spot_img
Friday, March 29, 2024
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်အမျိုးကို ချစ်သည်ဟု ဆိုရာ၀ယ်

    အမျိုးကို ချစ်သည်ဟု ဆိုရာ၀ယ်

    -

    ဗညားရံ

    (၁) မှားယွင်းမှု၏ သားကောင်

    လူမျိုးတစ်မျိုး ကွယ်ပျောက်ခြင်းသည် နေ့ချင်းညချင်းသိနိုင်သည့် အကျိုးဆက်တစ်ခု မဟုတ်ပေ။ ထိုလူမျိုးတို့၏ စရိုက်လက္ခဏာနှင့် ခံယူချက်အပေါ် များစွာ တည်မှီနေပေသည်။ ယဉ်ကျေးမှုအရ နှစ်ပေါင်းထောင်ချီ တိုးတက်ခဲ့လင့်ကစား အမှားတစ်ခုကို မှားမှန်မသိဘဲ မှန်သည်ဟု အများစုက ယူဆချိန်၊ ယင်းလမ်းစဉ်အတိုင်း မဆုတ်မနစ် ချီတက်မိချိန်၊ သဘောတရားနှင့်လက်တွေ့ ကျေညက်မှုမရှိချိန်တွင် ထိုလူမျိုးတစ်ခု ဤကမ္ဘာမြေမှ အပြီးအပိုင် ကွယ်ပျောက်ရခြင်း ဖြစ်ပေသည်။ ပျူလူမျိုးတို့သည် အေဒီ ၉-ရာစုအလယ်၌ ထိုင်းမျိုးနွယ်နန်ချောင်တို့၏ တိုက်ခိုက်မှုကြောင့် အုပ်ချုပ်ရေးမဏ္ဍိုင်ပြိုလဲကာ အမျိုးသားနိုင်ငံရေးလည်း ကျရှုံးရပေသည်။ ပျူ၊ ကမ်းယံ၊ သက်တို့၏ မျိုးနွယ်တွင်းပဋိပက္ခ၊ ဒေသစွဲစိတ်ဓာတ်၊ ဘာသာရေးကိုင်းရှိုင်းမှု လွန်ကဲခြင်းတို့ကြောင့် စည်းလုံးမှုအားနည်းခဲ့ရပြီး ပထ၀ီနိုင်ငံရေးအရ မွန်နှင့်ဗမာကြားမှာ ပိတ်မိနေသောကြောင့်လည်း ၁၂-ရာစုတွင် ပျူလူမျိုးတို့၏ အခန်းကဏ္ဍ လုံး၀မှေးမှိန်သွားရပြီး ၁၃-ရာစု၀န်းကျင်တွင် ပျူလူမျိုးဟု ၀န်ခံ၀ံ့သူ မရှိတော့ချေ။

    (၂) အမျိုးသားရေး အမြင်ကျဉ်းမှု

    လူမျိုးတစ်မျိုးကွယ်ပျောက်ခြင်း၏ အခြားအကြောင်းတစ်ခုမှာ အမျိုးသားရေးအမြင်ကျဉ်းမှု ဖြစ်သည်။ အားနည်းသောမျိုးနွယ်စုတိုင်းမှာ သေးသိမ်သောစိတ်ဓာတ် ၀င်တတ်သည်။ ယင်းစိတ်ဓာတ်ဖြင့် မိမိတို့၏ မျိုးနွယ်စုကို ခုခံကာကွယ်ရာ၌ အစွန်းရောက်မိကာ လုံးပါးပါးသွားရခြင်း ဖြစ်သည်။ ပထ၀ီအရ ကျဉ်းမြောင်းခြင်းသည် အခရာမကျပေ။ သဘောထားကျဉ်းမြောင်းခြင်းသည်သာ မိတ်ဆွေနှင့်ရန်သူ မှားပြီး ပစ်မှတ်လွှဲနေတတ်သည်။ မိမိတို့မှာ ကျွန်စိတ်မ၀င်သေးသ၍ ကျွန်တော်မျိုးစာရင်းတွင် မပါသေး၊ မိမိကိုယ်နှိုက်က ကျွန်စိတ်မွေးပြီး ကျွန်ကျင့် ကျင့်ကာ သေးသိမ်စိတ်၀င်နေလျှင် မိမိအမျိုးအဖြစ်ကိုလည်း မခံယူ၀ံ့တော့။ ဤသည်မှာ လူမျိုးတစ်မျိုး၏ ကွယ်ပျောက်ခြင်းအစ ဖြစ်ပေသည်။

    (၃) အမုန်း

    မိမိတို့မှာ ရန်သူကို မုန်းသည်ဟု ဆိုသော်လည်း ရန်သူဒုက္ခရောက်မည့်အလုပ်ကို မလုပ်ဘဲ အချင်းချင်းရှုပ်မည့်အလုပ်ကိုသာ လုပ်နေလျှင် အမျိုးကို ချစ်ရာမရောက်၊ နှစ်ရာရောက်နေပေသည်။ လူ့သဘောလူ့မနောကို စစ်ကြောေ၀ဖန်ခြင်းမရှိဘဲ မုန်းတီးစိတ်၀င်အောင်သာ သင်ပြထားလျှင် ယင်းမုန်းတီးစိတ်သည် ရန်သူဆီမရောက်ဘဲ တစ်ခါတစ်ရံ မိမိထံ ပြန်လှည့်လာတတ်သည်။ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲသည် လူမျိုးမုန်းတီးရေးတိုက်ပွဲ အသွင်သဏ္ဍာန် မဆောင်သင့်။ မိမိလူမျိုး လွတ်မြောက်ရေးအတွက် တိုက်ပွဲ၀င်ချိန်တွင် ဆန့်ကျင်ဘက်လူမျိုးတို့၏ အခွင့်အရေးကို လေးစားခြင်းဖြင့် မိမိတို့ ပိိုမိုမြင့်မြတ်ကြောင်း သက်သေထူခွင့် ရှိသည်။

    (၄) နိုင်ငံရေးသိက္ခာ

    အချို့မှာ ကောက်ရိုးမီး မျိုးချစ်စိတ်ဓာတ်ဖြစ်ပြီး နိုင်ငံရေးရေစုန်ခရီးမှာ လှေကြုံ၀င်စီးခြင်း ဖြစ်သည်။ ယင်းတို့သည် အဖွဲ့တွင်းပဋိပက္ခကို ဖန်တီးပြီး အမျိုးကို သူသာချစ်ကြောင်း၊ သူမရှိလျှင် အဖွဲ့ပြိုကွဲနိုင်ကြောင်း ပုံသွင်းယုံကြည်ခိုင်းသော်လည်း သူသာ ဦးဆောင်နေရာမရလျှင် ပွဲဖျက်မည့်သူ ဖြစ်သည်။ နိုင်ငံရေးသိက္ခာ မရှိသူဖြစ်ကြောင်း မသိသူတို့က ယင်းကဲ့သို့သောပုဂ္ဂိုလ်မျိုးကို ခေါင်းဆောင်တင်မိတတ်သည်။ နိုင်ငံရေးလောကသို့ လွယ်လွယ်ကလေးနှင့် ၀င်ရောက်လာသော ပုဂ္ဂိုလ်သည် နိုင်ငံရေးလောကမှ လွယ်လွယ်နှင့် စွန့်ခွာသွားတတ်သည်။

    (၅) အစမ်းသပ်မခံသော မျိုးချစ်စိတ်ဓာတ်

    ရင့်ကျက်သော မျိုးချစ်စိတ်ဓာတ်မျိုးမှန်လျှင် အမျိုးကို ချစ်ရာ၀ယ် မည်သည့်အကြောင်းပြချက်၊ မည်သည့်ဆင်ခြေဆင်လက်မျှ မရှိချေ။ မိမိ၏အမြင်ကို လူတွေထောက်ခံမှ၊ မိမိကို ခေါင်းဆောင်တင်မှ၊ ကိုယ်ကျိုးရှိမှ နိုင်ငံရေးလုပ်ကြသည် မဟုတ်ဘဲ မိမိခံယူချက်ကို အများခံယူချက်နှင့် ချင့်ချိန်ပြီး မဆုတ်မနစ် ရှေ့ဆက်သွားရမည်သာ ဖြစ်သည်။ နိုင်ငံရေးလောကဓံကို မခံနိုင်လျှင် မျိုးချစ်စိတ်ဓာတ်သည်လည်း မရှင်သန်နိုင်ချေ။ အစမ်းသပ်မခံနိုင်သော မျိုးချစ်စိတ်ဓာတ်သည် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်မဟုတ်။

    (၆) ညီညွတ်ရေးနှင့် တိုးတက်ရေး

    မျိုးချစ်အချို့မှာ ရယူထားသည့်နေရာက ထိပ်သီးဆိုသော်လည်း ကလေးဆန်နေတတ်သည်။ အသေးအဖွဲပြဿနာများကို ရေးကြီးခွင်ကျယ်လုပ်ပြီး တိုင်းပြည်ပျက်တော့မယောင် ပုံဆောင်တတ်သည်။ ကိုယ့်ကိုယ်တိုင်က အမုန်းမခံသော်လည်း လူကြမ်းငှားပြီး ပြဿနာရှာတတ်သည်။ ဘီးလူခေါင်းမပေါ်သရွေ့ မင်းသားပင် ဖြစ်သည်။ သူတို့သည် ညီညွတ်ရေးအကြောင်း ဘယ်တော့မှ မပြော၊ တိုးတက်ရေးအကြောင်းသာ ဟောတတ်သည်။ သူတို့ပြောသောတိုးတက်ရေးသည် သူတို့လူတစ်စု လက်လှမ်းမီသော တိုးတက်ရေးသာ ဖြစ်သည်။

    (၇) ဇာတ်တူသား စားကြမည်လော

    အချို့က အချင်းချင်းသတ်ပြီးမှ ရန်သူကို သတ်မည်ဟု ပြောဟောတတ်သည်။ ဇာတ်တူသား စားခြင်းသည် ကျိုးကြောင်းဆီလျော်သော နိုင်ငံရေးဒဿနတစ်ခု မဟုတ်ပေ။ သထုံပြည်ကို မွန်တွေ မရောက်မီ အရင်ရှိနှင့်သော စမင်းလူမျိုးတို့သည် သတ်ဖြတ်ခြင်းဖြင့် မွန်တို့ကို ရင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ နန်းတွင်းမင်းသားများကို သတ်စားခြင်းဖြင့် မွန်တွေကို မျိုးသုဉ်းစေမည်ဟု အားခဲခဲ့သူများ ဖြစ်သည်။ မွန်တွေ မပြိုလဲခဲ့ပေ။ စမင်းလူမျိုးတွေသာ အရှုံးကြီးရှုံးခဲ့ဖူးပါသည်။ ဘီစီ ၃-ရာစုက စမင်းလူမျိုးတို့၏နည်းဗျူဟာကို သုံးပြီး မွန်တွေကို လွတ်မြောက်စေမည်ဟု ဆိုလျှင် လက်ရှိမွန်တို့သည် ခရစ်မတိုင်မီက မွန်တို့နှင့်စာလျှင် များစွာ ညံ့ဖျင်းနေပေသည်။ အချင်းချင်းပြဿနာရှာခြင်း၊ ကိုယ်ထိလက်ရောက်စော်ကားခြင်း၊ အသေအကျေတိုက်ခိုက်ခြင်းသည် လူရိုင်းတို့၏အလုပ်ဖြစ်ကြောင်း ယဉ်ကျေးသူတိုင်း သိကြပါသည်။

    (၈) လူကို ခွေးသတ်

    ပညာရှိသောရန်သူသည် ညာဏ်မဲ့သောမိတ်ဆွေလောက် ကြောက်စရာမကောင်းဟု အဆိုရှိသည်။ ပညာမဲ့သော လူမျိုးတစ်မျိုးသည် အတိုင်းအတာကို မသိပေ။ မိမိပြောသမျှ၊ ရေးသမျှ၊ လုပ်သမျှသည် ထိခိုက်မှုရှိမရှိ သူမသိနိုင်ချေ။ အကျိုးဆက်ကို သူမသိသဖြင့် သူလုပ်သမျှသည်လည်း အကန့်အသတ် မရှိပေ။ ထို့ကြောင့် အမျိုးကို ချစ်လျှင် ပညာရှိသောလူမျိုးတစ်မျိုး၊ ညာဏ်ရွှင်သောလူမျိုးတစ်မျိုး ဖြစ်လာအောင် မဖြစ်မနေ ကြိုးပမ်းသင့်သည်။ သို့မှသာ လူကို ခွေးသတ်သောအဖြစ်မျိုးမှ ရှောင်ရှားနိုင်မည် ဖြစ်သည်။

    (၉) တာ၀န်သိတတ်စိတ်

    အမျိုးကို ချစ်တတ်လျှင် တာ၀န်လည်း ယူတတ်ရပေသည်။ မိမိကို တာ၀န်ယူခြင်း၊ မိသားစုကို တာ၀န်ယူခြင်း၊ အပေါင်းအသင်းကို တာ၀န်ယူခြင်း၊ အသင်းအဖွဲ့ကို တာ၀န်ယူခြင်း၊ အမျိုးဘာသာသာသနာကို တာ၀န်ယူခြင်း အစရှိသည်ဖြင့် တာ၀န်ကို သိတတ်ရပေသည်။ အချို့က အမျိုးကို ချစ်ကြောင်း အပြောအဟော ကောင်းကြပါသည်။ သို့သော် တာ၀န်သိစိတ်ဓာတ်မျိုး မရှိသဖြင့် သူတို့ပြောဟောသော နိုင်ငံရေးတရားများလည်း တန်ဖိုးမဲ့သွားတတ်သည်။ အချို့က ပုဂ္ဂိုလ်ရေးအရ ဖြစ်စေ၊ အသင်းအဖွဲ့တစ်ခုခုကို ဖြစ်စေ၊ လူမျိုးတစ်မျိုးကို ဖြစ်စေ စော်ကားမော်ကား ပြုခြင်းဖြင့် တာ၀န်မဲ့တတ်သည်။ အဆဲကောင်းရုံဖြင့် မျိုးချစ်သမားတစ်ယောက် မဖြစ်နိုင်ပေ။ ကိုယ်လုပ်သမျှ၊ ကိုယ်ပြောသမျှသည် အမျိုးကို ထိခိုက်မှု ရှိမရှိ၊ အဖွဲ့တွင်းတင်းမာမှု ရှိမရှိ အရင်စဉ်းစားသင့်ပြီး အပြုသဘောဆောင်သော မျိုးချစ်စိတ်ဓာတ်ကိုသာ မွေးသင့်သည်။

    (၁၀) မျက်ဖြူဆိုက်လေဆရာကြိုက်လေ

    ရန်သူတို့သည် လူမျိုးတစ်မျိုးမှာ အဖွဲ့တွေများလေ ကြိုက်လေ၊ ခေါင်းဆောင်တွေများလေ ကြိုက်လေ ဖြစ်သည်။ အဖွဲ့တွေများလျှင်၊ ခေါင်းဆောင်တွေများလျှင် ရန်သူတွေအတွက် လှုပ်ရှားဖို့အကွက်များလေ ဖြစ်သည်။ သာမန်ပုဂ္ဂိုလ်ရေးကိစ္စတစ်ခုကို ပုံကြီးချဲ့ပြီး မိမိ၏အစွမ်းအစကို စိတ်မချသဖြင့် တစ်ကိုယ်တည်း ရင်မဆိုင်၀ံ့ဘဲ ဂိုဏ်းဂဏစိတ်ဓာတ်၊ ပုဂ္ဂိုလ်စွဲစိတ်ဓာတ်၊ ဒေသစွဲစိတ်ဓာတ်ကို အခြေခံ၍ မိမိဘက်ပါအောင် လူတွေကို စည်းရှုံးခြင်းသည် ယုံကြည်မှု ပျက်ပြားခြင်း၏အစ ဖြစ်သည်။ ယုံကြည်မှု ပျက်ပြားလျှင် ၀ါးအစည်းပြေသကဲ့သို့ စည်းလုံးညီညွတ်မှု ပြိုကွဲမည် ဖြစ်သည်။ စည်းလုံးညီညွတ်မှု ပြိုကွဲလျှင် နွားကွဲကျားဆွဲဘ၀သို့ ရောက်ရပေတော့မည်။ ရန်သူတို့အနေဖြင့် မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဖြစ်သည်။ ရန်သူကို မုန်းလျှင် ရန်သူ့အကြိုက်ကို မလိုက်သင့်ပေ။ အမျိုးကို ချစ်တတ်လျှင် မိမိသည် မိမိလူမျိုးအတွက်သာဖြစ်၍ အမျိုးကြောင့် ဒုက္ခရောက်ရသော်လည်း အမျိုးကို အစဉ်ချစ်နေရမည်သာ ဖြစ်သည်။ ရန်သူဘက်သို့ မည်သည့်အကြောင်းကြောင့်မျှ မပါသင့်ပေ။ သည်အဖွဲ့တွင် ဖြစ်သော ပြဿနာကို သည်အဖွဲ့တွင်ပင် ဖြေရှင်းရပေမည်။

    (၁၁) နအဖကို အကူအညီ တောင်းခံမည်လော

    လက်ရှိအချိန်တွင် အချင်းချင်းပြဿနာကို လက်တွေ့ကျကျ မဖြေရှင်းဘဲ နအဖကို အကူအညီတောင်းကြဦးမည်လော။ အချင်းချင်းအဆင်မပြေတိုင်း ရန်သူကို မျက်နှာလုပ်သောလူမျိုးသည် မည်သည့်အချိန်မျှ မကြီးပွားမတိုးတက်ပေ။ အချင်းအချင်းအဆင်မပြေတိုင်း ရန်သူသူလျှိဟု စွပ်စွဲသောလူမျိုးသည်လည်း မည်သည့်အချိန်မျှ ရန်သူကို အပြုတ်မတိုက်နိုင်ချေ။ မိမိကိုယ်မိမိ ယုံကြည်မှု ပျက်ပြားနေသော၊ အဖွဲ့တွင်းစည်းလုံးမှု အားနည်းသော လူမျိုးတိုင်း ကျရှုံးရမည်သာ ဖြစ်သည်။ သမိုင်းကို လေ့လာတတ်လျှင်၊ သမိုင်းသင်ခန်းစာကို ရယူတတ်လျှင် အကောင်းနှင့်အဆိုး အမှန်နှင့်အမှားကို ေ၀ဖန်ပိုင်းခြားတတ်ရပေမည်။

    (၁၂) သတိသမ္ပဇဉ်တရား

    ၂၀၁၀-ခုတွင် သမိုင်းဘီး တစ်ကျော့လည်ပြန်ပြီ။ ရန်သူတို့ တင်ပြသော ရွေးကောက်ပွဲကို အကြောင်းပြုပြီး အချင်းများကြဦးမည်လော။ အားမတန်မာန်လျှော့ကာ ပေးသမျှကိုယူပြီး ကျွေးသမျှကိုသာ စားတော့မည်လော။ မိမိပါတီ၏ မူ၀ါဒကို တရားသေကိုင်စွဲပြီး ရှေ့ကို ချီတက်မည်လော။ သို့မဟုတ် အလျှော့အတင်းလုပ်ပြီး ရန်သူကို သွေးတိုးစမ်းမည်လော။ မည်သည့်လမ်းကြောင်းကိုပင် ရွေးသည်ဖြစ်စေ မိမိတို့သည် အရေးကြီးလျှင် သွေးစည်းရမည်သာ ဖြစ်ပေသည်။ ဤကဲ့သို့သော အခြေအနေမျိုးမှာ မျိုးချစ်သမားတိုင်း သတိသမ္ပဇဉ်တရား ထားရမည် ဖြစ်သည်။ သတိလက်လွတ်ဖြစ်ပြီး အချင်းချင်းခွပ်ရမည့်အလုပ်ကို မည်သူမျှ မလုပ်သင့်ပေ။

    (၁၃) အဆင့်ရှိရမည်

    အမေရိကန်ပြည်ထောင်စုကို တည်ထောင်ခဲ့သော ဂျော့ဂျ်၀ါရှင်တန်သည် နိုင်ငံတော်ကို သတိသမ္ပဇဉ်တရား ရှိသော၊ ရိုးသားဖြောင့်မတ်သော ခေါင်းဆောင်များ ပြုပြင်မွမ်းမံနိုင်ဆင့်ရှိအောင် မြှင့်တင်ပေးရမည် ဖြစ်ကြောင်း ဆိုခဲ့ပေသည်။ We must raise a standard to which a wise and honest can repair our nation ဟု ရေးထိုးထားသည်။ သတင်းနှင့် စာနယ်ဇင်း၀န်ကြီးဌာနမှာ ရေးထိုးထားသည်ဟု ထင်ပါသည်။ မှန်ပါသည်။ ပညာတတ်များကို ပထုတ်သော၊ ပညာရှင်များကို ပြက်ရယ်ပြုသောနေရာသည် ခေါင်းဆောင်ကောင်းတို့ မရှိပေ။ ထိုနေရာတွင် ပညာရှင်များ ရှိလျှင်လည်း မထင်မပေါ်ဘ၀ဖြင့် နေရတတ်သည်။ ပညာမဲ့သော ခေါင်းဆောင်များသည်သာ ယင်းပညာမဲ့သော လူမှု၀န်းကျင်ကို အစိုးရပေသည်။ ယင်းလူမှု၀န်းကျင်ကို အုပ်စိုးဗိုလ်ကျလိုသော လူပြိန်းကြိုက်ခေါင်းဆောင်တို့သည် မိမိ၏ပရိသတ် မျက်စိအမြင်ကျယ်မည့်၊ နားစွင့်ပါးစွင့်ရှိမည့် မည်သည့်အလုပ်ကိုမဆို အားပေးလေ့ မရှိပေ။ တတ်နိုင်သမျှ မဖြစ်အောင် အချိန်ဆွဲမည်၊ အာရုံလွှဲမည်သာ ဖြစ်သည်။ ထိုသို့သော ပရိသတ်များအတွက် အမျိုးကို ချစ်၍ လုပ်မိပါသည်ဟု ကောက်ကျစ်သောခေါင်းဆောင်များက စတန့်ပြလျှင် ငြိမ်ကျသွားမည့် လူမှု၀န်းကျင်မျိုး ဖြစ်ပေသည်။ မျိုးချစ်စိတ်ဓာတ်ကိုသာ အားပေးပြီး ပညာမဲ့သော လူမှု၀န်းကျင်တွင် တစ်ဦးဦး၏ အားသာချက်များကို ရှာပြီး အတုယူလေ့ မရှိဘဲ တစ်ယောက်ယောက်၏အားနည်းချက်ကိုသာ ချောင်းမြောင်းပုတ်ခတ်တတ်ပေသည်။

    (၁၄) မျောက်ခေါင်းဆောင်

    ဂျော့ဂျ်၀ါရှင်တန်သည် ဤကဲ့သို့အခြေအနေမျိုးရှိသော အမေရိကန်လူမှု၀န်းကျင်ကို သတင်းနှင့်စာနယ်ဇင်းအင်အားကို အသုံးပြုပြီး ပြုပြင်ခဲ့ပေသည်။ ပြည်သူပြည်သားတို့အတွက် မြို့တိုင်းရွာတိုင်းတွင် စာကြည့်တိုက်များကို ထူထောင်ပေးခဲ့သည်။ အဆင့်ရှိသောပညာရေးကျောင်းများကိုလည်း နေရာမလပ် ဆောက်လုပ်ပေးခဲ့သည်။ ပြည်သူပြည်သားတို့ အဆင့်ရှိလေ ယင်းပြည်သူပြည်သားတို့မှ အစွမ်းထက်သော ခေါင်းဆောင်များ ပေါ်ထွက်လေ ဖြစ်ကာ အမေရိကန်ပြည်ထောင်စုသည် အမှားနည်း၍ ကမ္ဘာ့အလယ်တွင် ၀င့်ထယ်နိုင်ခဲ့ပြီ ဖြစ်သည်။ အမျိုးကို ချစ်ပါသည်ဟု ဆိုရုံမျှဖြင့် အမျိုးကို ချစ်ရာမရောက်ကြောင်း ပညာရှိများက နားလည်သဘောပေါက်ကြပါသည်။ မီးခြစ်ကို မြောက်လက်ထဲသို့ ထည့်မိသည့်အဖြစ်ထက် ပညာမဲ့သောခေါင်းဆောင်တစ်ဦး လက်ထဲသို့ လူမျိုးတစ်မျိုး၏ကံကြမ္မာ ရောက်သွားရသည်က ပို၍ကြောက်စရာကောင်းပါသည်။

    (၁၅) အမျိုးကို ချစ်သည်ဟု ဆိုရာ၀ယ်

    ထို့ကြောင့် အမျိုးကို ချစ်သည်ဟု ဆိုရာ၀ယ် အမျိုးကို ချစ်ရာမရောက်ဘဲ နှစ်ရာရောက်မည့်အရေးကို ရှောင်ရှားသင့်ပြီး မိမိကိုယ်နှိုက် အမျိုးကို ချစ်ကြောင်း၊ အမျိုးကို ကယ်တင်ကြောင်းဖြစ်သည့် ပညာရေး၊ လူမှုရေး၊ နိုင်ငံရေးအသိအမြင်များ အစဉ်အမြဲနိုးကြား၍နေပါစေဟု ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts