spot_img
Friday, March 29, 2024
More
    spot_img
    Homeဆောင်းပါးစစ်ရိပ် စစ်ငွေ့ကြားမှ အိမ်ပြန်ချင်သူများ

    စစ်ရိပ် စစ်ငွေ့ကြားမှ အိမ်ပြန်ချင်သူများ

    -

    မိကျလွန်းထော :

    “ကျွန်မတို့ ဘယ်နေ့ ပြန်ရမှာလဲ၊ အခြေအနေ ကောင်းလာပြီလား” လို့ မေးခွန်းမေးတဲ့သူတွေရဲ့ အသံတွေကတော့ စစ်ဖြစ်မှာကို စိုးရိမ်ကြောက်လန့်တဲ့ ဒုက္ခသည်စခန်းက အမျိုးသမီးများနဲ့ ခလေးငယ်တွေရဲ့ အားကိုးတကြီးနဲ့ မေးမြန်းလာတဲ့ အသံတွေပဲ ဖြစ်ပါတယ်။

    “သေရမှာကြောက်လို့ အခုလို ပြေးလာတာ၊ တကယ်လို့ ရွာမှာပဲ ဒီအတိုင်းနေနေမယ်ဆိုရင် စစ်အစိုးရတပ်တွေက ကျမတို့ကို လာပြီး ဒုက္ခပေးမယ်၊ ကျမတို့ကို ညှင်းဆဲဦးမယ်၊ ကိုယ့်လူမျိုးက အဲဒီမှာ မရှိတော့ဘူးဆိုရင် သူတို့ လာဒုက္ခပေးမှာပဲ၊ ဒါကြောင့် ဒီနေရာကို တိမ်းရှောင်လာတာပါ” ဟု သပြုချောင်းကျေးရွာမှ မိစန်းရီက ပြောသည်။

    မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရကြား စစ်ရေးပဋိပက္ခများ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည့် သတင်းကြောင့် မွန်ပြည်နယ် ရေးချောင်းဖျားဒေသရှိ ပါတီနယ်မြေအတွင်း နေထိုင်ကြသည့် အမျိုးသမီးများနှင့် ခလေးသူငယ် အမြောက်အမြား ထိုင်း-မြန်မာနယ်စပ် ခလောက်ခနီဟု အမည်တွင်သည့် ဒုက္ခသည်စခန်းသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသည်။

    မြန်မာစစ်အစိုးရက နယ်ခြားစောင့်တပ် သို့မဟုတ် ပြည်သူ့စစ်တပ်ဖွဲ့ ဖွဲ့စည်းရန် ဧပြီလ ၇ ရက်နေ့တွင် မွန်ပြည်သစ်ပါတီနှင့် တွေ့ဆုံစဉ် အတင်းအကျပ် ဖိအားပေးခဲ့ပြီး ဖြစ်သည်။ ကမ်းလှမ်းချက်အတိုင်း လက်မခံပါက အပစ်အခတ်ရပ်စဲရေး မတိုင်မီကာလသို့ ပြန်လည်ရောက်ရှိ သွားလိမ့်မည်ဟုလည်း စစ်အစိုးရက လေသံပစ်ထားခဲ့သည်။ သို့သော်လည်း မွန်ပြည်သစ်ပါတီက စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို လုံးဝလက်မခံကြောင်း ဧပြီလ ၂၂ ရက်နေ့တွင် အပြီးတိုင် ငြင်းဆန်ခဲ့ပြီးနောက် ပါတီနယ်မြေအတွင်းရှိ သပြုချောင်းရွာ၊ ဖလန်ရွာ၊ ဟနီရွာနှင့် ချဲတိုက်ရွာများမှ ရွာသားအများအပြားက စိုးရိမ်ထိတ်လန့်ပြီး ယခုကဲ့သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ခြင်း ဖြစ်သည်။

    ယခုလက်ရှိ ခလောက်ခနီ်စခန်းတွင် တိမ်းရှောင်လာသည့် ဒုက္ခသည်ပေါင်း ၂၄၀ ဦး ရှိပြီး ၎င်းရွာအနီး ဖလဲ့ဒွန်းဖိုက်ရွာတွင်လည်း တိမ်းရှောင်လာသူ ၃၀၁ ဦး ရှိကြောင်း မွန်ကယ်ဆယ်ရေးအဖွဲ့မှ ကော်မတီဝင်တစ်ဦးဖြစ်သည့် မိဂိုးနွန်က ပြောသည်။

    ထွက်ပြေးတိမ်းရှောင်လာသူများတွင် အမျိုးသမီးဒုက္ခသည်ပေါင်း ၁၃၇ ဦး ရှိပြီး ခလေးငယ်ပေါင်း ၇၉ ဦးတို့ ပါဝင်သည်။ ဒုက္ခသည်များကို ခလောက်ခနီစခန်းနှင့် ဖလဲ့ဒွန်းဖိုက်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် ကယ်ဆယ်ရေးဝန်ထမ်းများက နေရာချထားပေးကြပါသည်။

    “အိမ်ခြံတွေကို စိတ်ပူတာထက် ခလေးတွေ ကျောင်းမနေရမှာ အရမ်းစိတ်ပူတယ်၊ အခြေအနေကောင်းရင် အမြန်ဆုံး ပြန်ချင်ပါတယ်” ဟု ဟနီရွာမှ သားသမီး ၅ ဦးနှင့်အတူ ရောက်ရှိလာသည့် မိခင်ကြီးဒေါ်ယဲ့ က သူ့မ၏ခံစားချက်ကို ပြောသည်။

    ဒုက္ခသည်အချို့မှာ စုပေါင်းချက်ပြုတ်စားသောက်ကြပြီး အချိူ့မှာ မိမိတို့ မိသားစုအလိုက် ချက်ပြုတ်စားသောက်ကြသည်။ မွန်ကယ်ဆယ်ရေးအဖွဲ့က ၎င်းတို့ကို တစ်ဦးလျှင် တစ်နေ့ ၂ ဗူးနှုန်းဖြင့် နေ့စဉ်ဝေငှပေးနေသည်။

    ကျန်းမာရေးအခြေအနေ မကောင်းသော်လည်း စစ်ဘေးအန္တရာယ် ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် နယ်စပ်ရှိ ဒုက္ခသည်စခန်းသို့ ရောက်ရှိလာသည့် အသက် ၆၄ နှစ်အရွယ် အဖွားချုံက နေရပ်တွင် ကျန်ခဲ့သည့် ယာခင်းများ ဆုံးရှုံးသွားရမည်ကို စိုးရိမ်သည်ထက် ကျောင်းနေအရွယ် ခလေးငယ်လေးများ၏ ဘဝရှေ့ရေးကို ပူပန်နေရကြောင်း ဝမ်းနည်းစွာဖြင့် ပြောရှာသည်။

    “ဘာမှမသိတဲ့ခလေးတွေ ကျောင်းမနေရမှာ အရမ်းစိုးရိမ်တယ်၊ အိမ်ပြန်ဖို့ကလည်း မဖြစ်နိုင်သေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ စစ်အစိုးရတွေက သူတို့ ဘာမှမလုပ်ပါဘူးလို့ လက်မှတ်ထိုးထားတာ မဟုတ်ဘူး၊ သူတို့ ပစ်လာရင် ကိုယ်ကပဲ ခံနေရဦးမယ်” ဟု သပြုချောင်းကျေးရွာမှ အဖွားချုံက ပြောပြပါသည်။

    သက်ကြီး စစ်ပြေးဒုက္ခသည်များမှာ မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတို့ ငြိမ်းချမ်းရေး မရယူခင်က စစ်ပြေးဘဝဖြင့် ရှင်သန်လာခဲ့ရသော်လည်း ငြိမ်းချမ်းရေးယူပြီး နောက်ပိုင်းတွင် ဥယျာဉ်ခြံလုပ်ငန်းဖြင့် အေးချမ်းစွာ နေထိုင်လာခဲ့ကြသည်။ သူတို့သည် ယခုတဖန် စစ်ပြေးဘဝသို့ ပြန်လည်ရောက်ရှိလာကြသည်။

    လတ်တလောတွင် ကယ်ဆယ်ရေးအဖွဲ့က ဒုက္ခသည်များ၏ ဝမ်းစာရေးကို ထောက်ပံ့ပေးထားသော်လည်း ရေရှည်အတွက် အခက်အခဲ ကြုံတွေ့မည်ကို ဒုက္ခသည်များက စိုးရိမ်နေကြသည်။

    စစ်ဖြစ်တော့မည်၊ ဒို့တတွေ လွတ်ရာကို ပြေးကြရတော့မည် စသည့် ပူပင်သောက မရှိပဲ မိခင်၏ ခေါ်ဆောင်ရာနောက်သို့ လိုက်ပါလာခဲ့ရသည့် ခလေးငယ်များမှာမူ နေကျဲကျဲပူနေသည့် ကျောင်းကွင်းပြင်၏ ရှေ့တွင် အပူအပင်ကင်းမဲ့စွာဖြင့် ပြေးလွှားဆော့ကစားနေကြသည်။ ကျောင်းနေအရွယ် ရောက်ပြီ ဖြစ်သည့်အတွက် သားသမီးများ ပညာမတတ်မည်ကို မိခင်များက စိုးရိမ်ပူပန်နေကြသော်လည်း သားသမီးများမှာမူ ခလေးသဘာဝ အုပ်စုဖွဲ့ပြီး ဘဝအသစ်အဆန်းလေးတွင် ပျော်ရွှင်နေကြသည့်အတွက် ပညာရေးအတွက် အပူအပင် ကင်းမဲ့နေကြသည်။

    “သားက ၃ တန်းအောင် ၄ တန်းတက်မယ်၊ သား ဒီမှာနေရတာ ပျော်တယ်၊ အိမ်တော့ပြန်ချင်ပါတယ်၊ အမေတို့ ပြန်ရင် သားလည်း လိုက်ပြန်မှာပါ” ဟု ပွင့်လင်းသည့် ခလေးငယ်လေးက ပြုံးရွှင်စွာဖြင့် ပြောသည်။

    စစ်ဘေးရန်ကို ရှောင်တိိမ်းလာသူ အမျိုးသမီးများထဲတွင် ကိုယ်ဝန်အရင့်အမာဖြင့် ရောက်ရှိလာသည့် အမျိုးသမီးများလည်း ပါဝင်ပြီး ၎င်းတို့တွင် အမျိုးသမီးတစ်ဦးမှာ အခက်အခဲအမျိုးမျိုးကြားမှ မိမိ၏ရင်သွေးငယ်လေးကို မေလ ၂ ရက်နေ့တွင် အောင်မြင်စွာ မွေးဖွားနိုင်ခဲ့သည်။

    “ကျွန်မအမျိုးသားက ရွာမှာကျန်ခဲ့တယ်၊ ဒုက္ခကြားက ခလေးမွေးရတာ အရမ်းကို စိတ်မကောင်း ဖြစ်ရမိတယ်” ဟု မိခင်က သမီးလေး၏ မျက်နှာကို ကြည့်ပြီး ပြောသည်။

    ရေအလုံအလောက် မရှိသည့်အတွက် ခလေး၏ ဝေယျာဝစ္စများကို လျှော်ဖွတ်ရန် အခက်အခဲ ဖြစ်နေရကြောင်း၊ ဒုက္ခပင်လယ် ကျင်လည်ရတာချင်း တူသော်လည်း မိမိက ပိုပြီးဒုက္ခခံစားရကြောင်း၊ ယခုကဲ့သို့ ထွက်ပြေးလာရသည့်အတွက် ရွာအတွင်း မွေးမြူထားသည့် အိမ်မွေးတိရိစ္ဆာန်များကိုလည်း စွန့်ပစ်ထားခဲ့ရကြောင်း အထက်ပါမီးတွင်းသမီးသည် မိခင်က ဝမ်းနည်းစွာ ပြောသည်။

    တိမ်းရှောင်လာသူများကို ကျေးရွာအဖွဲ့အစည်း၊ MSF (နယ်စည်းမခြားဆရာဝန်များအဖွဲ့)၊ TBBC (ထိုင်းမြန်မာနယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့) နှင့် အခြားကျေးရွာပြည်သူများက လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို လာရောက်ကူညီထောက်ပံ့ပေးကြသည်။

    “ဒီတစ်ပတ်အတွင်းမှာ နှစ်ရွာထဲက အိမ်ထောင်စု ၁၀ စုလောက် ပြန်သွားကြတယ်၊ အားလုံးက ပြန်ချင်ကြပါတယ်၊ စစ်ရေးအခြေအနေက အဆိုးရွားဆုံးတော့ ဖြစ်လာမှာ မဟုတ်ပါဘူး၊ အိမ်ပြန်ရမယ့် အခြေအနေ အများကြီး ရှိပါတယ်လို့ ကျမတို့အနေနဲ့ နှစ်သိမ့်ပေးနေရတာပါ၊ တစ်ခုရှိတာက ပြန်သွားပြီးမှ စစ်သံတွေ ကြားလာမယ်ဆိုရင် သူတို့အတွက် ပိုပြီးတော့ အန္တရာယ်များစေပါတယ်၊ ဒါကြောင့် ဒီမှာ ခဏလောက် သည်းခံပြီး နေခိုင်းထားတာပါ၊ တကယ်လို့ အချိန်ကြာကြာ နေရမယ်ဆိုရင်လည်း အစဉ်ပြေအောင် ထောက်ပံ့ပေးဖို့ ကျမတို့ စီစဉ်ထားပါတယ်” ဟု မိဂိုးနွန်က ပြောသည်။

    ရှောင်တိမ်းလာသူအများစုမှာ ခြံလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်း စသောလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းကြပြီး ရွာတွင်ထားရစ်ခဲ့ရသည့် မိမိတို့၏ ဝမ်းစာလုပ်ငန်းအတွက် စိုးရိမ်နေကြသည်။

    ဒုက္ခသည်အားလုံးမှာ မိမိနေရပ်မဟုတ်သည့်အတွက် ကျဉ်းကျပ်စွာ နေထိုင်ရခြင်း၊ အိမ်သာလုံလောက်မှု မရှိခြင်း၊ ရေလုံလောက်မှု မရှိခြင်းကြောင့် နေရပ်ကိုသာ တမ်းတနေကြသည်။

    မွန်ပြည်သစ်ပါတီ နယ်မြေတစ်ခုတည်းသာမဟုတ်ပဲ ကရင်ပြည်နယ်ဘက်တွင်လည်း ကရင်ရွာသား တစ်သောင်းခန့် ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်။

    တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) က စစ်အစိုးရအလိုကျ နယ်ခြားစောင့်တပ် အသွင်ပြောင်းခြင်းကို လက်ခံ မခံအပေါ်တွင် ခေါင်းဆောင်ပိုင်းအတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေပြီး နယ်ခြားစောင့်တပ် လက်ခံလာမည်ကို ရွာသားများ စိုးရိမ်သောကြောင့် ယခုကဲ့သို့ နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခြင်း ဖြစ်သည်ဟု KIC သတင်းက ဆိုသည်။

    ထို့နည်းတူ ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး တောင်ပိုင်း ဝ တပ်ဖွဲ့များအားလုံး တပ်ရုပ်ပြန်ရန် သို့မဟုတ် လက်နက်ချ ပြည်သူ့စစ်လုပ်ရန် သို့မဟုတ် နယ်ခြားစောင့်တပ် အသွင်ပြောင်းပြီး သျှမ်းပြည်တပ်မတော်အား ထိုးစစ်ဆင်တိုက်ခိုက်ရန် စစ်အစိုးရက ဖိအားပေးခဲ့သည်။ ထိုဖိအားပေးမှုကြောင့် တောင်ပိုင်း ဝ ပြည်သူလူထုများက နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားလာမည်ကို စိုးရိမ်ပြီး ထိုင်းနယ်စပ်ဘက်သို့ ထွက်ပြေးလာခဲ့ကြသည်ဟု သျှမ်းသံတော်ဆင့်သတင်းက ဆိုသည်။

    နိုင်ငံရေးအခြေအနေ မပြေလည်သည့်အလျှောက် အမျိုးသမီးများသာမက ခလေးငယ်လေးများကလည်း ခိုးကိုးရာမဲ့ ဒုက္ခအပေါင်းနှင့် ရင်ဆိုင်နေရကြရသည်။ ဒုက္ခသည်ခလေးများနှင့် လူကြီးများကလည်း လူစိမ်းများ မိမိတို့ ခေတ္တနားခိုသည့် ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းပေါ်သို့ တက်လာပါက စားစရာပေးမည့် သူလား၊ သတင်းထူးပြောမည့် သူလား စသဖြင့် အားကိုးရှာသည့် မျက်လုံးများနှင့် ကြည့်နေကြပါသည်။ အပိုပစ္စည်းမပါပဲ လူတစ်ဦးလျှင် အထုပ်တစ်ထုပ်သာ သယ်လာခဲ့ရသည့်အတွက် ကယ်တင်ရှင်များ၏ အလာကိုသာ စောင့်မျှော်နေကြရပါသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts