spot_img
Friday, March 29, 2024
More
    spot_img
    Homeဆောင်းပါးအမည်းရောင်မြေက အကျည်းတန်သော သူတို့ဘဝ

    အမည်းရောင်မြေက အကျည်းတန်သော သူတို့ဘဝ

    -

    ကွန်းဟဒေ့

    “မနက်ဖြန်ညကစပြီး တောထွက်လို့ရတယ်၊ တောမှာအိပ်လို့မရဘူး၊ တောမှာအိပ်လို့ တစ်ခုတစ်ခုဖြစ်ရင် ဥက္ကဌက တာ ဝန်မယူဘူး” ဟု အလှည့်ကျ ရွာသား ကင်းသမားတစ်ဦး၏ ရွာလှည့်ပြီး အော်နေသံဖြစ်သည်။ ထိုစကားများကို ကြား ရသောဒေသခံ ရွာသားများအဖို့စိတ်ဆင်းရဲရ၊ စိတ်ညစ်ရစမြဲ။ ထိုအမိန့်သံကိုကြားရတိုင်း ဒေသခံများသည် ထိုဒေသတွင် မနေချင်လောက်အောင် ထွက်ပြေးချင်စိတ် ဖြစ်ပေါ်ရသည် အမြဲပင်။

    တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ကလိန်အောင်မြို့နယ်ခွဲ နိုင်ချမ်းဒိန်းဦးဆောင်သော မွန်ခွဲထွက်ရေးအဖွဲ့ငယ်များ လှုပ်ရှားရေး လေ့ရှိရာ ဒေသဖြစ်သကဲ့သို့ အမဲရောင် နယ်မြေဟုလည်း စစ်အစိုးရမှ သတ်မှတ်ထားသော နယ်မြေဖြစ်သည်။ မွန်ခွဲထွက် ရေးအဖွဲ့မှ ထိုဒေသရှိကျေးရွာတစ်ရွာတွင် ဝင်ရောက်ပိုက်ဆံတောင်းသည်ဖြစ်စေ၊ စားနပ်ရိက္ခာတောင်းသည်ဖြစ်စေ၊ ဒေ သခံစစ်တပ်မှ သတင်းကြားပါက “တောမှာမအိပ်ရ” ဟု အမိန့်ထုတ်တတ်စမြဲ၊ တခါတရံ “တောမထွက်ရ” ဟု လည်း အမိန့်ထုတ်တတ်သည်။ ထိုစကားများသည်ရွာသားများအဖို့ မကြခဏဆိုသလို မကြားချင်ပဲ ကြားနေရသည်။

    “ဒီမှာလူဖြစ်ရတာကိုက ကံမကောင်းတာ၊ ကိုယ့်အလုပ်က တောထဲမှာအိပ်ရမှ ထမင်းစားရတယ်ဆိုတော့၊ တောမထွက်ရ ဘူးလို့  သူတို့(စစ်တပ်) ကအမိန့်ထုတ်လိုက်တော့ ဘာလုပ်မရမလဲ၊ ဒီလိုပဲ ခဏခဏဖြစ်နေရင် ကြာရင်ထမင်းငတ်လို့ သေ ကုန်မယ်” ဟု ရာဖူးကျေးရွာ လက်ဖက်ရည်ဆိုင်အတွင်းရှိ အသက် ၇၀ ခန့်  ခြံပိုင်ရှင် ဘကြီးဖြိုးက ရေးနွေးကြမ်းမော့ သောက်ရင်း တဝိုင်းတည်းရှိ အခြားသူများကို ပြောနေသည်။ “အေးလေ ဘာလုပ်လို့ရမလဲ” ဟု တဝိုင်းတည်းရှိ အခြားဘကြီးတစ်ဦးက  သက်ပြင်းချရင်း ညဉ်းညူလိုက်သည်။

    ထိုဒေသရှိ ဒေသခံများသည် ရော်ဘာခြံ၊ ကွမ်းသီးခြံ၊ လယ်လုပ်ငန်း စသောလုပ်ငန်းများကိုသာ အဓိကထားလုပ်ကိုင်နေကြ သောကြောင့် “တောမှာအိပ်မှ ထမင်းစားရ” ဆိုသော ရွာခံအမျိုးသားက ပြောဆိုခြင်းဖြစ်သည်။ ရော်ဘာကိုညအချိန်ခြစ်မှ သာအဆင်ပြေသောကြောင့် ဖြစ်သည်။ အကယ်၍ တောတွင် မအိပ်ရပါက ရော်ဘာခြံပိုင်ရှင်များအဖို့ စားဝတ်နေရေးအ ခက်အခဲနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။ နွားလှည်းဖြင့် ၂ နာရီခန့်သွားရသော ခြံသမားများအဖို့ အလုပ်လုပ်ချိန်မရှိပဲ အသွား အပြန်နှင့်ပင် အချိန်ကုန်နေပြီး။

    တောပိတ်ခဲ့သောအချိန်တွင် ရွာသားများတော်တော်ပင် ဒုက္ခရောက်ကြသည်။ အလုပ်မ လုပ်ရ။ ရိတ်သိမ်းရနေပြီး ဖြစ်သော်လည်း မရိတ်သိမ်းရသေးသော စပါးများက အမှည့်လွန်ကာ မြေပေါ်သို့ ကြွေနေပြီး။ နွား များလည်း ရွာထဲနေနေရ၍ စားစရာမြက်အပြည့်အဝမရပြီးပိန်ချူံးနေပြီး။ တောလည်းပိတ်ထားဆဲ။ လွန်ခဲ့သော နှစ်နှစ် ကျော် အဆိုးအဝါးဆုံး ဖြစ်ခဲ့သည်။ မကြာခဏဆိုသလို ဖြစ်နေသောကြောင့် ၄င်းတို့၏ နွားများရောင်းလိုက်ရသော နွားများပိုင်ရှင်များလည်း ရှိသည်။

    ခွဲထွက်ရေးအဖွဲ့မှ စားနပ်ရိက္ခာတောင်းလျှင် ငြင်းဆန်ပြီးမပေးရင်လည်း ၄င်းတို့က ရန်လုပ်ဦးမည်။ ပေးပြန်လျှင်လည်း နယ် မြေခံ မြန်မာစစ်အစိုးရစစ်တပ်က သူပုန်နှင့်အဆက်အသွယ်လုပ်ပြီး ၄င်းတို့ကိုထောက်ပ့ံနေသည်ဟု ရွာသားများကိုစွပ်စွဲ ကာ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်လျှင် ရွာသားများ ခံရဦးမည်။

    လွန်ခဲ့သောမတ်လက အလယ်စခန်းကျေးရွာမှ အသက် ၃၀ ကျော် အိမ်ထောင်သည်အညွန့်ဆိုသူ၏ ခြံတွင် ခွဲထွက်အဖွဲ့မှ ဝင်ရောက်စခန်းချခဲ့သည်ဟု စစ်တပ်မှသတင်းရရှိခဲ့ပြီး ခမရ ၂၈၂ မှ ဗိုလ်ကြီးညီညီ စိုး ဦးဆောင်သော ဒေသခံစစ်တပ်က မွန်ခွဲထွက်ရေးဖွဲ့မှ အဆက်အသွယ်ရှိသည်ဟု စွပ်စွဲကာ ဖမ်းဆီးပြီး သုံးရက်အကြာ တွင် သတ်ပစ်ခဲ့သည်။ အညွန့်အဖမ်း ခံရပြီး အညွန့်၏မိဘများက စစ်တပ်ထံသို့ သွားပြီးသူ့၏ သားမှာ အပြစ်မရှိကြောင်း သွားရောက်ဖြေရှင်းချင်သော်လည်း နယ်မြေခံ စစ်တပ်အရာရှိက ခင်ဗျားတို့နောက်ကျသွားမည်ဟုသာ ပြောခဲ့သည်။ ရွာခံ များ၏ ပြောပြချက်အရ ယင်းအ ညွန့် ဆိုသည် ခြံလုပ်ငန်းကိုသာ ရိုးသားစွာလုပ်ကိုင် နေသူဖြစ်ပြီး အလွန်ရိုးသားသည်ဟု ဆိုသည်။ မည်သည့် အဖွဲ့နှင့် လည်း အဆက်အသွယ်မရှိဟု ဆိုကြသည်။

    ခွဲထွက်ရေးအဖွဲ့မှ ရွာထဲဝင်လာသည်ဖြစ်စေ ရွာနားတွင်ချဉ်းကပ်နေသည်ဖြစ်စေ ရိက္ခာဝင်တောင်းသည်ဖြစ်စေ သတင်း ရရှိပါက စစ်တပ်ထံသို့ အကြောင်းကြားရမည်ဟု စစ်တပ်က ညွန်ကြားထားသည်။

    “ဟိုက(ခွဲထွက်အဖွဲ့) စားစရာတောင်းလို့ မပေးရင် သူတို့ရန်လုပ်မယ်၊ ပေးပြီးလို့ စစ်တပ်က သတင်းရရင်လည်း သူပုန်တွေ ကို ထောက်ပ့ံနေတယ်လို့ စွပ်စွဲပြီး ဖမ်းမယ်၊ ရွာကို ရန်ရှာမယ်၊ ကြားထဲက ငါတို့ရွာသားတွေပဲ နာတယ်၊ ငါတို့ကတော့ နှစ်ဖက်စလုံးကိုကြောက်ရတယ်၊ “ခွေးနဲ့ကြောင်ကြားမှာ နေနေရတဲ့ ကြွက်လိုပဲ” ဟု ရွာနားတွင် နွားလှန်းရာမှ  ပြန်လာသော အလယ်စခန်းရွာသား ကိုသားချို (အမည်အရင်းမဟုတ်) ၄င်း၏ သူငယ်ချင်းကို လမ်းမှာတွေ့ရင်း ပြောသည်။

    လွန်ခဲ့သော ၂၀၀၉ ဧပြီလ ၁၇ ရက်နေ့က လည်း ဗိုလ်မှူးခင်မောင်ချင်းဦးဆောင်သော ခလရ ၁၀၇ က ပေါက်ပင်ကွင်းရွာကို ခွဲထွက်ရေးအဖွဲ့ နိုင်ချမ်း ဒိန်းအဖွဲ့နှင့် ပတ်သက်မှုရှိသည်ဟု စွပ်စွဲကာ ကျေး ရွာမီးရှို့ဖျက်စီးခဲ့သည်ဟု မွန်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HRFOM) က ဖော်ပြထားသည်။ အိမ်ခြေ ၃၆ လုံးကို မီးရှို့ဖျက်စီးခဲ့သည်။ မီးမရှို့ခင်တွင် သေနတ်ဖောက်ပြီး အိမ်ပေါ်မှ လူများကို ဆင်းခဲ့ သည်။ တစ်ချို့အိမ်ရှင်များသည် နအဖစစ်သားများကို ကြောက်ရွံ့သောကြောင့် ဘာပစ္စည်းမသယ်နိုင်ပဲ၊ အသက်လွတ်ရာ အဝေးသို့ ပြေးကြသည်။ နအဖစစ်သားကို ကြောက်ရွံ့သောကြောင့် ရွာကိုစွန့်ခွာပြီး အခြေအနေနည်း နည်းကောင်းသော အလယ်စခန်းကျေးရွာနှင့် တခြားကျေး ရွာသို့ ပြောင့်ရွေ့သွားသူအပြားအများရှိသည်။ ယခင်က သာယာခဲ့သော ပေါက်ပင်ကွင်းကျေးရွာသည် ယခုအချိန် သည်ခြောက် သွေ့ကာသွားသည် ရွာကိုစွန့်ခွာ ထွက်လာသူ အမျိုးသားတစ်ဦးက ပြောသည်။

    ခွဲထွက်ရေးအဖွဲ့များ လှုပ်ရှားလေ့ရှိရာ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကလိန်အောင်မြို့နယ်ခွဲရှိ ကျောက်တလင်းကျေးရွာ၊ ကျောက်ကဒင်ကျေးရွာ၊ အလယ်စခန်းကျေးရွာ၊ ရာဖူးကျေးရွာ၊ လော့သိုင်းကျေးရွာနှင့် ရေးမြို့နယ်ရှိ မိထောလှာ၊ မန်ကျည်း ရွာ၊ ခေါ်ဇာရွာ (ယခုမြို့နယ်ခွဲ) အနီးတဝိုက်ကျေးရွာများသည် နယ်မြေခံစစ်တပ်မှ အမဲရောင်ဒေသဟု ဆိုကာ ထင်သလိုအ နိုင့်ကျင့် အပြစ်ရှာတတ်သောကြောင့် အားကိုးရာမဲ့ဘဝဖြင့် စစ်သားများ အနိုင်ကျင့်မှုကို ရွာသားများ ခံနေရစမြဲပင်။ ကျေး ရွာလုံခြုံရေးဟု ဆိုကာ ရွာသားများ ပြည်သူ့စစ်အတင်းဝင် လုပ်ခိုင်း၊ မလုပ်လျှင် ပိုက်ဆံပေး၊ ပိုက်ဆံမ ပေးနိုင်လျှင် ပြည်သူ့ စစ်ဝင်လုပ်ရမည်ဟု နယ်မြေခံစစ်တပ် တချက်လွတ် အမိန့်အောက်တွင်ပင် ခံနေရ သည်။

    မရှိဆင်းရဲသော ရွာသားများသည် ပိုက်ဆံမပေးနိုင်၍ ပြည်သူ့စစ်ဝင်လုပ်ရသည်။ ပြည်သူ့စစ်ဝင်လုပ်ရသဖြင့် အလုပ်လုပ်ချိန်မရှိ၍ မိသားစုစားဝတ်နေရေး ထိခိုက်ရသည်။ ယခုဆောင်းပါးရေးနေအချိန်အထိပင် ရွာသား များ မလုပ်မနေရ ပြည်သူ့စစ် ဝင်လုပ်ရသည်။

    လွန်ခဲ့သောလ ကျောက်ကဒင်ရွာသား ၇ ဦးကို ခွဲထွက်ရေးအဖွဲ့မှ တပတ်ကျော်အကြာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ပြန်လာ လွတ်မြောက်လာသော်လည်း နယ်မြေခံစစ်တပ်မှ ၄င်းတို့ ၇ ဦးကို ပြန်လည်းထိန်းသိမ်းထားက တစ်ချို့ကို ခွဲထွက်ရေး အဖွဲ့ များ ခိုအောင်နေရာကို သွားရာလမ်းပြအဖြစ် ယခုအချိန်အထိ ခေါ်ဆောင်ထားခဲ့ပြီး တစ်ချို့ကိုစစ်တပ်စခန်း တွင် ထိန်းသိမ်း ထားသည်။ ၄င်းတို့ ၇ ဦး ဖမ်းဆီးခံရပြီးနောက်ပိုင်း ထိုဒေသရှိ ကျေးရွာများကို တောအတွင်း ညအိမ်ခွင့်နှင့် ညနေ ၉ ကျော် အထိ ရွာအတွင်း လမ်းလျှောက်ခွင့်ကို ယခုအချိန် ပိတ်ပင်ထားခဲ့သည်ဟု ရွာသားများမှ သိရသည်။ ရွာသားများကလည်း စိတ်ညစ် စိတ်ပျက်ရုံမှတပါး မည်သို့မှမတတ်နိုင်။

    အဘက်ဘက်မှ ဖိနှိပ်မှုကိုခံနေရသာ ထိုနယ်မြေနယ်ဒေသအတွင်းရှိ ဒေသခံများသည် ထိုသို့သော ဒုက္ခအပေါင်းမှ လွတ် မြောက်ရန် မည်သူ့ကို အကူညီတောင်းရမည်နည်း၊ မည်သူ့ကို အားကိုးရမည်နည်း၊ “တစ်ယောက်နဲ့တစ်ယောက်တွေ့ရင် “ဝဋ်ကြွေးရှိလို့သာ ခံနေရတယ်” ဟု တရားနဲ့ဖြေရုံမှတပါး တခြားလုပ်ဆောင်နိုင်မည် မဟုတ်ပါ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts