spot_img
Thursday, April 18, 2024
More
    spot_img
    Homeသတင်းမွန်သမိုင်းပညာရှင် ဒေါက်တာနိုင်ပန်းလှ ကွယ်လွန်

    မွန်သမိုင်းပညာရှင် ဒေါက်တာနိုင်ပန်းလှ ကွယ်လွန်

    -

    ၂၀၀၇ ထိုင်းနိုင်ငံ ချူလာလောင်ကွန် တက္ကသိုလ်၌ သမိုင်း၊ စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် စာတမ်းဖတ်ကြားစဉ်

    အာကာ

    ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းပြု ထင်ရှားသော မွန်သမိုင်းပညာရှင် ဒေါက်တာနိုင်ပန်းလှသည် ယခုလ ၁၈ ရက် သောကြာနေ့တွင် ရန်ကုန်မြို့တွင် ကွယ်လွန်ခဲ့သည်။

    အသက် ၈၇ နှစ် အရွယ်ရှိ ဒေါက်တာနိုင်ပန်းလှသည် လူကြီးရောဂါ၊ လေဖြတ်၊ ဆီးချို၊ သွေးတိုးရောဂါတို့ဖြင့် နံနက် ၃ နာရီ ၂၀ မိနစ်တွင် နှင်းဆီကုန်းဆေးရုံ၌ ကွယ်လွန်ခဲ့ပြီး ယမန်နေ့က ရေဝေးသုဿာန်သို့ ပို့ဆောင် မီးသင်္ဂြိုဟ်ခဲ့သည်။

    “အဖေက ဆေးရုံပြန်တက်တာ ၂ လလောက်ရှိပြီ၊ အဓိကကတော့ လေဖြတ်တဲ့ရောဂါပေါ့နော်၊ တခြားရောဂါတွေလည်း ရှိတယ်၊ လူတိုင်းဟာ သေကြမှာပဲ၊ ဒါပေမယ့် အဖေဆုံးတာက သမိုင်း၊ စာပေနဲ့ သမိုင်းပညာရှင်တစ်ယောက် ဆုံးရှုံးတဲ့အတွက် သိပ်ခံစားရတယ်” ဟု သမီးကြီး မိပေါ့(ဒေါ်ခင်ခင်လှ) က ပြောသည်။

    ဒေါက်တာနိုင်ပန်းလှ ကွယ်လွန်သည့်သတင်းကို ကြားသိရပြီးနောက် ဒေသအရပ်ရပ်ရှိ တပည့်များနှင့် သူ၏ပညာကို လေးစားသူများက အစားမထိုးနိုင်သော မွန်-မြန်မာ သမိုင်းပညာရှင်တစ်ဦး ဆုံးရှုံးရကြောင်း ပြောကြသည်။

    နိုင်ပန်းလှကို ၁၉၂၃ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းရွာတွင် အဖ ရွာသူကြီး နိုင်ကြွ၊ အမိ မိချိုတို့မှ မွေးဖွားပြီး၊ မွေးချင်း ၇ ယောက်တွင် စတုတ္ထမြောက်သား ဖြစ်သည်။

    မော်လမြိုင်မြို့ရှိ ကရင် ကေဘီအမ် အထက်တန်းကျောင်း၊ ရန်ကုန်မြို့ရှိ မြို့မ အထက်တန်းကျောင်းတို့တွင် ပညာသင်ယူခဲ့သည်။

    ဒုတိယကမ္ဘာစစ်ပြီးနောက် ရန်ကုန်သို့ အပြီးပိုင် ပြောင်းရွှေ့ပြီး ဓာတုဗေဒမင်းကြီးရုံး ဓာတ်ခွဲခန်းလက်ထောက်အဖြစ် အမှုထမ်းရင်း ရာမညတိုင်းလုံးဆိုင်ရာ မွန်အသင်းချုပ်တွင် ဥက္ကဌ ဓာတုဗေဒမင်းကြီး နိုင်ချစ်သောင်းနှင့်အတူ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

    ၁၉၅၃ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန၌ မွန်ယဉ်ကျေးမှု အထက်တန်းအရာရှိအဖြစ် ရွေးချယ်ခံရပြီး ၁၉၈၆ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။

    အသက် ၇၀ နီးပါးအရွယ် ၁၉၉၁ ခုနှစ်တွင် အမေရိကန်နိုင်ငံ အယ်လ်အေမြို့ရှိ အနောက်ဖစိဖိတ်တက္ကသိုလ်မှ ယဉ်ကျေးမှု မနုဿဗေဒ အဓိက B.Sc နှင့် Ph.D ဘွဲ့များကို ဂုဏ်ထူးဖြင့် ဆွတ်ခူးနိုင်ခဲ့သည်။

    ၁၉၉၂ ခုနှစ်တွင် မွန်ဓမ္မသတ် ၁၁ မျိုးကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားတင်ပြပြီး ဥပဒေပါရဂူဘွဲ့ LL.D ဘွဲ့ကို ချီးမြှင့်ခံရသည်။

    ၁၉၉၄ ခုနှစ်မှ စ၍ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း Meio တက္ကသိုလ်တွင် အမြဲတမ်း ပါမောက္ခအဖြစ် အရှေ့တောင်အာရှ ယဉ်ကျေးမှုနှင့် သမိုင်းဘာသာရပ်များကို ပို့ချခဲ့ပြီးနောက် ၁၉၉၈ ခုနှစ်တွင် ရန်ကုန်သို့ ပြန်ခဲ့သည်။ ရန်ကုန်သို့ ပြန်ရောက်ပြီးနောက် ရဟန်းသံဃာတော်များနှင့် ကျောင်းသားလူငယ်များအား မွန်ကျောက်စာနှင့် စာပေကို သင်ကြားပို့ချခဲ့သည်။

    မြန်မာနိုင်ငံရှိ စာနယ်ဇင်းများတွင် မွန်-မြန်မာဆိုင်ရာ သုတေသန ဆောင်းပါးများစွာကို ရေးသားခဲ့ပြီး မွန်-မြန်မာ ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာများကိုလည်း ကမ္ဘာသိအောင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားတင်ပြခဲ့သည်။

    ကျောက်စာ၊ စာပေ၊ သမိုင်းနှင့် ပတ်သက်သော စာအုပ်ပေါင်းများစွာကို မွန်-မြန်မာ အင်္ဂလိပ်ဘာသာတို့ဖြင့် ထုတ်ဝေခဲ့ပြီး အထင်ရှားဆုံးမှာ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းဖြစ်သည်။ နောက်ဆုံးထုတ်ဝေခဲ့သည့် စာအုပ်မှာ သမိန်ဗရမ်း ဖြစ်သည်။

    ဇွန်လ ၂၄ ရက် ကြာသပတေးနေ့တွင် ၎င်းအားရည်းစူးပြီး ၎င်း၏နေအိမ် အမှတ် ၁၂ အေ၊ ရွှေတောင်ကြားလမ်း၊ ဗဟန်းမြို့နယ်၌ ရေစက်သွန်းချ အမျှဝေမည် ဖြစ်ကြောင်း သိရသည်။

    ကွယ်လွန်ချိန်တွင် သမီးတစ်ဦး၊ သားခြောက်ဦးနှင့် မြေးမြစ်များ ကျန်ရစ်သည်။

    “မွန်စာ ဘယ်လောက်တတ်တတ်၊ မွန်ကျောက်စာ မတတ်ရင် မွန်စာမတတ်ဘူးပဲ” ဟု ဒေါက်တာနိုင်ပန်းလှက ပြောခဲ့ဖူးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts