spot_img
Friday, March 29, 2024
More
    spot_img
    Homeမေးမြန်းချက်သူတပါးလူမျိုးကို ဖိနှိပ်ရင် ကိုယ့်လူမျိုးလည်း မလွတ်လပ်ဘူး

    သူတပါးလူမျိုးကို ဖိနှိပ်ရင် ကိုယ့်လူမျိုးလည်း မလွတ်လပ်ဘူး

    -

    နိုင်အာကာ:
    ပြည်ထောင်စုနေ့နှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာနဲ့ တွေ့ဆုံမေးမြန်းဖြေဆိုချက်

    မေး။ ။ ပြည်ထောင်စုနေ့နဲ့ တိုင်းရင်းသား တို့အကြား ဆက်စပ်မှုကို ရှင်းပြပေးပါ?

    ဖြေ။ ။ ပြည်ထောင်စုနေ့ဆိုတာ ပင်လုံစာ ချုပ် ချုပ်ဆိုတဲ့နေ့ကို အစွဲပြတာဖြစ်တယ်။ ပင်လုံ စာချုပ် ချုပ်ဆိုတာကတော့ ဗမာ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကချင်၊ ချင်း၊ ရှမ်းအမျိုးသားခေါင်းဆောင်တွေအကြား ပူးတွဲပြီး ကိုယ်ပိုင်ဌာန်းခွင့်ရှိတဲ့ ပြည်နယ်တွေနဲ့ ပြည်ထောင်စု နိုင်ငံတခု ထူထောင်ဖို့ သဘောတူချုပ်ဆိုတဲ့ ကတိသစ္စာပြုခြင်း ဖြစ်တယ်။

    မေး။ ။ ဟိုတုံးက ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ် အပေါ် ဘယ်လိုမြင်ပါသလဲ?

    ဖြေ။ ။ ဒီလိုစာချုပ်ဖြစ်ခဲ့လို့ ကျနော်တို့ပြည် ထောင်စုဟာ အခုလိုဧရိယာ အကျယ်အဝန်း မျိုးနဲ့ ဖြစ်လာရတာပါ။ တကယ်လို့ ဒီလိုမလုပ်ခဲ့ရင် ရှမ်းပြည်နယ် ကချင်ပြည်နယ်တွေမပါတဲ့ တပိုင်းပြတ်နေတဲ့ နိုင်ငံပဲ ဖြစ်နေပါလိမ့်မယ်။ သဘောတူညီချက်ထဲမှာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ပြည်ထောင်စုမူအရ ပူးပေါင်းရေးဖြစ်တယ်။ အဲဒီတုံးက ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့စကားတစ်ခွန်းက မှတ်သားဖို့ကောင်းသလို ဒီနေ့လူတွေ အသိအမှတ်ပြုဖို့ လိုတယ်။ ဗိုလ်ချုပ်က – ”ဗမာတွေ အင်္ဂလိပ်ကျန် မဖြစ်ချင်သလို ရှမ်းတွေ ကချင်တွေကိုလည်း အင်္ဂလိပ်ကျွန် မဖြစ်စေချင်ဘူး။ ထို့အတူ ဗမာ့ကျွန်လည်း မဖြစ်စေရဘူး” လို့ ပြောခဲ့တယ်။ ဟိုတုံးက ခေါင်းဆောင်တွေ အမြင်ကျယ်ပြီး သဘောထားကြီးကြလို့ စုစည်းနိုင်ခဲ့တာကို နောက်လူတွေ လေးစားတန်ဘိုးထားသင့်တယ်လို့ မြင်တယ်။

    မေး။ ။ လွတ်လပ်ရေးရပြီးနောက်ပိုင်း အာဏာရ ဖဆပလအစိုးရအနေနဲ့ ပင်လုံစာချုပ်ကို ဘယ်လိုသဘောထားလာပါသလဲ?

    ဖြေ။ ။ လွတ်လပ်ရေးရပြီးနောက် အာဏာရလာတဲ့ ဖဆပလအစိုးရဟာ ဗိုလ်ချုပ်အောင်ဆန်း မရှိတော့လို့ ဗိုလ်ချုပ်ချုပ်ဆိုခဲ့တဲ့ စာချုပ်ကို မျက်ကွယ်ပြုပြီး ဗမာတွေ စိုးမိုးချုပ်ကိုင်နိုင်တဲ့ အတုအယောင်ပြည်ထောင်စုမျိုးကို တည်ဆောက်လာခဲ့တယ်။ ချင်း၊ ကချင်၊ ရှမ်းတွေကို ပြည်နယ်တွေ ဝိသေသတိုင်းတွေ သတ်မှတ်ပေးထားပေမဲ့ ဗမာက ပြည်မယူပြီး ပြည်နယ်တွေအပေါ် စိုးမိုးချုပ်ကိုင်ထားခဲ့တယ်။ ပင်လုံစာချုပ် ချုပ်ဆိုတာမှာ ပါဝင်ခွင့်မရှိခဲ့တဲ့ ကရင်တွေ မွန်တွေ ရခိုင်တွေအပေါ်မှာတော့ လူမျိုးတရပ်အနေနဲ့တောင် သဘောမထားဘဲ ဗမာအောက်မှာထားပြီး ဝါးမျိုခဲ့တာကြောင့် လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်ခဲ့ရတယ်။

    မေး။ ။ ၆၂ – ခုနှစ် စစ်အာဏာသိမ်းတာကစပြီး အခုအထိ တိုင်းရင်းသားတွေရဲ့အခဏ်းကဏ္ဍ ဘယ်လိုရှိပါသလဲ?

    ဖြေ။ ။ ၆၂ – ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းတာဟာ တိုင်းရင်းသားတွေ လွှတ်တော်ပါလီမာန်ထဲကနေ သူတို့အခွင့်အရေးတွေနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ စုပေါင်းတောင်းဆိုခဲ့တာကို မပေးချင်လို့ တိုင်းပြည် ပြိုကွဲတော့မယ်ဆိုပြီး အာဏာသိမ်းတာ ဖြစ်တယ်။ အာဏာသိမ်းပြီးတဲ့နောက်မှာ ပြည်နယ်တွေရဲ့ အခွင့်အာဏာတွေကို လျော့ချပြီး စစ်ဗိုလ်တွေက ဝင်ရောက်ချုပ်ကိုင်ခဲ့တယ်။ ၆၃ – ခုနှစ်မှာ ဟန်ပြတွေ့ဆုံဆွေးနွေးရေးခေါ်ပေမဲ့ လက်နက်ချခိုင်းတာမျိုးဘဲ ပြောလာတယ်။ ဒါကို တိုင်းရင်းသားတွေဘက်က လက်မခံတော့ တပ်တိုးချဲ့ပြီး စစ်ဆင်ရေးတွေ အပြင်းအထန် လုပ်လာတယ်။ စစ်ရေးနည်းနဲ့ မဟာလူမျိုးကြီးဝါဒကို အကောင်အထည်ဖေါ်ခဲ့တယ်။ တဖက်ကလည်း မြန်မာ့ဆိုရှယ်လစ်အမည်ခံပြီး တပါတီအာဏာရှင်စနစ်ကို ကျင့်သုံးခဲ့တယ်။ ဒီလိုစစ်အာဏာရှင်စနစ်ကို ကျင့်သုံးလာခဲ့လို့ လူမျိုးရေးအရ လွတ်လပ်နေတဲ့ ဗမာတွေဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအခွင့်အရေးတွေ ဆုံးရှုံးလာခဲ့ရတယ်။ ဒီမဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ကြောင့် ပြည်တွင်းစစ် ကျယ်ပြန့်လာပြီး လူမျိုးစုအခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေ ဆုံးရှုံးရတယ်။ တိုင်းပြည်လည်း တရစ်ပြီးတရစ် မွဲပြာကျလာခဲ့ရတယ်။ ဒီနေ့တော့ ဗမာတွေလည်း ဒီဒဏ်ကို အပြင်းအထန် ခံနေရပြီ။ ကျနော်တို့နိုင်ငံမှာ တန်ဘိုးကြီးတဲ့ သဘာဝသယံဇာတတွေ မျိုးစုံ ကုံလုံကြွယ်ဝပေမဲ့ အာဏာရ အထက်တန်းလွှာတွေက လွဲပြီး လူမျိုးစုံပြည်သူတွေ ဆင်းရဲဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေကြရတာ အားလုံးအသိ ဖြစ်တယ်။

    မေး။ ။ အခုလက်ရှိ ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုတွေအနေနဲ့ စစ်မှန်တဲ့ပြည်ထောင်စုစနစ်ကို လိုလားတယ်လို့ ထင်ပါသလား?

    ဖြေ။ ။ ပြည်တွင်းပြည်ပမှာရှိတဲ့ ဒီမိုကရေစီအင်အားစုတွေထဲက အများစုဟာ အမျိုးသား တန်းတူညီမျှခြင်းမရှိတဲ့ အာဏာရသူတွေ ကျင့်သုံးနေတဲ့ မဟာလူမျိုးကြီးဝါဒကြောင့် ဒီလိုအမျိုး သားစည်းလုံးညီညွှတ်ရေး ပျက်ပြားခဲ့ရပြီး ပြည်တွင်းစစ် ဖြစ်ခဲ့ရတာတွေ၊ ပြည်တွင်းစစ်ကို အခြြေူပုပြီး စစ်အာဏာရှင်စနစ် ပေါ်ပေါက်လာခဲ့ရတာကြောင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရတာတွေ၊ ပြီးတော့ ပြည်သူအများစု ဆင်းရဲဒုက္ခရောက်ခဲ့ရပြီး တိုင်းပြည် ခေတ်နောက်ကျခဲ့ရတာတွေကို သိလာကြပြီ။ ဒါကြောင့် အများစုက စစ်မှန်တဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို နားလည်လက်ခံလာကြပါပြီ။

    မေး။ ။ တိုင်းရင်းသားတွေ လိုလားတဲ့ ပြည်ထောင်စုဆိုတာကော ဘယ်အပေါ်မှာ အခြေခံပါသလဲ?

    ဖြေ။ ။ တိုင်းရင်းသားတွေ လိုလားတဲ့ ပြည်ထောင်စုပုံစံက လူမျိုးတမျိုးထဲက အခွင့်ထူးယူပြီး ကျန်လူမျိုးတွေအပေါ် လွှမ်းမိုးခြင်းမရှိတဲ့၊ အမျိုးသားရေးအရ တန်းတူပြီး ကိုယ်ပိုင်ပြဌာန်းခွင့် ရှိတဲ့ ပြည်နယ်ပေါင်းစု ပြည်ထောင်စု တနည်းအားဖြင့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ လိုလားနေကြတာ ဖြစ်တယ်။

    မေး။ ။ ပင်လုံစာချုပ်တုန်းက ဗမာကိုယ်စားလှယ်နဲ့ ကချင်၊ ချင်း၊ ရှမ်း ကိုယ်စားလှယ်တွေပဲ ပါဝင်ကြတယ်။ အဲဒီတုံးက လွတ်လပ်ရေးလဲ မရသေးတော့ ယေဘုယျသဘော အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ပြည်ထောင်စုပုံစံကို တည်ဆောက်ဖို့ သဘောတူညီကြခြင်း ဖြစ်တယ်။ တောင်ကြီးညီလာခံကတော့ လွတ်လပ်ရေးရပြီး ဆယ်နှစ်ကျော်ကျော်အကြာမှာ ပြည်ထောင်စုပုံစံမကျတဲ့ ဟန်ပြပြည်ထောင်စုကို ပြုပြင်ပြီး ပြည်ထောင်စုပုံစံကျကျ ပြန်လည်တည်ဆောက်ဖို့ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း အဖိနှိပ်ခံတိုင်းရင်းသားတွေ အားလုံးပါဝင်တဲ့ ညီလာခံ ဖြစ်တယ်။ အဲဒီမှာ အခွင့်အာဏာတွေကို ပိုမိုအသေးစိပ်ဖေါ်ပြပြီး အဲဒီအတိုင်း ကျင့်သုံး ဖေါ်ဆောင်နိုင်ဖို့ ညှိနှိုင်းချမှတ်တာ ဖြစ်တယ်။

    မေး။ ။ တိုင်းရင်းသားတွေ အခွင့်အရေးမရဘူးဆိုရင် မြန်မာ့နိုင်ငံရေးအခြေအနေ ဘယ်လို ဆက်ဖြစ်သွားနိုင်မယ်လို့ ထင်ပါသလဲ?

    ဖြေ။ ။ တိုင်းရင်းသားတွေဟာလည်း ဗမာတွေလိုပဲ မျိုးချစ်စိတ် ရှိကြတာပါပဲ။ ဗမာတွေ အင်္ဂလိပ်၊ ဂျပန်တွေအောက်မှာ မနေချင်လို့ ရုန်းကန် တော်လှန်ကြသလို တိုင်းရင်းသားတွေလည်း ရုန်းကန်ကြမှာပါပဲ။ ဒီသဘောကို ဗမာတွေအနေနဲ့ ကိုယ်ချင်းစာ နားလည်ပြီး အဖြေရှာသင့်တယ်။ တကယ်လို့ ဆက်ပြီးဖိနှိပ်ဝါးမျိုနေမယ်ဆိုရင် အနိမ့်ဆုံးတော့ ပြည်တွင်းစစ်သံသရာက လွတ်ကင်းနိုင်မှာ မဟုတ်ဘူး။ ပြည်တွင်းစစ် ဖြစ်နေရင် စစ်တပ်ကို အားကိုးနေရမယ်။ စစ်ဗိုလ်တွေ သြဇာရှိနေမယ်၊ ဒါကြောင့် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေဦးမှာပဲ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ဆိတ်သုဉ်းနေလိမ့်ဦးမယ်။ စီးပွားရေးဘက်မှာလည်း မွဲပြာကျမြဲ ကျနေပါလိမ့်မယ်။ အစိုးရဝန်ထမ်း အထူးသဖြင့် လက်နက်ကိုင်ထားသူတွေ စာရိတ္တပျက်ပြားပြီး အာဏာကို အလွဲသုံးစား ကျင့်သုံးမယ်။ အဲဒီလိုအာဏာပိုင်တွေ ပိုမိုအခြေခိုင်လာပါလိမ့်မယ်။ ဒီပုံမျိုးနဲ့ ကြာနေရင် ပြင်ဖို့ လွယ်မှာ မဟုတ်သလို နောက်ဆုံးမှာ ထိန်းမနိုင် သိမ်းမရ ပြိုကွဲပျက်စီးသွားတဲ့အထိ ဖြစ်သွားနိုင်တယ်လို့ ကျနော်မြင်တယ်။ ဒီမှာ နိုင်ငံရေးခေါင်းဆောင်တွေ ပြောခဲ့တဲ့စကားတစ်ခွန်းကို ကျနော် ပြောပြချင်တယ် ”သူတပါးလူမျိုးကို ဖိနှိပ်ရင် ကိုယ့်လူမျိုးလည်း မလွတ်လပ်ဘူး” ဆိုတာပါပဲ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts