မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / အပစ်မရပ်သေးတဲ့ ၁၉၉၅ ခု မတိုင်မီကာလ ပြန်ရောက်နိုင်မှာလား

အပစ်မရပ်သေးတဲ့ ၁၉၉၅ ခု မတိုင်မီကာလ ပြန်ရောက်နိုင်မှာလား

ရေးသားသူ:

မင်းစိုင်းနွန်ဒေါ

ပြီးခဲ့တဲ့ဧပြီလ ၇ ရက်နေ့၊ မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာချုပ် (ရတခ) မှာ နအဖနဲ့ မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်တို့ တွေ့ဆုံခဲ့ကြစဉ်က “ပြည်သူ့စစ်ဖွဲ့ဖို့ ခင်ဗျားတို့ လက်မခံရင် ၁၉၉၅ ခု မတိုင်မီ အခြေအနေလို ပြန်ရောက်သွားနိုင်တယ်လို့ စရဖအကြီးအကဲ ဒုဗိုလ်ချုပ်ကြီးရဲမြင့် ကိုယ်တိုင်ပြောခဲ့ပါတယ်။ ဒါက နှစ်ဖက်အပစ်အခတ်ရပ်စဲမှု ၁၅ နှစ်သက်တမ်း ပြည့်ခါနီးကာလမှာ နအဖဘက်က အပစ်ရပ်မွန်ပြည်သစ်ပါတီအပေါ် အပြင်းထန်ဆုံး ပြောဆိုလာတဲ့ စကားလုံးတွေလို့ လေ့လာမှတ်သားရပါတယ်။

ဒုဗိုလ်ချုပ်ကြီးရဲမြင့် အဲဒီလိုပြောဆိုခဲ့ချက်တွေနဲ့ ပတ်သက်ပြီး ထိုင်းနယ်စပ်နဲ့ ထိစပ်နေတဲ့ ရေးချောင်းဖျားဒေသရှိ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်အတွင်း ဧပြီလ ၂၁ ရက်နေ့မှာ ၂၇ ဦးပါ ဗဟိုကော်မတီအစည်းအဝေး ကျင်းပခဲ့ပါတယ်။ “နအဖအလိုကျ ပြည်သူ့စစ်တပ်ဖွဲ့ မလုပ်နိုင်ဘူး” လို့ ဆုံးဖြတ်ကြပါတယ်။ နအဖရဲ့ ဆက်လှမ်းလာနိုင်တဲ့ ခြေလှမ်းတွေကိုလည်း အမျိုးမျိုးတွက်ဆထားပြီး အဆိုးဆုံးအခြေအနေကို ရင်ဆိုင်သွားဖို့ ပြင်ဆင်တော့တာပါဘဲ။

ထို့အတူ မွန်ပြည်သစ်ပါတီဗဟိုအနေနဲ့ လက်အောက်ခံတပ်ဖွဲ့များ၊ အုပ်ချုပ်ရေးရုံးဌာန အသီးသီးတို့ုကိုလည်း အမြင့်ဆုံး တပ်လှန့်ထားလိုက်ပြီး မြို့ပေါ်ရုံးအားလုံးကို ချက်ချင်းဆိုသလို ပိတ်လိုက်ပါတယ်။ နအဖထိန်းချုပ်ရာ မြို့ပေါ်မှာ တာဝန်ကျနေတဲ့ ပါတီဝင်အားလုံးလိုလို ဗဟိုဌာနချုပ်ကို လှို့ဝှက်ပြန်လည်ရောက်ရှိလာကြပါတယ်။ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA ရဲဘော်ဟောင်းများနဲ့ အရန်တပ်ဖွဲ့တွေကိုလည်း သက်ဆိုင်တဲ့နယ်မြေမှာရှိတဲ့ တပ်ဖွဲ့တွေထံ ဆက်သွယ်ပြီး ရောက်ရှိလာသလို ပြည်ပရောက်မွန်အဖွဲ့အစည်းတွေကလည်း အစည်းအဝေးတွေ ဆက်တိုက်ဆိုသလိုပါ။ ပြန့်ကြဲနေတဲ့ မွန်အင်အားစုတွေ ပြန်လည်စုဖွဲ့ဖို့ ဒုဗိုလ်ချုပ်ကြီးရဲမြင့် စစ်ထွက်ခရာသံ ပေးလိုက်သလို ဖြစ်သွားခဲ့ပါတယ်။

နအဖသတ်မှတ်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ အသွင်ပြောင်းလဲရေးကို ယခုကာလ လက်ရှိမြန်မာ့နိုင်ငံရေး အနေအထားအရ လုံးဝလက်မခံနိုင်ကြောင်း မွန်ပြည်သစ်ပါတီဗဟိုကနေ ဧပြီလ ၂၂ ရက်နေ့မှာ လူလွှတ်ပြီး ရတခတိုင်းမှူးထံ စာတစ်စောင် ပြန်ကြားခဲ့တယ်လို့ မွန်ပြည်သစ်ပြောရေးဆိုခွင့်ရှိသူက သတင်းဌာနတွေကို ပြောပြခဲ့တာ မှတ်မိကြဦးမှာပါ။ ရတခတိုင်းမှူးကလည်း မွန်ပြည်သစ်ပါတီရဲ့ အဲဒီဆုံးဖြတ်ချက်ကို လက်ခံရရှိတာနဲ့ ချက်ချင်းဆိုသလို မွန်ပြည်သစ်ပါတီကို စာတစ်စောင် ပြန်လည်ရေးသားပေးပို့ခဲ့တာကို သိခဲ့ရပေမယ့် စာပါအကြောင်းအရာအသေးစိတ်ကိုတော့ သိခွင့်မရခဲ့ပါဘူး။

သို့သော်လည်း ဧပြီလ ၂၂ နောက်ပိုင်းရက်တွေမှာ ရတခတိုင်းမှူးအနေနဲ့ မွန်ပြည်သစ်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ လူကိုယ်တိုင် သို့မဟုတ် ဖုန်းဆက်စကားပြောချင်တယ်လို့ ဆိုလာပါတယ်။ ဒါပေမယ့် အပ်ကြောင်းထပ်နေတဲ့ နယ်ခြားစောင့်၊ ပြည်သူ့စစ်တပ်ဖွဲ့ မပြောင်းလဲနိုင်တဲ့ကိစ္စရပ်တွေကို မွန်ပြည်သစ်ပါတီ စျေးအဆစ်မခံနိုင်ဟန်တူပါရဲ့၊ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးတစ်လေမှ ရတခတိုင်းမှူးကို သွားရောက်မတွေ့ဆုံခဲ့သလို ဖုန်းနဲ့လည်း စကားမပြောဘူးလို့ ဆိုပါတယ်။ နှစ်ဖက်အကြား ကြားခံလူတွေကတဆင့် စာပေးစာယူတွေတော့ ဆက်လက်လုပ်ဆောင်နေပါတယ်။

လေ့လာဆန်းစစ်ချက်တွေအရ မွန်ပြည်သစ်ပါတီရုံးတွေ ပြန်ဖွင့်ပြီး အရင်အတိုင်း ပြေပြေလည်လည်နဲ့ ဆက်ပြီးနေထိုင်သွားဖို့ ရတခတိုင်းမှူးဗိုလ်ချုပ်သက်နိုင်ဝင်း တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ဗိုလ်ချုပ်သက်နိုင်ဝင်း အပြောကို ကာလအတိုင်းအတာတစ်ခုအရ ယုံကြည်ရသော်ငြား နေပြည်တော်ကိုတော့ မွန်ပြည်သစ်ပါတီအနေနဲ့ လုံးဝစိတ်မချဝန့်ပါဘူး။ အကယ်၍သာ နောက်တိုင်းမှူးအသစ် ရောက်လာခဲ့ရင် ဘယ်လိုစခန်းသွားကြရမှာပါလိမ့်၊ ရှေ့လူကတိစကား နောက်လူဖျက်တတ်တဲ့ နအဖသဘာဝကို မွန်ပြည်သစ်အနေနဲ့ လျှော့မတွက်ထားကြပါဘူး။

ဧပြီလ ၂၅ ရက်နေ့မှာ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်တွေ အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ကြပြီး မေလဒုတိယအပတ်မှာလည်း ထိပ်ပိုင်းခေါင်းဆောင်တွေ အစည်းအဝေးတစ်ခု ထပ်မံပြုလုပ်ခဲ့တာကိုလည်း ကြားသိခဲ့ရပါတယ်။

ချုပ်ပြီးပြောရမယ်ဆိုရင် မွန်ပြည်သစ်ပါတီအနေနဲ့ နောင်တက်လာမယ့် အစိုးရနဲ့ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ်ရင်လည်း ခုလက်ရှိစစ်အစိုးရနဲ့ပဲ ဖြစ်ဖြစ် နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းပေးနိုင်မှသာ မွန်အမျိုးသားတပ်မတော် တပ်အသွင်ပြောင်းလဲရေးကို ပြုလုပ်နိုင်မယ်လို့လည်း ပြောဆိုသံတွေ ရှိနေပါတယ်။

အပစ်မရပ်သေးကာလ ၁၉၉၅ ခုမတိုင်မီ နဝတ (နအဖ) နဲ့ မွန်ပြည်သစ်ပါတီ အပစ်ရပ်ဆွေးနွေးပွဲတွေမှာ နှစ်ဖက်တပ်ဖွဲ့တွေအကြား အပစ်အခတ်အတိုက်အခိုက် ရပ်စဲဖို့အတွက်သာ ဖြစ်တယ်လို့ ယခင်နဝတကိုယ်စားလှယ်တွေက တဖွဖွပြောဆိုခဲ့တာပါ။ မိမိလက်နက်မိမိကိုင်ထား၊ လက်နက်ချခိုင်းတာ မဟုတ်၊ နိုင်ငံရေးအရ ဆွေးနွေးချင်ရင် မကြာမီနောင်တက်လာမယ့် ဒီမိုကရေစီအစိုးရနဲ့ ဆက်လက်ဆွေးနွေးပြောဆိုပါ။ လက်ရှိသူတို့ စစ်အစိုးရဟာ တရားဝင်အစိုးရမဟုတ်တဲ့အတွက် သူတို့ဆုံးဖြတ်ချက်တွေ တရားမဝင် ဖြစ်သွားနိုင်တာမို့ တပ်မတော်အနေနဲ့ ကတိစကားမတည်ဘူးဆိုတဲ့ အပြောအဆိုမျိုး အဖြစ်မခံလိုဘူးလို့လည်း အဲဒီကာလ ဆွေးနွေးပွဲမှတ်တမ်းဒိုင်ယာရီတွေထဲမှာ မှတ်သားခဲ့ရပါတယ်။

တနည်းပြောရရင် ဖွဲ့စည်းပုံအရ မွန်ပြည်သစ်ပါတီမှာ ဗဟိုကော်မတီ (၂၇) ဦးရှိပြီး အရန်(၅) ဦး ရှိပါတယ်။ အခုတော့ အနားယူလိုက်ကြတဲ့ ဗဟိုကော်မတီဝင်တွေကြောင့် အရန်(၅) ဦးဟာလည်း အဆုံးအဖြတ်ပေးနိုင်တဲ့ (၂၇) ဦးထဲကို အလိုလိုရောက်ရှိသွားပါပြီ။ ပြီးခဲ့တဲ့ သတ္တမအကြိမ်ညီလာခံ (၂၀၀၉) က “နအဖရဲ့ နယ်ခြားစောင့်တပ်ကိစ္စကို လုံးဝလက်မခံဘူး” လို့ ဆုံးဖြတ်ချက်ချထားခဲ့တာမို့ ဒီလိုတပ်အသွင်ပြောင်းလဲရေး ကိစ္စရပ်တွေကို ဒီဗဟိုကော်မတီ ၂၇ ဦးက တရားဝင်အဆုံးအဖြတ်ပေးပိုင်ခွင့် မရှိပါဘူး။ အဲဒီညီလာခံကလည်း လက်ရှိမွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တွေကို တပ်အသွင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး အာဏာမအပ်နှင်းခဲ့ပါဘူး။ တကယ်လို့ နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရေးကို မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီတွေလက်ခံသည် ဆိုစေဦးတော့။ မွန်ပြည်သစ်ပါတီအရေးပေါ်ညီလာခံခေါ်ယူပြီး ဆုံးဖြတ်ချက် ချနိုင်မှသာ ဖြစ်နိုင်မယ့်ကိစ္စရပ်တွေပါ။

အကယ်၍ ပါတီညီလာခံရဲ့ အဆုံးအဖြတ်မယူဘဲ ထိပ်ပိုင်းခေါင်းဆောင်တွေ သဘောဆန္ဒနဲ့သာ နယ်ခြားစောင့်ကိစ္စကို လက်ခံခဲ့မယ်ဆိုရင် မွန်ပြည်သစ်ပါတီဟာ အစိတ်အစိတ်အမွှာမွှာ ကွဲအက်သွားနိုင်ပါတယ်လို့ အကဲခတ်ရပါတယ်။ အဲဒီလိုသာ ဖြစ်သွားမယ်ဆိုရင် မွန်ဒေသအနှံ့အပြားမှာ မရေမတွက်နိုင်တဲ့ မွန်လက်နက်ကိုင်အုပ်စုငယ်တွေ၊ တမျိုးဆိုရလျှင် စံနစ်တကျ အမိန့်ပေးလို့မရတော့တဲ့ လက်နက်ကိုင် အုပ်စုကွဲတွေ အလျှိုလျှိုပေါ်ပေါက်လာနိုင်ပြီး ယခင်တစ်ဗိုလ်တစ်မင်းခေတ်တွေကို ပြန်ရောက်သွားစေနိုင်တယ်လို့ ရှုမြင်အကဲခတ်ကြပါတယ်။

အတိတ်သမိုးတွေလည်းရှိခဲ့ပါတယ်။ ယခင်မွန်နိုင်ငံရေးသမိုင်းသင်ခန်းစာတွေအရ ၁၉၅၈ ခုနှစ် မွန်ပြည်သူ့တပ်ဦးက ဦးနုအစိုးရထံ လက်နက်နဲ့ ဒီမိုကရေစီ အပ်နှံခဲ့တဲ့ကိစ္စမှာ ဥက္ကဌနိုင်အောင်ထွန်းက ဗဟိုကော်မတီတွေရဲ့ အဆုံးအဖြတ်မယူခဲ့ဘူးဆိုပြီး နောက်ပိုင်းမှာ သူ့ငါလက်ညှိုးထိုး လုပ်ခဲ့ကြတယ်။ အဲဒီမွန်ပြည်သူ့တပ်ဦး အဆုံးအဖြတ်ပေးခဲ့စဉ်ကာလမှာ ဗဟိုကော်မတီဝင်တွေဖြစ်ကြတဲ့ နိုင်ရွှေကျင် (နောင်တွင်မွန်ပြည်သစ်ပါတီဥက္ကဌကြီး ဖြစ်လာသူ) က ဗကပဌာနချုပ် ရောက်ရှိနေပြီး နိုင်ထွန်းသိန်း (ယခု-မွန်အမျိုးသားဒီမိုကရေစီဥက္ကဌ ဖြစ်လာသူ) က ဘန်ကောက်မှာ ကျန်ရစ်နေခဲ့ပါတယ်။ မွန်ပြည်သူ့တပ်ဦး အဲဒီလိုလက်နက်နဲ့ ဒီမိုကရေစီ လဲလှယ်တာကို နိုင်ရွှေကျင် လုံးဝလက်မခံနိုင် ဖြစ်ခဲ့လို့ လက်ကျန်ရဲဘော်ဟောင်းတွေ ပြန်စုပြီး မွန်ပြည်သစ်ပါတီကို ဖွဲ့စည်းနိုင်ခဲ့ပြီး မွန်တော်လှန်ရေးခရီး ဆက်လက်ချီတက်လာရတာပါ။

မွန်ပြည်သူ့တပ်ဦးခေါင်းဆောင်တွေလည်း ၁၉၆၀ ရွေးကောက်ပွဲ ဝင်ပြိုင်ကြပြီး လွှတ်တော်နှစ်ရပ်လုံးမှာ အမတ် (၄) နေရာ ရရှိခဲ့ပါတယ်။ အဲဒီနောက် ၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းအာဏာရပြီး မွန်ပြည်သူ့တပ်ဦးခေါင်းဆောင် (၁၀) ဦးထက်မနည်း ထောင်ဒဏ်နှစ်ရှည် ကျခံလိုက်ရသလို မွန်ပြည်သူ့တပ်ဦးလည်း အဖျက်သိမ်းခံလိုက်ရပါတယ်။ ဒီသမိုင်းကြောင်းတွေကြောင့် နိုင်ငံရေးအရရော အမျိုးသားရေးအရပါ ဗမာအစိုးရတွေအဆက်ဆက်နဲ့ ဆက်ဆံရာမှာ မွန်ပြည်သူ့တပ်ဦးလိုအဖြစ်မျိုး နောင်ထပ်မံ မကြုံတွေ့မိစေဖို့ မွန်နိုင်ငံရေးသမားတိုင်း အမြဲမပြတ် သတိထားစရာ သမိုင်းကြောင်းတွေ ဖြစ်ခဲ့ရပါတယ်။

လက်ရှိအနေအထားမှာလည်း မွန်ပြည်သစ်ပါတီအတွင်း အက်ကြောင်းအရာ မတွေ့ရှိရပါဘူးလို့ ဆိုနိုင်ပါတယ်။ ဒီလိုအက်ကြောင်းအရာတွေ မဖြစ်ပေါ်စေဖို့ အဖြစ်မခံနိုင်တဲ့ သမိုင်းသင်ခန်းစာတွေလည်း ရှိခဲ့ပြီးပါပြီ။ ၁၉၈၀-၈၇ နိုင်ရွှေကျင်မွန်ပြည်သစ်ပါတီနဲ့ နိုင်နွန်လာ (နိုင်ဆိတ်နို့) မွန်ပြည်သစ်ပါတီ နှစ်ခြမ်းကွဲခဲ့စဉ်က မွန်သံဃာတော်တွေ၊ ကျောင်းသားလူငယ်တွေနဲ့ လူထုတွေအကြား ကြီးမားတဲ့အကွဲအပြဲတွေ ဖြစ်ခဲ့ကြပြီး တဖက်နဲ့တဖက် သတ်ဖြတ်မှုတွေကြောင့် မှတ်သားစရာ ကြေကွဲခဲ့ရမှုတွေနဲ့ အတောမသတ်နိုင်တဲ့ ဂိုဏ်းဂဏစုဖွဲ့မှုတွေ ခုထက်တိုင် မငြိမ်းသတ်နိုင်သေးဘူးလို့လည်း ပြောဆိုစရာသာဓကတွေ သက်သေကျန်ရှိနေသေးပါတယ်။

နအဖအလိုကျ နိုင်ငံရေးဗေဒင်ဆရာတွေက ဗိုလ်ချုပ်ရဲမြင့် နောက်ဆုံးရာဇသံပေးလိုက်မယ်ဆိုရင် မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင် ၉ ဦးအနက် ၅ ဦးနဲ့ ၄ ဦးဆိုပြီး ပါတီနှစ်ခြမ်းကွဲသွားလိမ့်မယ်လို့ ယူဆသံတွေ ကြိုတင်ထွက်ပေါ်လာခဲ့ပါတယ်။ လက်တွေ့မှာ တကယ်အရင်းစစ်လိုက်တော့ ပါတီထိပ်ပိုင်းခေါင်းဆောင် ၉ ဦးအနက် တွဲဖက်အထွေထွေအတွင်းရေးမှူးတစ်ဦးသာ ပါတီက နှုတ်ထွက်ခဲ့တာပါ။ တစ်စင်ထောင်တာလည်း မတွေ့မိသေးပါဘူး။ ဒီလိုအရေးကြီးကာလ အပြောင်းအလဲတွေတိုင်းမှာ ငြုပ်ဆုံထဲထောင်းနေတဲ့ ငြုပ်သီးတစ်ဖတ် လွင့်သွားသလို ဆုံးရှုံးမှုအနည်းငယ်တော့ ဖြစ်တတ်ရှိတတ်ကြစမြဲပါ။

မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် ၂၇ ဦးအနက် ပြီးခဲ့တဲ့ဧပြီလ ၂၁ ရက် ဗဟိုကော်မတီအစည်းအဝေးမှာ အများစုရဲ့ ဆုံးဖြတ်ချက်ကို ဘဝင်မကျသူ ခုနကတွဲဖက်အထွေထွေအတွင်းရေးမှူးအပါအဝင် ဗဟိုကော်မတီ သုံးဦး နှုတ်ထွက်ခဲ့ပါပြီ။ ထူးခြားချက်တစ်ခုက အဲဒီအနားယူလိုက်တဲ့သူတွေထဲမှာ နိုင်ချမ်းတွဲ့နဲ့ နိုင်တင်လှတို့ဟာ နအဖရဲ့ အမျိုးသားညီလာခံကို တက်ရောက်ခဲ့ဘူးသူတွေဖြစ်သလို အလားတူ ယခင်အနားယူသွားကြတဲ့ ဗိုလ်ချုပ်အောင်နိုင်၊ ဗိုလ်မှူးကြီးလဝီအောင်(နိုင်မြင့်ဆွေ) တို့ကလည်း အဲဒီအမျိုးသားညီလာခံကို မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်တွေအဖြစ် တက်ရောက်ခဲ့ကြသူတွေပါဘဲ။ ဒီနေရာမှာ တိုက်ဆိုင်မှုတွေလို့ပဲ ဆိုရလေမလားဆိုတဲ့ စဉ်းစားစရာအချက်တစ်ခု ဖြစ်မိပါတယ်။

ဒီလိုအနားယူလိုက်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးထွက်ပေါက်ကို အခြားနည်းလမ်းတမျိုးမျိုးနဲ့ အဖြေရှာချင်သူတွေလို့ ယူဆနိုင်ဖွယ်သာဓကတွေ ရှိခဲ့ပါတယ်။ ဘယ်သူတွေမှန်တယ် မှားတယ်ဆိုတာ သမိုင်းကပဲ ဆုံးဖြတ်ပါလိမ့်မယ်။ ပါတီက နှုတ်ထွက်ခဲ့ကြပေမယ့် ထိပ်တိုက်ရင်ဆိုင်နိုင်တဲ့ ပဋိပက္ခအဖွဲ့အစည်းတွေမျိုး ဖွဲ့စည်းတာ မရှိခဲ့ပါဘူး။ ဗိုလ်ချုပ်အောင်နိုင်ကလည်း သူအဖွဲ့အစည်းအနေနဲ့ မွန်ပြည်သစ်ဧရိယာမှာ ဝင်ရောက်မစွက်ဖက်ဘူးလို့ နှုတ်ကတိပေးခဲ့တာ ကြားသိခဲ့ရပါတယ်။ ဒီပုဂ္ဂိုလ်တွေအားလုံးကလည်း တစ်ယောက်နဲ့တစ်ယောက် အကြောင်းသိတွေမို့ ပဋိပက္ခလမ်းစဉ်ကို ရွေးချယ်ကြမှာမဟုတ်ဘူးလို့ ရှုမြင်မိပါတယ်။

အခုလိုမွန်တိုင်းရင်းသားတွေအတွင်း အချင်းချင်းပဋိပက္ခဖြစ်မှုကို ရှောင်ရှားနိုင်ကြတာဟာ (MAU) လို့ခေါ်တဲ့ မွန်အမျိုးသားရေးရာအဖွဲ့ချုပ်က လမ်းညွှန်ပေးမှုကြောင့် ဖြစ်တယ်လို့ မွန်နိုင်ငံရေးသမားအချို့ထံက ပြောဆိုသံတွေ ထွက်ပေါ်လာပါတယ်။ တကယ်ဆိုရင်လည်း ဟုတ်ချင်သလိုလိုပါ။ ဒီ MAU အဖွဲ့ဟာ မွန်သံဃာအဖွဲ့အစည်းများနဲ့ ပြည်တွင်းစာပေယဉ်ကျေးမှုအဖွဲ့ (ဥပမာ-ဇာတ်သဘင်၊ ဂီတ) မှအစ လက်နက်ကိုင်ဆောင်တဲ့ မွန်နိုင်ငံရေးအဖွဲ့တွေအဆုံး ထိုင်းမွန်တွေအပါအဝင် ပြည်ပအဝေးရောက် မွန်အဖွဲ့အစည်းအားလုံးနဲ့လည်း အကျုံးဝင်နေပါတယ်။

ဒါကြောင့်ဘဲ မွန်ပြည်သစ်ပါတီ၊ မွန်အမျိုးသားဒီမိုကရေစီပါတီ၊ ပြည်ပအဝေးရောက်မွန်တွေ ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံဖို့ ပြောဆိုနေကြပေမယ့် ဒီရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကိုတော့ မကန့်ကွက်ကြပါဘူး။ မဖြစ်မနေ မဲထည့်ရမယ်ဆိုရင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကိုပဲ မဲပေးကြဖို့ ဆော်သြသွားမယ်လို့ မြင်ယောင်မိပါတယ်။

ယခုဆိုရင် ဧပြီလ ၂၂ နောက်ပိုင်း ပိတ်ခဲ့တဲ့ မွန်ပြည်သစ်ပါတီ ပြည်တွင်းမြို့ပေါ်ရုံးတွေ ဒီမေလဆန်းပိုင်းမှာ မသိမသာ ပြန်ဖွင့်လာပြန်တယ်။ ရုံးတာဝန်ခံတွေ မရှိပေမယ့် ဆက်ဆံရေးကိစ္စတွေ မပြတ်တောက်သွားပါဘူး။ နယ်စပ်ကို ထွက်ပြေးလာခဲ့ကြတဲ့ စစ်ပြေးတိမ်းရှောင်သူ ခြောက်ရာနီးပါးခန့်ဟာလည်း ဌာနေပြန်သွားကြတာ ခုချိန်ခါမှာ နယ်စပ်မှာ လူဦးရေတစ်ရာလောက်ပဲ ကျန်ပါတော့တယ်။ ရှေ့တန်းခံတပ်တစ်ခုလိုဖြစ်နေတဲ့ မွန်ပညာရေးဗဟိုဌာနချုပ်ကိုလည်း ပစ္စည်းတွေပြောင်းရွေ့ထားရာကနေ ခုဆိုရင် စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့၊ အရင်လိုပြန်ပြီးနေထိုင်ဖို့ ပြင်ဆင်နေပါပြီ။ အဲဒီအပြင် မွန်ပြည်သစ်ပါတီအတွက် ရိက္ခာသယ်ဆောင်တဲ့ မော်တော်ကားတွေကလည်း စစ်အစိုးရထိန်းချုပ်ရာ ရေးမြို့ပေါ်ကနေ ဆန်ရိက္ခာတွေပြန်ပြီး သယ်ဆောင်နေတာ တွေ့ရှိရတဲ့အတွက် စစ်အစိုးရနဲ့ မွန်ပြည်သစ်ပါတီအကြား ဆက်ဆံရေးအပိုင်းတွေက တင်းမာရာကနေ အရှိန်လျှော့ကျလာတဲ့ အရိပ်အယောင်တွေလို့ ယူဆနိုင်ဖွယ်ရှိပါတယ်။ တကယ်ဆိုတော့ အဲဒီလိုလွယ်လွယ်နဲ့ လျှော့မတွက်မိဖို့ သတိပေးပါရစေ။

နအဖဟာ အများလက်ခံတာမခံတာ အပထား၊ သူ့ Road Map အတိုင်း မဖြစ်ဖြစ်တဲ့နည်းနဲ့ သွားနေတာပါဘဲ။ ဘယ်သူမှ လက်မခံတဲ့ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံကို အတင်းအတည်ပြုခဲ့တာ အားလုံးအသိ။ အတိုက်အခံတွေ မပါဝင်နိုင်အောင်၂၀၁၀ ရွေးကောက်ပွဲဥပဒေတွေ အတင်းထုတ်၊ အပစ်ရပ်ငြိမ်းချမ်းရေး ကတိစကားတွေ မသိကျိုးကျွံပြုပြီး ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ် အတင်းပြောင်းလဲဖွဲ့စည်းခိုင်းနေတာတွေဟာ တိုင်းပြည်အတွက် နစ်နာပြီး အလွန်အန္တရာယ်များလှပါတယ်။ မွန်ပြည်သစ်ပါတီအနေကလည်း ၁၅ နှစ်ကြာ နအဖချွေးသိပ်ကြောသပ်ပြီး ငြိမ်နေခဲ့ရတဲ့ အနေအထားကို ပိုပြီးသဘောပေါက်လာကာ ကိုယ့်ပါတီအနေနဲ့ လုပ်စရာရှိတာ ဆက်လုပ်ရမယ်ဆိုတဲ့အမြင် ရှိလာပုံပေါ်လာပါတယ်။

ဒါကြောင့် သတိထားစရာအချက်တစ်ခု ဒီလပိုင်းတွေအတွင်းမှာပဲ သတင်းဌာနအချို့က ထူးခြားတဲ့သတင်းတစ်ရပ်အဖြစ် ဖေါ်ပြလာတာ သတိပြုမိပါလိမ့်မယ်။ ဘီဘီစီသတင်းဌာန မေလ ၂၆ ရက်ညပိုင်းသတင်းမှာတော့ “တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေအကြား တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ မေလ ၂၁ ကနေ ၄ ရက်ကြာဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ပါဝင်တဲ့ အဖွဲ့အစည်းတွေအကြားမှာ အထူးလျှို့ဝှက်ထားကြပေမယ့် နောက်ဆုံးရလဒ်အဖြစ် ထွက်ပေါ်လာတဲ့ နိုင်ငံရေးသဘောတူညီချက် မူကြမ်းတစောင်ကို ဘီဘီစီက ရရှိထားတယ်လို့ ဆိုပါတယ်။

အင်္ဂလိပ်လို ရေးထားတဲ့ လေးမျက်နှာပါ သဘောတူညီချက်ရဲ့ အနှစ်သာရကတော့ ပင်လုံစိတ်ဓါတ်ကို အခြေခံပြီး ပြည်ထောင်စုကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ဖို့၊ တိုင်းရင်းသားတွေ တန်းတူညီမျှတဲ့ အခွင့်အရေးရဖို့၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိဖို့၊ လူမျိုး အမျိုးသားရေးလက္ခဏာ ဘာသာစကား ယဉ်ကျေးမှု စတာတွေကို ထိန်းသိမ်းကာကွယ်နိုင်ဖို့၊ အများအကျိုးအတွက် ခွဲဝေသုံးစွဲနိုင်ပေမယ့် ကိုယ့်ဒေသက သယံဇာတကို ကိုယ်ပိုင်ဆိုင်ဖို့၊ ကိုယ်ကြိုက်တဲ့အစိုးရကို ကိုယ်ရွေးချယ်နိုင်ဖို့ စတဲ့အချက်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်အစိုးရနဲ့ အပစ်ရပ်စဲထားတဲ့ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO, မွန်ပြည်သစ်ပါတီ NMSP နဲ့ အပစ်မရပ်သေးတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU, ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP, ချင်းအမျိုးသားတပ်ဦး CNF တို့ သဘောတူညီချက်လို့ ပြောကြပါတယ်။ ဒီမတိုင်ခင် တရုပ်ပြည်၊ ကူမင်းမြို့မှာလည်း UWSA “ဝ တပ်ဖွဲ့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အုပ်စု ၈ ဖွဲ့ တွေ့ဆုံခဲ့ကြတယ်လို့ သတင်းဖေါ်ပြတာ ရှိခဲ့ပါတယ်။ ဒီသတင်းဖြစ်ရပ်အပေါ် မှန်ကန်မှု ရာခိုင်နှုန်းမည်မျှရှိနေသည်ကို ကာယကံရှင်များကသာ အသိဆုံးပါ။

ဒီလိုကိစ္စတွေကလည်း ထိပ်တန်းလျှို့ဝှက်ချက်ဆိုပြီး ကိုယ့်ဟာကို ပြောနေပေမယ့် လယ်ပြင်မှာဆင်သွားနေသလို ဖြစ်နေပါတယ်။ မီဒီယာသမားတွေကို လျော့တွက်မိတာလည်း ဖြစ်နိုင်သလို ဒီသတင်းပေါက်ကြားအောင် ဖွပေးတဲ့ ကြားအုပ်စုတွေကိုလည်း သက်ဆိုင်သူတွေကို သတိပြုစေချင်တယ်။

ရတခတိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းက မွန်ပြည်သစ်ပါတီနဲ့ ရတခဆွေးနွေးချက် ဖိုင်တွဲအားလုံးကို ပိုက်ပြီး နေပြည်တော်မှာ လေးလပတ်အစည်းအဝေးထိုင်ခဲ့တယ်လို့ သိရပါတယ်။ အဖြေတစ်ရပ်တော့ မလွဲမသွေ ထွက်ပေါ်လာနိုင်တယ်။ ရွေးကောက်ပွဲမကျင်းပမီ နယ်ခြားမစောင့်၊ ပြည်သူ့စစ်မဖွဲ့တဲ့ အဖွဲ့အစည်းတွေကို စစ်ရေးနဲ့ အပြတ်ရှင်းမလား။ ဒါမှမဟုတ် ဒီအတိုင်းဆက်ပြီး ငြိမ်သက်နေစေပြီး နောင်တက်လာမယ့် အစိုးရကိုပဲ ဒီအပစ်ရပ်ပြဿနာကိစ္စတွေကို ထိုးအပ်လေမလား။ ပြတ်သားမှု ဘာမှမရှိသေးတဲ့ကာလတစ်ခုလို ဖြစ်နေပါတယ်။

လာမယ့်ဇွန်လ ၂၉ ရက်နေ့ဟာ စစ်အစိုးရနဲ့ မွန်ပြည်သစ်ပါတီ အပစ်ရပ်စဲခဲ့တာ ၁၅ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ ယခင်ကာလတွေများ ဒီလိုနှစ်ပတ်လည်နေ့ဆိုရင် အခမ်းအနားတွေနဲ့ ဟိုတယ်တွေမှာ အကြီးအကျယ် လုပ်ခဲ့တာ မှတ်မိပါသေးတယ်။ သေချာတာက ဒီနှစ်မှာ ဒီလိုအခမ်းအနားကို မွန်ပြည်သစ်ပါတီအနေနဲ့ လုပ်ဖြစ်တော့မှာ မဟုတ်ပါဘူး။

ဒါကြောင့် နှစ်ဖက်အကြား လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ စစ်အစိုးရနဲ့ မွန်ပြည်သစ်ပါတီနှစ်ဖက်အကြား ရှေ့ကာလမှာ ပစ်ခတ်မှု မဖြစ်နိုင်ဘူးလို့ မယူဆစေလိုပါ။ မွန်ပြည်သစ်ပါတီအနေနဲ့ လက်နက်ကိုင် ပစ်ခတ်နိုင်တဲ့အနေအထား သို့မဟုတ် အဆိုးဆုံးအခြေအနေကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားပါတယ်လို့ ဆိုရပါမယ်။ မွန်ပြည်သစ်ပါတီက စစ်အစိုးရအပေါ်မှာ Massage to massage , Arm to arm လို ဆက်ဆံနေပါတယ်။ စာနဲ့ရေးလာရင် စာနဲ့ပြန်ရေးပြီး နအဖက အင်အားသုံး ဖြေရှင်းမယ်ဆိုရင်လည်း မတတ်နိုင်တဲ့အဆုံး လက်နက်နဲ့ ရင်ဆိုင်ကာကွယ်သွားဖို့ အသင့်ပြင်ထားပါပြီ။ ၁၅ နှစ်သက်တမ်းကာလ အပစ်ရပ်စဲမှုသက်တမ်းမှာ အတင်းမာဆုံးအခြေအနေလို့ ဆိုရပါမယ်။

မွန်ပြည်သစ်ပါတီကတော့ အရင်ကလို မြို့ပေါ်ရုံးတွေမှာ လူအင်အားအများအပြား ဆက်လက်ပြီးထားရှိတော့မှာ မဟုတ်ပါဘူး။ ရုံတွေအနေနဲ့လည်း နအဖဆီက ဘာအထောက်အပံ့ တစ်ပြားတစ်ချပ်မှ မရခဲ့တာ ကြာခဲ့ပါပြီ။ ကိုယ်ခြေထောက်ပေါ် ရပ်ခဲ့ရတာပါ။ မိမိပါတီတွင်း နအဖရဲ့ သပ်လျှိုဖြိုခွဲလာမှုကို အဖြစ်မခံလိုတဲ့အတွက် ယခုလက်ရှိအနေအထားအတိုင်းပဲ မွန်ပြည်သစ်ဖက်က ဆက်ပြီးနေသွားနိုင်မယ့်သဘောကို တွေ့နေရပါတယ်။ နအဖဖက်ကတော့ ယခုလေးလပတ် တပ်မှူးကြီးများအစည်းအဝေးလည်း ပြီးဆုံးခဲ့ပါပြီ။ ဆက်လက်ပြီး အပစ်ရပ်မရပ်၊ တိုက်ခိုက်မှုတွေ ဖြစ်မဖြစ်ကို တကယ်တမ်း အဆုံးအဖြတ်ပေးရမယ့်သူက လက်ရှိနအဖစစ်အစိုးရသာ ဖြစ်နေတာမို့ သတိကြီးစွာနဲ့ ဆက်လက်စောင့်ကြည့်နေရဦးမှာသာ ဖြစ်နေပါကြောင်း။

ကိုးကားချက်များ

၁။ မွန်နိုင်ငံရေးဖြစ်စဉ်သမိုင်း

၂။ မွန်ပြည်သစ်ပါတီဂျာနယ်များ

၃။ အပစ်အခတ်ရပ်စဲမှုဆွေးနွေးပွဲ ကိုယ်ပိုင်မှတ်စုများ

About မွန်သတင်းအေဂျင်စီ

Check Also

NCA ကို ပြန်လည်သုံးသပ်ဖို့လိုပြီ

တိုင်းရင်းသားလက်နက်ကိုင်များအနေနှင့် ကနဦးကာလ၌ လက်နက်စွန့်ရန်မလိုဘဲ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် Nationwide Ceasefire Agreement- NCA ချုပ်ဆိုခြင်းနှင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲရလဒ်များကို အခြေခံပြီး လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်များ အဆင့်ဆင့်ပြုလုပ်သွားခြင်းဖြင့် …

One comment

  1. I’m very very proud of your work and and very good article. keep doing as you’re doing, you can go so far for our Mons.

    Then best,
    Ponya

%d bloggers like this: