟု  ပါမောက္ခဒေါက်တာနိုင်ပန်းလှ၏ သုတေသနစာပေများစာအုပ်တွင် ဖေါ်ပြထားပါသည်။

ပရပထုံမြို့တွင် တည်ထားသည့် ပရပထုံုံစေတီတော်ကြီးသည် အလွန်ကြည်ညိုဖွယ် ကောင်းလှပါသည်။ ပရပထုံစေတီတော်ကို လာရောက်ကြည်ညို ဖူးမျှော်သူများ မီးရထားဖြင့် သော်လည်းကောင်း မော်တော်ကားဖြင့် သော်လည်းကောင်း လာမည်ဖြစ်က အဝေးကပင် ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားကြီးကဲ့သို့ ဖူးမျှော်နိုင်ပါသည်။ သို့သော် ရွှေတိဂုံစေတီတော် ကြီးကဲ့သို့ ရွှေရောင်တဝင်းဝင်း မဟုတ်ပါ။ လိမ္မော်ရောင်စဉ့် သုတ်ထားသည့် ဝါညိုရောင် ဖြစ်နေပါသည်။ (စာရေးသူ ၂၃၊ ၁ ၊၂ဝ၁ဝ ရောက်ရှိစဉ်က ငြမ်းဆင်မွမ်းမံနေသော အခြေအနေ) အတိုင်းကို တင်ပြထားခြင်း ဖြစ်ပါသည်။ ပရပထုံစေတီတော်သည် ရွှေတိဂုံစေတီတော်၏ ပုံမျိုးနှင့် မတူပါ၊ ပုဂံညောင်ဦးရှိ ရွှေစည်းခုံဘုရားပုံနှင့် ပို၍ တူညီ နီးစပ်သည်ဟု စာရေးသူ ထင်ပါသည်။

အချို့သုတေသနဆရာများ၏ အဆိုအရ ပရပထုံစေတီတော်ကို မွန်များ ရှေးဦးစွာ စတည်ထားစဉ်က သီဟိုဠ်ကျွန်းရှိ ဒဂိုဗားစေတီ (Sinhalese-Dagoba) ၏ ပုံစံမျိုး ဖြစ်ပြီး အေဒီ (၁ဝဝဝ) ခန့်တွင် ကန်ဗောဂျင်ခေါ် ခမာလူမျိုးများ အုပ်စိုးသောအခါ  စိခါရ (Sikhara or Cambodian tower) သို့မဟုတ် ကမ္ဘောဒီယားမျှော်စင်ပုံသို့ ပြုပြင်ပြောင်းလဲခဲ့သည်ဟု ထိုင်းနိုင်ငံရှိ သာသနာ့မှတ်တမ်းတွင် ဖေါ်ပြထားပါသည်။

ရွှေတိဂုံဘုရားကြီးကို မွန်နှင့် မြန်မာမင်းအဆက်ဆက်က ပြုပြင်ချဲ့ထွင်ခဲ့ရာမှာ ခရစ်တော်နှစ် (၁၅) ရာစုနှစ်အတွင်းတွင် မွန်ဘုရင်မ ရှင်စောပုနှင့် မွန်ဘုရင် ရာမာဓိပတိဘွဲ့ခံ ဓမ္မစေတီမင်းတရားတို့သည် ရွှေတိဂုံဘုရားကို ပြုပြင်၍ ရွှေပြားများကို ကပ်လှူသကဲ့သို့ ပရပထုံစေတီတော်ကိုလည်း မွန်ဘုရင်၊ ခမာဘုရင်နှင့် ထိုင်းဘုရင်အဆက်ဆက်က ပြုပြင်ချဲ့ထွင်ခဲ့ဟန် တူပါသည်။ (၁၈၆ဝ) ခုနှစ်တွင် ထိုင်းဘုရင်တပါး ဖြစ်သူ မောင်ဂွတ်ဘုရင် (King Mongkut) က မြက်များ၊ ခြုံများ ဖုံးလွှမ်းနေသော ပရပထုံစေတီတော်ကို ယခုလက်ရှိ ပုံတော်အဖြစ်သို့ ပြုပြင်ခဲ့သည်။ မူလစေတီ၏ ပုံတော် နမူနာတဆူကိုလည်း ဘုရားဝင်းအတွင်း၌ တည်ထား ပြသထားလျှက် ရှိပါသည်။

နောက်တဖန် ချူလာလောင်ကွန်ဘုရင် (King Chulalongkorn) က ပရပထုံစေတီတော်ကြီးကို တရုတ်ပြည်မှရသော လိမ္မော်ရောင်စဉ့် သုတ်ပြီးသည့် အုတ်များဖြင့် ပြုပြင်ချဲ့ထွင်ခဲ့သဖြင့် ရှေးကထက် ပို၍ လှပပြောင်လက်လာပြီး အလွန်ကြည်ညိုဖွယ် ကောင်းလှပေ၏။ ထို့ပြင် ပရပထုံမြို့တော်တဝိုက်၌ လွန်ခဲ့သော နှစ်ပေါင်း (၅ဝ) ကျော်အတွင်းက ရှေးဟောင်းသုတေသနက တူးဖေါ်ရှာဖွေရာတွင် ရှေးဟောင်းဆင်းတုတော်များ၊ အုတ်ခွက်များ၊ မွန်အက္ခရာပါဠိဘာသာ၊ ဂရနထာအက္ခရာ (Grantha Script) မွန်ခေတ်၊ ခမာခေတ်၊ ဆင်းတုတော်၊ ဂုပ္တခေတ်ဆင်းတုတော်နှင့် ဓမ္မစကြာ ပုံတော်တို့ကိုလည်း အံ့သြဖွယ် တွေ့ရှိရသည်ဟု ဆို၏။ ထို့ပြင် ခရစ်တော်နှစ် (၅) ရာစုအတွင်း ဒွါရဝတီခေတ် မွန်ကျောက်စာကိုလည်း ပရပထုံ၌ တွေ့ရှိရကြောင်း မကြာမီကမှ ပြင်သစ်ကျောက်စာပါရဂူ မစ္စတာဇေဒီးက ဖေါ်ပြခဲ့သေးသည်။

ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားကြီးနှင့် ထိုင်းနိုင်ငံရှိ ပရပထုံစေတီတော်၏ ညာဏ်တော်အမြင့်ကို နှိုင်းယှဉ်ရာတွင် (၁၉၂ဝ) ခုနှစ်တွင် အင်ဂျင်နီယာအရေးပိုင် ဦးဖိုးသောင် တိုင်းရာတွင် အမြင့် (၃၁ဝ) ပေ (၇) လက္မရှိသော ရွှေတိဂုံဘုရားသည် ပေပေါင်း (၃၂ဝ) ပေ မြင့်သည်ဟု ဟာဗီ က ဖေါ်ပြ၍ ပရပထုံစေတီသည် မီတာပေါင်း (၁၂ဝ) ပေပေါင်း (၃၆ဝ) ဟု ဗိုလ်မှူးစီဒင်ဖလင်က ဖေါ်ပြသဖြင့် ပရပထုံစေတီသည်  ရွှေတိဂုံထက် (၄ဝ) ခန့် ပိုမြင့်သကဲ့သို့ ပေ (၃၂၁) မြင့်သော ပဲခူးရွှေမောဓောထက် (၃၉) ပေ ပိုမြင့်နေသဖြင့် ကမ္ဘာပေါ်မှာ ပရပထုံစေတီတော်သည် အမြင့်ဆုံးဟု ဆိုရတော့မည် ဖြစ်ပါသည်။ အမြင်အားဖြင့် ရွှေတိဂုံစေတီတော်က ပိုမြင့်၍ ကြီးသည်ဟု ထင်ရပါသည်။ အတိအကျ မဆုံးဖြတ်နိုင်သေးချေ။ ကြီးကျယ်ခြင်းအရာဘက်တွင် ရွှေတိဂုံစေတီတော်သည် ပြိုင်ဘက်ကင်း၍ အကြီးဆုံး ဖြစ်သည်ဟု သာသနာ့မှတ်တမ်းများအရ သိရပါသည်။

တချိန်က မွန်အင်ပါယာ သုဝဏ္ဏဘုမ္မိ ဆိုသည်မှာ သထုံတမြို့သာ မကပဲ ပုသိမ်မှ တရုတ်ပင်လယ်ကမ်းရှိ တုံကင်ပင်လယ်ကွေ့အထိ ဖြစ်သည်ဟု ပညာရှိများ ဆိုထားချက်များ ရှိသဖြင့် ပရပထုံကို သုဝဏ္ဏဘုမ္မိ ရွှေတိုင်းပြည်ဟု သထုံကို ခေါ်သကဲ့သို့ ခေါ်နိုင်ပါ၏။ ဤအဆိုကို သမိုင်းပါမောက္ခ ဆရာကြီး ဒေါက်တာသန်းထွန်းကလည်း မွန်တို့သွားရာ သုဝဏ္ဏဘုမ္မိပါ မွန်တို့နေရာ သုဝဏ္ဏဘုမ္မိ ရွှေတိုင်းပြည်ဟု ၁၉၉၅ ခုနှစ်ထုတ် မဟေသီမဂ္ဂဇင်းတွင် ရေးသားထားသည်ကို ဖတ်ရှုခဲ့ရပါသည်။

ယုတ္တိ ရှိတန်ရာသည်။ အဘယ့်ကြောင့်ဆိုသော် မွန်တို့ဌာနီဟောင်းသည် သထုံသာမက ထိုင်းပြည်ဟု ယခုခေါ်နေသော မြေနေရာသည် ရှေးအခါက ဒွါရဝတီပြည်ခေါ် မွန်တိုင်းပြည် ဖြစ်ခဲ့ကြောင်း။ မွန်ကျောက်စာများနှင့် အနုပညာလက်ရာ အကြွင်းအကျန်များ ခိုင်လုံစွာ ရှိသည်ဟု သုတေသန ဆရာကြီးများက ရေးသားကြပါသည်။

ထို့ပြင် စာရေးသူ (၁၉၊၁၊၂ဝ၁ဝမှ ၂၄၊ ၁၊၂ဝ၁ဝ) နေ့အထိ ထိုင်းနိုင်ငံဘုရားဖူးနှင့် လေ့လာရေး ခရီးစဉ်မှာ ပရပထုံ၊ လင်ဖွန်း၊ အာယုဒ္ဓယ သမိုင်းဝင်နေရာများကို လေ့လာခွင့် ရရှိခဲ့ရပါသည်။ ပရပထုံနှင့် လင်ဖွန်းမြို့သည် သထုံမြို့့နှင့်  ဘီလင်းမြို့က ကေလာသတောင်ခြေ အနီးအနားတဝိုက်ရှိ ရေမြေသဘာဝနှင့် အတော်အတန် တူနေပါသည်။ ပရပထုံစေတီတော် တည်ရှိသည့် ကုန်းတော် အနေအထားမှာ ရွှေမောဓော ကုန်းတော်အမြင့်ခန့်သာ ရှိပြီး ၄င်းဒေသတဝိုက်မှာ မြေပြန့်များ၍ ပရပထုံစေတီကုန်းတော်က အမြင့်ဆုံး ဖြစ်ပါသည်။

၎င်းပြင် လင်ဖွန်းမြို့ တည်နေပုံနှင့် အနေအထားမှာလည်း ဘီးလင်းမြို့နယ် ကေလာသတောင်အနီးရှိ ဝင်ကရွာနှင့် ဆင်တူပြီး လင်ဖွန်းမြို့တွင်း စေတီတော်မှာလည်း ဘီးလင်းမြို့နယ်၊ ဇုတ်သုတ် (ကွာန်ဇုက်သော်) ကျိုက်ထီးဆောင်းကဲ့သို့ တံတိုင်းများ၊ သာသနာ့ အဆောက်အဦးများကို ဂဝံကျောက်များဖြင့် ရုပ်ထုထားခြင်း၊  အဆောက်အဦးများကို ဂဝံကျောက်ဖြင့် တည်ဆောက်ထားခြင်းကို အံ့သြစွာ တွေ့ရှိရပါသည်။

နှစ်ပေါင်း (၂၅ဝဝ) ကျော်က တည်ထားကိုးကွယ်ခဲ့သော ရန်ကုန်မြို့ လေးဆူဓါတ်စုံ ရွှေတိဂုံစေတီတော်ကြီးနှင့် နခုံပထုံ (နဂရပထမ-ပထမမြို့) ခေါ် ပရပထုံ (ဝရပထမ-ပထမဘုရား) မြို့၌ တည်ထားသော ပရပထုံစေတီတော်များသည် မွန်တို့ဌာနီ သုဝဏ္ဏဘုမ္မိခေါ် ရွှေတိုင်းပြည် ထဲမှာတည်ရှိနေပါသည်။

သမိုင်းဆရာကြီးများ ဆိုထားသည့် မွန်တို့သွားရာ သုဝဏ္ဏဘုမ္မိပါ ဆိုသကဲ့သို့ မွန်တို့သွားရာ မွန်တို့ရောက်ရှိရာ ဒေသများတွင် စေတီပုထိုးများ တည်ထားကိုးကွယ်ခဲ့ကြသည်ကို တွေ့ရသည်။ ဤအဆိုကို မွန်ဘုရင်ရာဇာဓိရာဇ်က ရခိုင်ပြည်အတွက် ရခိုင်ဘုရင်ကို စစ်ကူတိုက်ပြီး စစ်အောင်ခဲ့သည့် အထိမ်းအမှတ်ဖြင့် သံတွဲမြို့ ဗိုလ်ကုန်းရပ်ကွက်တွင် ရာဇာဓိရာဇ်ဘုရား တည်ထားခဲ့သည်ကို ယခုတိုင် ဖူးမြင်နိုင်ပါသည်။

တဖုဿနှင့် ဘလိက ညီနောင်နှစ်ပါးတို့သည် ဗုဒ္ဓမြတ်စွာ၏ ဆံတော်ကို ပင့်ဆောင်လာပြီး မွန်တို့ဒေသတွင် ဥက္ကလာပမင်းနှင့်တကွ ပြည်သူများက ရွှေတိ ဂုံစေတီကို တည်ထားကိုးကွယ်ကြသည်။ ထို့ပြင် မွန်နိုင်ငံတနိုင်ငံ ဖြစ်သည့် ဒွါရဝတီတိုင်းပြည်တွင်လည်း ပရပထုံစေတီတော်ကို တည်ထားကိုးကွယ်ခဲ့ကြပါသည်။ ဤစေတီတော် နှစ်ဆူကို အစဦးပထမ မွန်ပြည်သူများ တည်ထားကိုးကွယ်ခဲ့၍ ဘုရားဒါယကာအရင်းလည်း ဖြစ်ကြပါသည်။

၎င်းပြင် ဤစေတီတော်နှစ်ဆူမှာ ဗုဒ္ဓသာသနာသမိုင်းတွင် ကြီးကျယ်ခမ်းနားပြီး  အထင်ကရ စေတီတော်ကြီးများလည်း ဖြစ်သည်။ ဤကဲ့သို့ တည်ထားကိုးကွယ်ခွင့် ရရှိခဲ့ကြသည့် ဘုရားဒါယိကာများသည် ပုဂ္ဂိုလ်အမျိုးမျိုး ဖြစ်သော်ငြားလည်း ဘုရားတည်ခြင်း၏ ရည်ရွယ်ချက်မှာ သတ္တဝါများ အကျိုးအတွက်ပင် ဖြစ်စေသည်။

စေတီ၊ ပုထိုး၊ သာသနာ့ အဆောက်အဦးများ ဆက်လက်တည်တံ့နေခြင်းသည် သာသနာတော် ဆက်လက်တည်တံ့နေခြင်းပင် ဖြစ်သည်။ ဘုရားသာသနာတော်  စည်ပင်သာယာပြီး အဓွန့်ရှည်ကြာ တည်တံ့နေပါက စေတီပုထိုးများလည်း တည်တံ့နေနိုင်ပါလိမ့်မည်။ သာသနာတော်သည် အားလုံးအတွက် သာသနာတော် ဖြစ်သည်။ ထိုနည်းတူစွာ သာသနိက အဆောက်အဦးများ ဘုရား၊ ကျောင်း၊ ကန်၊ စေတီ၊ ပုထိုးများသည်လည်း သတ္တဝါ အားလုံးအတွက် ကိုးကွယ်ဆည်းကပ်ရာ ခိုလှုံရာ အေးငြိမ်းချမ်းသားရာ နေရာအစစ်အမှန်ပင် ဖြစ်ပါတော့သည်။

မှတ်ချက် ။ ။ (၁၈၊၆၊၂ဝ၁ဝ နေ့တွင် ကွယ်လွန်သွားသော ဒေါက်တာနိုင်ပန်းလှ၏ သုတေသနစာတမ်းများကို ကိုးကားပြီး ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလအတွင်းက စာရေးသူ ပရပထုံစေတီတော်နှင့် အခြားသော စေတီ၊ ပုထိုးတော်များကို ဖူးမျှော်ပြီး လေ့လာတွေ့ရှိချက်များအပေါ် အခြေခံ၍ ရေးသားခဲ့သည့်အတွက်  ဤဆောင်းပါးဖြင့် ဆရာကြီးဒေါက်တာ နိုင်ပန်းလှကို ဦးညွတ်ကန်တော့ပါသည်။)

About မွန်သတင်းအေဂျင်စီ

Check Also

အစိုးရနှင့် NCA အကျပ်အတည်း

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA ကို သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်က စတင်ဖော်ဆောင်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင် …

2 comments

  1. Thank you for this post! I appreciated this TV series ever since I was a young child and own all seasons on DVD!

  2. I admit, I have not been on this webpage in a long time… however it was another joy to see It is such an important topic and ignored by so many, even professionals. I thank you to help making people more aware of possible issues.

%d bloggers like this: