spot_img
Friday, March 29, 2024
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်ခရစ်နှစ်-၂၀၁၀၊ ကောဇာနှစ်-၁၃၇၂ ခုအတွက် ဗေဒင်ဟောကိန်းနှင့် ဖြစ်လာနိုင်သော နိုင်ငံရေးအခြေအနေ

    ခရစ်နှစ်-၂၀၁၀၊ ကောဇာနှစ်-၁၃၇၂ ခုအတွက် ဗေဒင်ဟောကိန်းနှင့် ဖြစ်လာနိုင်သော နိုင်ငံရေးအခြေအနေ

    -

    သုဓနု:

    ခရစ်နှစ်သက္ကရာဇ် ၂၀၁၀ ခု ဇန္နာဝါရီလ ၁၅ ရက်နေ့တွင် နေကြတ်ခဲ့သည်။ ဤနှစ်သည် တရုတ်ဗေဒင်အရ ကျားနှစ် ဖြစ်သည်။ ကောဇာသက္ကရာဇ် -၁၃၇၂ သည် ကဆုန်လတွင် သင်္ကြန်ကျသည်။ သင်္ကြန်အကျနေ့ နှင့် အတက်နေ့တို့သည် ပြဿဒါးရက် ဖြစ်နေပြန်သည်။ ၁၃၇၂ ခုနှစ်၏ သက်ရောက်နှစ်အတွက် မဟာဘုတ်အခြေခံ ကံဇာတာအနေအထား အပါအဝင်တို့အပေါ် အခြေပြုပြီး အမည်မဖေါ်လိုသူ ထင်ရှားသည့် ဗေဒင်ဗညာရှင်တစ်ဦးက အောက်ပါအတိုင်း ဟောကြားခဲ့သည်။

    ဇန္နာဝါရီလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် မြန်မာပြည်အပေါ် (၁၀) မိနစ်ကြာ (၂-အံစာခွဲ) နေကြတ်ခဲ့သည်။ မြန်မာပြည်၏ အလယ်တည့်တည့်ပေါ်မှ နေအရစ်ကြတ်မှု ဖြစ်ပေါ်ခဲ့သည်။ မြန်မာပြည် အလယ်ပိိုင်းဒေသတလျှောက်တွင် ထင်ရှားစွာ တွေ့မြင်ခဲ့ရသည်။ ဤသို့နေကြတ်ခဲ့ခြင်းကြောင့် မြန်မာပြည်အတွက် ဆိုးကျိုးကို ဖြစ်ပေါ်စေလိမ့်မည်။ အုပ်ချုပ်သူတွေအတွက် မကောင်းသလို အုပ်ချုပ်ခံ ပြည်သူတွေအတွက်လည်း မကောင်းပါ။ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံများအကြား ကြီးမားသောပြဿနာ ဖြစ်ပေါ်လာနိုင်သည်။ တနင်္ဂနွေနေ့ နာမည်ရှိသော အုပ်ချုပ်သူ အကြီးအကဲများအတွက် ကံကြမ္မာ ဆိုးဝါးစေနိုင်သည်။ နေကြတ်သည့်အချိန်ကာလသည် သာမန်ဖြစ်နေကျထက် မြင့်သဖြင့် ဖြစ်ပေါ်နိုင်သော ဆိုးဝါးမှုသည် ပြင်းထန်ကြမ်းတမ်းသော သဘောရှိသည်။ ထို့အပြင် ဆန် ရေ ရိက္ခာရှားပါးမှု အသီးအနှံအမျိုးအစားအချို့ အထွက်နည်းခြင်းများ ဖြစ်ပေါ်လာနိုင်သည်။

    တရုတ်ဗေဒင်အရ ကျားနှစ်ဖြစ်သည့်အတွက် ကျားတို့၏ သဘောအရ သွေးထွက်သံယို်ဖြစ်မှု၊ ခိုက်ရန်ဖြစ်ပွားမှု၊ ဆူပူအုံကြွမှု၊ စစ်ရေးတိုက်ခိုက်မှု စသည်တို့ ဖြစ်ပေါ်လာစရာ ရှိသည်။ အားကြီးသူ၊ လက်နက်ကိုင်ထားသူတွေက အားနည်းသူ၊ လက်နက်မဲ့သူတွေအပေါ် အနိုင်ကျင့်မှု ဖိနှိပ်မှုများ ရှိမည်။ အစိုးရအပြောင်းအလဲ ဖြစ်ခြင်း၊ ဘေးဒုက္ခအန္တရာယ် ကျရောက်ခြင်းများ ဖြစ်လာနိုင်သည်။ ဤကား မြန်မာပြည်မှာရော ကမ္ဘာ့နိုင်ငံများတွင်ပါ ဖြစ်လာနိုင်သည့် အခြေအနေ ဖြစ်သည်။

    ကဆုန်လတွင် သင်္ကြန်ကျခြင်းကြောင့် နိုင်ငံရေးအပြောင်းအလဲ၊ ခေါင်းဆောင်အပြောင်းအလဲတွေ ဖြစ်လာနိုင်သည်။ ပြည်သူများက ခေါင်းဆောင်ပြောင်းလဲဖို့ နိုင်ငံရေးစနစ် ပြောင်းလဲဖို့ တောင်းဆိုသည့် အုံကြွမှုများ ဖြစ်ပေါ်လာနိုင်သည်။ သင်္ကြန်ကျသော ဗုဒ္ဓဟူးနေ့သည်၎င်း၊ အတက်နေ့ သောကြာနေ့သည်၎င်း ပြဿဒါးရက် ဖြစ်နေသဖြင့် သင်္ကြန်ကို နှစ်သစ်ကူးအဖြစ် အသိအမှတ်ပြုထားသော နိုင်ငံများအတွက် ပြဿနာ ရှုပ်ထွေးမှု များပြားစေမည်။ တနှစ်တာပတ်လုံး ရှုပ်ထွေးနေရလိမ့်မည်။ သောကြာနေ့သည် နိုင်ငံအများအပြားတွင် ဘေးဆိုးအန္တရာယ် ဖြစ်ပေါ်စေတတ်သောနေ့အဖြစ် မှတ်ယူထားကြသဖြင့် သာမန်ထက် ကြီးမားသော ပြဿနာ ပဋ္ဋိပက္ခများနှင့် ရင်ဆိုင်ရဖွယ် ရှိသည်။ အုပ်စိုးသူနှင့် ပြည်သူများအကြား ပဋ္ဋိပက္ခဖြစ်ခြင်း အုပ်စိုးသူများအချင်းချင်းအကြားနှင့် ပြည်သူများအချင်းချင်းအကြားတွင်လည်း ပြဿနာပဋ္ဋိပက္ခများ ဖြစ်ပေါ်လာစရာ ရှိသည်။

    ၁၃၇၂ ခုနှစ်၏ သက်ရောက်ဇာတာ မဟာဘုတ်အခြေခံ ဗေဒင်သဘောအရ စနေ၊ တနင်္ဂနွေ၊ အင်္ဂါနေ့နံများသည် ပုတိ၊ ဘင်္ဂ၊ မရဏကိန်းတွင် ကျရောက်နေပြီး အောက်တန်း၊ အနိမ့်တန်းတွင် ရှိနေကြသည်။ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနေ့နံများသည် အဓိပတိ၊ ရာဇာ၊ အထွန်းတွင် ရှိနေ၍ အပေါ်တန်း အထက်တန်းတွင် ရှိသည်။ အောက်တန်း၊ အနိမ့်တန်း နေ့နံရှိ ခေါင်းဆောင်ပုဂ္ဂိုလ်များ၏ ကံဇာတာသည် အညံ့တွင် ရှိနေသလို ထိုနေ့နံရှိ ကုန်ပစ္စည်းများ ရှားပါးမည်။ ထို့အတူ အပေါ်တန်း အထက်တန်းနေ့နံရှိ ခေါင်းဆောင်များ ပုဂ္ဂိုလ်များ၏ ကံဇာတာကောင်းသလို ထို့နေ့နံပစ္စည်းများ ပေါများဖွယ် ရှိသည်။

    ဗေဒင်ဆရာက အနှစ်သဘော ဤသို့ဟောကြားလိုက်သည့်အပေါ် လက်တွေ့အခြေအနေနှင့် မိမိဆက်စပ်လေ့လာကြည့်သည့်အခါ အောက်ပါအတိုင်း သုံးသပ်မိပါသည်။

    ၂၀၀၄ ခုတွင် လကြတ်ခဲ့ပါသည်။ ထိုသို့ တနင်္လာဂြိုလ်ဖြစ်သော လကြတ်ခဲ့သဖြင့် တနလာင်္နံပိုင်ရှင် နိုင်ငံအကြီးအကဲ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီးခင်ညွန့် ရာထူးမှ ဖယ်ရှားခြင်း ခံလိုက်ရသည်။ အာဏာရှင်တို့၏ သဘာဝ တပည့်မွေး ဆရာရှာ အာဏာကို အုပ်စုဖြင့် တည်ဆောက်ထားကြသဖြင့် ၎င်း၏အုပ်စုဝင်များကိုပါ ဖယ်ရှားခဲ့သည်။ ဤတွင်စစ်ထောက်လှမ်းရေးအဖွဲ့မှ အကြီးတန်းအရာရှိ (၅၀) ခန့်နှင့် နောက်လိုက်နောက်ပါ တစ်ထောင်ကျော်တို့ကုုိ၎င်း၊ ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် နီးစပ်သူ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်၊ ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင်၊ လယ်ယာနှင့်ဆည်မြောင်းဝန်ကြီး ဗိုလ်ချုပ်ညွန့်တင်တို့ကို၎င်း ဗိုလ်ချုပ်ခင်ညွန့်၏သား ရဲနုုိင်ဝင်းနှင့် ဗိုလ်မှူးဇော်နိုင်ဦးတို့ကိ်ု၎င်း အမှုအမျိုးမျိုးစွဲပြီး ထိန်းသိမ်း ထောင်ချ နေရာမှဖယ်ရှားခဲ့သည်တို့ကို တွေ့ရသည်။

    ယခုနှစ် ၂၀၁၀တွင် နေကြတ်ခဲ့သည်။ နေဂြိုဟ်ဖြစ်သော တနင်္ဂနွေနေ့ နံပိုင်ရှင် မြန်မာ့စစ်ခေါင်းဆောင်များထဲတွင် မည်သူတွေ ရှိကြသနည်း။ ထင်ထင်ရှားရှား တွေ့မြင်နေရသည်မှာ ဒုဗိုလ်ချုပ်ကြီးမောင်အေး ရှိသည်။ ၎င်း၏ကံဇာတာသည် ကောဇာသက္ကရာဇ် သက်ရောက်နှစ်အရ အနိမ့်ပိုင်းအကျပိုင်းတွင် ရှိနေသည်။ အာဏာရှင်ကြီးတို့၏ သဘာဝ ၎င်းတို့၏နေရာတွင် ဝင်ရောက်လာမည့်လူ့ကို ၎င်းတို့၏သားသမီး သို့မဟုတ် တပည့်ရင်းများသာ ဖြစ်စေလိုသည်။ ပခုံးချင်းယှဉ်သူကို ပေးလိုသည့်ဆန္ဒ မရှိ။ ဒု-မှူးကြီးမောင်အေးသည် မှူးကြီးသန်းရွှေနှင့် အာဏာချိန်ခွင် ညှိနေသူ ဖြစ်သည်။ သူ၏အုပ်စုတွင် တိုင်းမှူး၊ တပ်မမှူး အများအပြား ရှိသည်။ ဤသို့ ပခုံးချင်းယှဉ်နေသည့် အနေအထားကို မှူးကြီးသန်းရွှေ မလိုလားသည်မှာ ကြာပြီ ဖြစ်သည်။ ထို့ကြောင့် ယ္ခုနှစ်နေကြတ်ခြင်းသည် ဒု-မှူးကြီးမောင်အေးအတွက် ဖြစ်လာလေမလား တွက်ဆစရာ ဖြစ်နေသည်။

    ဒု-မှူးကြီးမောင်အေးသည် ဗိုလ်ချုပ်ခင်ညွန့်ကဲ့သို့ လက်ကိုင်တပ်မရှိသော ဗိုလ်ချုပ်မဟုတ်။ သူသည်ဖယ်ရှားခြင်း ခံရသော် သူ့နောက်က ဖယ်ရှားခံရမည့် ဗိုလ်ချုပ်တွေ များစွာရှိသည်။ ၎င်းတို့က လွယ်လွယ်နှင့် အဖမ်းခံကြမည်လား။ မခံပါက ပေါက်ခွဲမှု ကြီးကြီးမားမား ဖြစ်ပေါ်လာနိုင်သည်။ ကျားတို့သဘောအရ ရန်မူမည်၊ စစ်ရေးပဋိပက္ခ ဖြစ်ပေါ်လာနိုင်သည်။ နေကြတ်သည့်အချိန်သည် သာမန်ထက် ကြာသဖြင့် ပြင်းထန်သည့်သဘော ရှိသည်။

    အခြားထင်ရှားသည့်တနင်္ဂနွေနံတို့မှာ- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၎င်း၏ဥက္ကဌ ဦးအောင်ရွှေတို့ ဖြစ်သည်။ အဖွဲ့သည်၄င်း ခေါင်းဆောင်သည်၄င်း တနင်္ဂနွေနံ ဖြစ်နေသည်။ လက်တွေ့အရလည်း လာမည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် စာရင်းမတင်၊ ဝင်ရောက်အရွေးခံမည် မဟုတ်ဟု ကြေညာထားသည်။ ဒုဥက္ကဌ ဦးတင်ဦးသည်၎င်း အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည်၎င်း ကောဇာသက်ရောက်ဇာတာအရ အနိမ့်တန်းတွင် ရှိနေသည်။ ရွေးကောက်ပွဲကိုဆန့်ကျင်နေသည့်အပေါ် စစ်အစိုးရနှင့် ထိပ်တိုက်တိုးဖွယ် ရှိသည်။ ၎င်းတို့တွင် ထောက်ခံမှုအင်အား ပြည်သူများစွာ ရှိသည်။ နိုင်ငံများစွာက ၎င်းတို့ကို အကာကွယ်ပေးရန် စောင့်ကြည့်နေသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် စစ်အစိုးရအကြား ဖြစ်ရှိနေသောပြဿနာသည် ညှိနှိုင်း၍ ရနိုင်သောအနေအထား မရှိ။ ပေါက်ကွဲလာနိုင်သည့် အနေအထားတွင် ရှိသည်။

    နောက်ထင်ရှားသည့် တနင်္ဂနွေနံတစ်ခုမှာ အပစ်အခတ်ရပ်စဲရေး ဖြစ်သည်။ “အ” အက္ခရာဖြင့်စသော တနင်္ဂနွေနံသည် အလားအလား မကောင်း၊ ဖြစ်ပျက်မည့် အလားအလာ ရှိသည်။ လက်တွေ့အရလည်း စစ်အစိုးရက နယ်ခြားစောင့်တပ် သို့မဟုတ် ပြည်သူ့စစ်အသွင်ပြောင်းခိုင်းနေသည်။ ၎င်းကို အပစ်အရပ်အဖွဲ့ကြီးများက လက်မခံနိုင်ပါ။ ထို့ကြောင့် အပစ်အခတ်ရပ်စဲရေးအခြေအနေသည် နိဂုံးချုပ်ဖွယ် ရှိနေသည်။ ၎င်းအပစ်အရပ်အဖွဲ့များကို စစ်အစိုးရဘက်က သွားရောက်တိုက်ခိုက်ပါက ပြင်းထန်းသော လက်နက်ကိုင်ပဋိပက္ခ သို့မဟုတ် ပြည်တွင်းစစ်မီး ထတောက်တော့မည်။ ကျားနှစ်၏ သဘောသဘာဝအရ သွေးထွက်သံယိုမှု၊ စစ်ရေးတိုက်ခိုက်မှု ဖြစ်လာစရာအကြောင်း ရှိသည်။ ပြည်သူများ စစ်ရေးစစ်ဒဏ် ခံရဖွယ်၊ စစ်ပြေးဒုက္ခသည်ဘဝ ရောက်ရဖွယ် မြင်သည်။

    အပစ်အရပ်အဖွဲ့များနှင့် စစ်ဖြစ်လျှင် နယ်စပ်တွင်သာ ဖြစ်မည်မဟုတ်။ အတွင်းပိုင်းမှာလည်း ဖြစ်နိုင်သည်။ ကောဇာခုနှစ်၏ မဟာဘုတ်ဗေဒင် သက်ရောက်နေ့နံအရ ကချင်၊ မွန်၊ ဝ၊ ရှမ်း တို့သည် အထက်တန်းတွင် ရှိနေကြသဖြင့် ဆုံးရှံးနစ်နာမှုများစွာ မရှိနိုင်၊ န အ ဖ စစ်အစိုးရအဖို့ အနိ်မ့်နံတွင် ကျရောက်နေသဖြင့် ပို၍ထိခိုက်နစ်နာကျဆုံးရဖွယ် ရှိသည်။ အပစ်ရပ်အဖွဲ့ဝင်များအား တိုက်ခိုက်ချေမှုန်းနိုင်ဖွယ် ရှိမည်မဟုတ်ပါ။

    ကဆုန်လတွင် သင်္ကြန်ကျခြင်း၏ ဖြစ်တတ်သောသဘောအရ နိုင်ငံရေးအပြောင်းအလဲ သို့မဟုတ် ခေါင်းဆောင်အပြောင်းအလဲ ဖြစ်လာဖွယ် ရှိသည်။ အနိမ့်ဆုံး ထိုသို့ဖြစ်ရန် တောင်းဆိုအုံကြွမှုများ ရှိလာလိမ့်မည်။ ၁၉၆၂ ခုက ကဆုန်လတွင် သင်္ကြန်ကျခဲ့ရာ စစ်အဏာသိမ်းမှု ဖြစ်ပေါ်ခဲ့သည်။ ၂၀၀၇ (၁၃၆၉) ခုတွင် သင်္ကြန်အတက်နေ့သည် ကဆုန်လဆန်းတစ်ရက် ဖြစ်ခဲ့သည်။ သင်္ကြန်၏အဖျားပိုင်းမျှသာ ကဆုန်လအတွင်း ကျရောက်ခဲ့သည်။ ထိုမျှနှင့်ပင် (၈၈) ကျောင်းသားဟောင်းများ၏ ကုန်စျေးနှုန်းကျဆင်းမှု ဆန္ဒပြပွဲ၊ သံဃာထုကြီး၏ကျယ်ပြန့်သော ဆန္ဒပြပွဲများ ဖြစ်ပေါ်လာခဲ့သည်။ ယ္ခုနှစ်တွင် အကြိုရက်မှစ၍ သင်္ကြန်ရက်များအားလုံးသည် ကဆုန်လထဲတွင် ဖြစ်နေသည်။ ထို့ကြောင့်အုပ်စိုးသူများ သို့မဟုတ် အုပ်ချုပ်ရေး စံနစ်ယန္တရားတခုလုံး အပြောင်းအလဲ ဖြစ်လာဖွယ် ရှိသည်။ ဖြစ်နိုင်ချေ အလားအလာကို သုံးသပ်ကြည့်ပါက သင်္ကြန်ကို နှစ်သစ်ကူးအဖြစ် အသိအမှတ်ပြုထားသောနိုင်ငံ တခုဖြစ်သည့် ထိုင်းနိုင်ငံတွင် ရှပ်နီဝတ် ပြည်သူများနှင့် အဏာရအစိုးရအကြား ပြဿနာပြင်းထန်နေသည်။ လူ (၂၀) ကျော် သေဆုံးခဲ့ရပြီး လွှတ်တော်နှင့် အစိုးရဖျက်သိမ်းရဖွယ် ရှိနေသည်။ ကမ္ဘောဒီးယားနိုင်ငံနှင့် နယ်စပ်တွင် သေနတ်သံများ ကြားနေရသည်။

    မြန်မာပြည်တွင်ကား သင်္ကြန်အကြတ်နေ့တွင် ရန်ကုန်မြို့ ကန်တော်ကြီးအနီးရှိ ရေကစားမဏ္ဍာပ်တစ်ခု ဗုံး (၃) လုံး ပေါက်ကွဲခဲ့ရာ လူ (၈) ဦးသေ၊ (၁၇၀) ခန့် ဒဏ်ရာရခဲ့ကြောင်း ကြားသိရသည်။ သင်္ကြန်အတက်နေ့ နံနက်ပိုင်းတွင် မန္တလေးမြို့၌ လေပြင်းတိုက်သဖြင့် ရေကစားမဏ္ဍာပ် အများအပြား ပျက်စီးခဲ့ရသည်။ နှစ်သစ်ကူးနေ့တွင် ကချင်ပြည်နယ် မေခနှင့် မလိခမြစ်နှစ်သွယ်ဆုံရာ ဧရာဝတီမြစ်ဆုံရေကာတာ တည်ဆောက်ရာ၌ ဗုံး (၄) လုံး ပေါက်ခဲ့ပြန်သည်။ အသေအပျောက်စာရင်း မသိရသော်လည်း အပျက်အစီးအချို့ ရှိခဲ့သည်။ ၁၃၇၂ ခုကို အမြောက်သံ ဗုံးသံများဖြင့် နိဒါန်းပျိုးနေကြောင်း ပြသခဲ့သည်။ ထို့ကြောင့် ၁၃၇၂ ခု၏ အလားအလာသည် စိုးရိမ်ဖွယ် အလွန်ကောင်းနေပါသည်။ ခရစ်နှစ် ၂၀၁၀ အကူး နှစ်သစ်ကူးနေ့တွင်လည်း မွန်ပြည်နယ် မော်လမြိုင်မြို့ နှင့် ရေးမြို့အကြား ကားလမ်းမပေါ်နှင့် ကားလမ်းဘေးတို့တွင် ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး အမှတ်အသားများစွာကို တွေ့ရှိခဲ့ရသည်။ ထိုသို့နိဒါန်းစခဲ့ရာမှ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ ထွက်လာသောအခါ အများပြည်သူနှင့် နိုင်ငံရေးအဖွဲ့ အစည်းအများအပြားတို့ လက်မခံနိုင်သော အချက်များကို တွေ့ရှိလာရသည်။ ထို့ကြောင့်ရွေးကောက်ပွဲ၏ အလားအလာသည် အပေါင်းလက္ခဏာ၊ နတ်လူသာဓု ခေါ်နိုင်မည့် အလားအလာ မရှိပါ။

    အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့တခွင်ကို လေ့လာကြည့်ပြန်သောအခါ သင်္ကြန်အကြို ဧပြီ (၁၃) ရက်နေ့၌ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် လေပြင်းတိုက်သဖြင့် လူ (၁၀၀) ကျော် သေဆုံးခဲ့ရသည်။ သင်္ကြန်အကျနေ့ (၁၄) ရက်နေ့၌ တရုတ်ပြည်အနောက်မြောက်ပိုင်း တိဘက်ဒေသတွင် ငလျှင်လှုပ်ခဲ့ရာ လူ (၂၀၀၀) ကျော် သေဆုံးပြီး (၁၀၀၀၀) ကျော် ဒဏ်ရာရခဲ့ကြသည်။ ၄င်းသင်္ကြန်ရက်အတွင်း အိိုက်စ်လန်နိုင်ငံတွင် မီးတောင်ပေါက်ကွဲခဲ့ရာ ဥရောပအနောက်ပိုင်းနိုင်ငံများ တလွှားတွင် မီးခိုးနှင့် ပြာများ ဖုံးလွှမ်းသွားသဖြင့် လေယာဉ်ခရီးစဉ်များကို ၄-၅ ရက်မျှ ပိတ်ထားခဲ့ရသည်။ ဤအဖြစ်အပျက်များသည်လည်း မြန်မာတို့နှစ်သစ် ၁၃၇၂ ခုအတွက် အဆိုးလက္ခဏာ နိဒါန်းအစများ ဖြစ်လေမလား တွေးပူစရာ ဖြစ်နေရပါသည်။

    မည်သို့ဆိုစေ ဗေဒင်ဆရာ၏ တွေ့ရှိဟော်ကားချက်များသည် မြန်မာ့လောက ကမ္ဘာ့လောကအပေါ် ကျရောက်လာနိုင်သော အကောင်းအဆိုး ကံကြမ္မာရှိလာနိုင်သည် ဖြစ်သောကြောင့် သုံးသပ်ချင့်ချိန် ပြင်ဆင်ထားနိုင်ရန် တင်ပြလိုက်ပါသည်။ တိုင်းရင်းသားလူမျိုးစုံပြည်သူအပေါင်း ဘယာဘေး ကင်းဝေးနိုင်ပါစေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts